ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၃) - အရှင်သီလာနန္ဒာဘိဝံသ


သရဏဂမနကို နားလည်

‘သရဏဂမန’ဆိုတာ အမှန် နားလည်ရမယ်။

‘သရဏ’ဆိုတာ ဘာလဲ?
‘ဂမန’ဆိုတာ ဘာလဲ?
‘သရဏဂမန’ဆိုတာ ဘာလဲ?

‘သရဏ’ဆိုတာ ကိုးကွယ်ရာ ပုဂ္ဂိုလ်၊ ဘေးရန်အပေါင်းကို ဖျက်ဆီးပေးတတ်တဲ့ ပုဂ္ဂိုလ်ကို ဖြစ်ဖြစ်၊ တရားကိုပဲ ဖြစ်ဖြစ်၊ အဲဒါကို သရဏလို့ ခေါ်တယ်။

‘သရဏဂမန’ဆိုတာက အဲဒီ ဘေးရန်အပေါင်းကို ဖျက်ဆီးပေးတတ်တဲ့ ပုဂ္ဂိုလ် ဒါမှမဟုတ် တရားကို ကိုးကွယ်တာကို သရဏဂမနလို့ ခေါ်တယ်။ ဒါကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုတာမျိုးပေါ့။ အဲဒါဟာ သရဏဂမနပဲ။

သရဏဂုံအမျိုးမျိုး ရှိတယ်။

မိမိကိုယ်ကို စွန့်လှူပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်သွားတယ်။
အရှင်ဘုရားကိုသာ ကိုးကွယ်ရာရှိပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်သွားတယ်။
ဒါမှမဟုတ် အရှင်ဘုရားကို ဆရာအဖြစ်နဲ့ အသိအမှတ်ပြုပါတယ်လို့ ပြောလိုက်ရင်လည်း သရဏဂုံ တည်တာပဲ။
ဘုရား တရား သံဃာမှတစ်ပါး ရှိခိုးမှု၊ ကိုးကွယ်မှု မပြုလုပ်တော့ပါဘူးလို့ ပြောလိုက်ရင်လည်း ဖြစ်တာပဲ။


သရဏဂုံယူတော့ ဘာအကျိုးရှိသလဲ

သရဏဂုံယူတော့ ဘာအကျိုးရှိသလဲလို့ မေးရင် လောကုတ္တရာသရဏဂုံ တည်လျှင် မဂ်ဖိုလ်ရတဲ့သူဟာ ဒုက္ခခပ်သိမ်း ကင်းငြိမ်းကာ ရဟန္တာဖြစ်သွားပြီးတော့ ဘဝဇာတ်သိမ်းသွားရတယ်ဆိုတဲ့ အကျိုး ရှိတယ်။

လောကီသရဏဂုံကျတော့ ကောင်းရာမွန်ရာ ရောက်တာ။ ဒါဟာ လောကီသရဏဂုံရဲ့ အကျိုးပဲ။ ဖြစ်တဲ့ဘဝမှာ စည်းစိမ်ချမ်းသာ ကြွယ်ဝချမ်းသာမှုမျိုး စသည်တို့ဟာ လောကီသရဏဂုံရဲ့ အကျိုးပဲ။

အဲဒီမှာ ဘုရားဟောထားတဲ့ ဂါထာတစ်ပုဒ် ရှိတယ်။

ယေကေစိ ဗုဒ္ဓံ သရဏံ ဂတာသေ၊
န တေ ဂမိဿန္တိ အပါယဘူမိံ။
ပဟာယ မာနုသံ ဒေဟံ၊
ဒေဝကာယံ ပရိပူရေဿန္တိ။

အဲဒီ ဂါထာကို တိုက်ရိုက် အဓိပ္ပာယ်ပြန်မယ်ဆိုရင် “မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အပါယ်ဘုံသို့ မလား မရောက်ကြဘူး”တဲ့။ သေသည့်တိုင်အောင် သရဏဂုံမြဲနေရင်ပေါ့။

ဒီဂါထာအရ သရဏဂုံ တည်မြဲခြင်းရဲ့ အကျိုးက အပါယ်မကျဘူး။ နတ်ပြည်ရောက်မယ်။

အဲဒီ သရဏဂုံဟာ မပျက်ပေမယ့် သရဏဂုံကို ခံယူတဲ့အခါ နားမလည်ရင်၊ နောက် … သံသယဖြစ်နေရင် စသည်ဖြင့် သရဏဂုံ ညစ်နွမ်းတယ်။


စမ်းသပ်စစ်ဆေး လက်ခံကျင့်သုံး

ဘုရားဟောထားတာ တစ်ခုရှိတယ်။ ဘာပဲဖြစ်ဖြစ် အရမ်းမယုံနဲ့။ ကိုယ်တိုင် တွေ့ရှိ နားလည်ပြီးတော့မှ ဟုတ်သည် မဟုတ်သည်ကို ဆုံးဖြတ်ပြီး ကောင်းတာဆိုရင် လိုက်နာ ကျင့်သုံးမယ်။ မကောင်းတဲ့ဟာဆိုရင် ပယ်ရမယ်လို့။

အဲဒီတော့ တစ်ခါတလေကျရင် တို့ဗုဒ္ဓဘာသာမှာ တို့ကတော့ လက်မလေး ထောင်ထောင်ပြီး ပြောကြတယ်။

“ဗုဒ္ဓဘာသာမှာ Blind faith မျက်ကန်းယုံကြည်မှုဆိုတာ မရှိဘူး။ ကိုယ်ကိုယ်တိုင် နားလည်ပြီး ကိုယ်ကိုယ်တိုင် သိမှ။ မှန်တော့ မှန်တယ်။
ဒါပေမယ်လို့ တစ်ခါတလေကျတော့ Blind ဘလိုင်း မဟုတ်ဘူး ထင်တယ်။ ဒါပေမယ်လို့ Faith ဘုရားကို ယုံကြည်ပြီးတော့ … သူက … အမှန်လို့ ယူရတာတွေ အများကြီး ရှိတယ်။
မင်းတို့ အပြောလွန်မှာ စိုးလို့ ပြောတာ။ ကိုယ်က အပြောလွန်သွားတော့ သူများက ဝင်ပြီး ထိုးလိုက်ရင် မဖြေနိုင် ဖြစ်သွားမယ်။”

အဲဒီတော့ ကံ ကံရဲ့အကျိုးတဲ့။ ဒါလည်း တို့ဘုရားကို ယုံပြီးတော့ ယုံနေရတာ။ ကိုယ်ကိုယ်တိုင် သိလား၊ ကိုယ်ကိုယ်တိုင် မြင်လား၊ အကုသိုလ်ကံပြုလို့ အကုသိုလ်အကျိုး ရတယ်၊ ကုသိုလ်ကံပြုလို့ ကုသိုလ်အကျိုး ရတယ်ဆိုတာကို ကိုယ်တိုင် မမြင်ဘူး၊ မသိဘူး မဟုတ်လား။

ဒါပေမယ့် ဘုရားဟောထားတဲ့ ကျမ်းဂန်တွေ ရှိတယ်။ ဒါတွေကို ကြည့်ပြီး တို့က “ဘုရားဆိုတာ မဟုတ်မမှန်တဲ့ စကား ဘယ်တော့မှ မပြောဘူး”လို့ မြတ်စွာဘုရားအပေါ်မှာ ယုံကြည်ပြီးတော့ တို့တတွေကလည်း ဒါကို အမှန်လို့ ယူဆပြီးတော့ သူများလက်ထဲ တစ်ဆင့်ရောက်ဖို့ ဟောပြောနေတာ ဟုတ်တယ် … မဟုတ်လား။

ကောင်းတာ လုပ်ရင် ကောင်းတဲ့ အကျိုး ရတယ်။ မကောင်းတာ လုပ်ရင် မကောင်းတဲ့ အကျိုး ရတယ်။ အတိအကျတော့ မြင်တာ မဟုတ်ဘူး။ ဒါပေမယ့် လောကမှာ ဒီလိုပဲ ဖြစ်ပျက်နေတယ်။ ဒီလောကီအလို Thinking တွေးတော ကြံဆခြင်း အနေနဲ့ သွားတာ။ Intuitive knowledge အနေနဲ့ မသိဘူး။

ထို့အတူပဲ နောက်ဘဝ ရှိတယ်ဆိုတာလည်းပဲ ဘုရားဟောတာကို လေးစား ယုံကြည်ပြီး တို့က ပြောနေတာ။


ယံုၾကည္တယ္ဆိုတာ

နောက်ဘဝရှိတယ်ဆိုတာ တကယ်မြင်တဲ့လူ … တို့ကျောင်းမှာတောင် ရှိတယ်။ ဆရာတော် ဦးသောဘဏဆိုတာ … သူရဲ့ နောက်ဘဝကို မှတ်မိနေတယ်။ အဲဒီလို ဘုန်းကြီးမျိုးကျတော့ ဘယ်လိုမှ ငြင်းလို့ မရဘူး။

ဒါပေမယ့် တချို့ လူဝင်စားတွေကျပြန်တော့ များသောအားဖြင့် နောက်တုန်းက ဘာဖြစ်ခဲ့တယ်ဆိုတာ မသိကြဘူး။ ရှေ့ဘဝဆိုတာလည်း မသိကြဘူး။

ဒါပေမယ့် မြတ်စွာဘုရား ဟောထားတယ်လို့ လေးစား ယုံကြည်ပြီးတော့ “မြတ်စွာဘုရားက ဘယ်တော့မှ မဟုတ် မမှန်တဲ့ စကားကို မပြောဘူး။ မှန်ကန်တဲ့ စကားကိုပဲ ပြောတာ”လို့ ယုံကြည်ကြတာ။ အဲဒါတွေကျတော့ We have to take on faith.

တဖက်ကလည်း အမြဲတမ်း ဘုရားဟောတာပဲလို့ လက်ခံပြီး ယုံနေမလား ဆိုတော့ … ကိုယ်ကိုယ်တိုင် နားလည်အောင် ဘုရားက နည်းပေးထားတယ်။ အဘိညာဉ် (စျာန်) ရအောင် အားထုတ်ရင် နောက်ဘဝတွေ မြင်နိုင်တယ်။ သတ္တဝါတွေ တစ်ဘဝက သေပြီး တစ်ဘဝ ဖြစ်နေတာလည်း မြင်မယ်။ ဒါဟာ ဘုရားမှ မြင်နိုင်တာ မဟုတ်ဘူး။ သာဝကတွေလည်း မြင်နိုင်တယ်။ အဲဒီလို အဘိညာဉ်ရအောင် အားထုတ်ပြီးတော့ ထားမယ်ဆိုရင်တော့ ကိုယ်ကိုယ်တိုင် သိသွားပြီ။

ဥပမာ - Atom အကြောင်း မင်းတို့ … ငါ့ကို ပြောပြတတ်လား။ မင်းတို့ … ပြောပြတတ်တယ် မဟုတ်လား။ ပရိုတွန်တို့ နျူထရွန်တို့ အီလက်ထရွန်တွေ ပတ်သွားနေတာပဲလို့ သူတို့ ပြောနေတာ မဟုတ်လား။ အဲဒါကိုကော တကယ်သိလို့ ပြောနေတာလား။ မဟုတ်ပါဘူး။ စာအုပ်ထဲ ဖတ်ပြီး သိထားလို့ ပြောနေတာပါ။ အဲဒီလိုပေါ့။


ဘုရားကို အားကိုးၿပီး ယံုရတာ

မြတ်စွာဘုရားကို စိတ်ချပြီး ယုံကြည်ရတဲ့ ကိစ္စတွေလည်း တို့ဗုဒ္ဓဘာသာမှာ ရှိတယ်။

ဒါပေမယ်လို့ ဘာပဲပြောပြော တချို့ဟာတွေမှာကျတော့ ဟုတ်တယ်။ ‘ကိလေသာကင်းတယ်’ဆိုတဲ့ အဓိပ္ပာယ်ဆိုပါတော့။
ဒါကို ပုဏ္ဏားတစ်ယောက်က မေးလျှောက်တယ်။

သန္ဒိဋ္ဌိက = မျက်မှောက် တွေ့မြင်နိုင်တဲ့ အကျိုးဆိုတာ ဘယ်လိုဟာမျိုးလဲ? တဲ့။

ဥပမာ စဉ်းစားကြည့်စမ်းပါ။ တစ်ချိန်မှာ မင်း … ကုသိုလ်စိတ်တွေ ဖြစ်နေရင် အဲဒီအချိန်မှာ အကုသိုလ်စိတ်တွေ ရှိလားလို့ မေးရင် ဘယ်လို ဖြေမလဲ။ အကုသိုလ်စိတ်တွေ မရှိဘူး မဟုတ်လား။

ဒါဟာ ကိုယ်တွေ့တရားပဲ။ အဲဒါမျိုးကျတော့ သူများ သွားပြီး ယုံစရာ မလိုဘူး။ ကိုယ်ကိုယ်တိုင် သိနိုင်တယ်။

ကိုယ့်ဘာသာ ကိုယ်ပြန်ပြီး စဉ်းစားကြည့်လိုက်။ ငါ့ရဲ့စိတ်ဟာ ကောင်းတဲ့စိတ် ဖြစ်နေသလား။ မကောင်းတဲ့စိတ် ဖြစ်နေတာလား။
ကောင်းတဲ့စိတ် ဖြစ်နေရင် ကုသိုလ်ဖြစ်နေတယ်။ အကုသိုလ် မဖြစ်ဘူးပေါ့။
အကုသိုလ်စိတ်ဖြစ်နေရင် ကုသိုလ်စိတ် သူ့မှာ မရှိဘူး။ မဖြစ်ဘူးပေါ့။

ဒါတွေက ကိုယ်တိုင် သိနိုင်တာ။ သူများကို မေးစရာ မလိုဘူး။

ဒါကြောင့် တချို့ဟာတွေကျတော့ လက်လှမ်းမမီသေးလို့ပေါ့နော်။ သူတို့တတွေ ရေးကြတဲ့ ပြောကြတဲ့ အီလက်ထရွန်နစ်စကုပ် ခေါ်လား … အဲဒီဟာတွေနဲ့ မလုပ်နိုင်သေးလို့ သူတို့ ရေးထားတာနဲ့ပဲ တို့က ကျေနပ်ပြီးတော့ ယုံနေရတယ်။ တစ်နေ့ သူတို့လိုပဲ တတ်မြောက်ခဲ့လို့ လုပ်နိုင်ခဲ့ရင် အဲဒီအခါကျတော့ တို့လည်း သူတို့လိုပဲ လုပ်နိုင်မှာပေါ့။

အဲဒီလို အဘိညာဉ်ဆိုတာ ရအောင် မလုပ်နိုင်သေးလို့ မြတ်စွာဘုရား ဟောထားတာတွေပဲ တို့တတွေက ယုံနေတယ်။ တို့ကိုယ်တိုင် တကယ် အားထုတ်လို့ အဘိညာဉ်တွေရရင်တော့ ဘယ်သူပြောတာကိုမှ ယုံစရာ မလိုတော့ဘူး။ ကိုယ်တိုင် မြင်သွားပြီ၊ ဟုတ်ပြီလား။

ဒါကြောင့် ရှေးတုန်းက … မြတ်စွာဘုရားလက်ထက်က ရဟန္တာတွေကို ယုံကြည်မှု မရှိတဲ့ ပုဂ္ဂိုလ်တွေလို့ သုံးထားတဲ့ စကားလုံး တစ်လုံး ရှိတယ်။ ရုတ်တရက် အမှတ်တမဲ့ဆိုရင်တော့ အလွန်ရင့်သီးတဲ့ စကားလုံး တစ်လုံးပေါ့။ သဒ္ဓါ မရှိဘူး။ ယုံကြည်မှု မရှိဘူး။ ရဟန္တာပုဂ္ဂိုလ်တွေမှာ သဒ္ဓါတရား မရှိဘူးပေါ့။

ဆိုလိုတာကတော့ သူများကို ယုံကြည်နေတာမျိုး မရှိဘူး။ သူတစ်ပါး အပြောနဲ့ ယုံကြည်မှု မရှိဘူး။ ကိုယ်ကိုယ်တိုင် တရားသိပြီး နိဗ္ဗာန်ကို ကိုယ်တိုင် မြင်ထားလို့ပဲ။ သူများ စကားအရ ယုံစရာ မလိုတော့ဘူး။ သူကိုယ်တိုင် မြင်သွားပြီ။

ဒါကြောင့် ရဟန္တာပုဂ္ဂိုလ်ကို တစ်ခါတလေ “အသဒ္ဓပုဂ္ဂိုလ်” – “ယုံကြည်မှု သဒ္ဓါတရား မရှိတဲ့ ပုဂ္ဂိုလ်”လို့ ဘာသာပြန်ပြီး ခေါ်ကြတယ်။

အမှန်ကတော့ သူတစ်ပါးရဲ့ ယုံကြည်မှုနောက်ကို လိုက်ပြီး ယုံကြည်ရတာ မဟုတ်ဘူး။
ကိုယ်ကိုယ်တိုင် သိပြီး ကိုယ်ကိုယ်တိုင် ဆုံးဖြတ်နိုင်ပြီး ကိုယ့်ယုံကြည်မှု အပြည့်အဝ ရှိနေတာကြောင့် သူတစ်ပါးကို အားကိုးစရာ မလိုတော့ဘူးပေါ့။


အကြောင်းအကျိုး အကောင်းအဆိုးမှ ကင်းသူ

မြတ်စွာဘုရားရှင်က “ရဟန္တာပုဂ္ဂိုလ်တို့မည်သည် ကုသိုလ် အကုသိုလ် မရှိကြသော်လည်း ပုထုဇဉ်လောကသားများကဲ့သို့ပင် ရတနာသုံးပါး၌ အလွန် ရိုသေ လေးစားမှု ကြီးမားတော်မူကြသည်”လို့ မဇ္စျိမပဏ္ဏာသအဋ္ဌကထာမှာ ဆိုထားတယ်။

ရဟန္တာပုဂ္ဂိုလ်များ ဒါန စသော ကောင်းမှု ကုသိုလ် ပြုကြသည်။ သို့သော် ဆန္ဒ ရာဂ ကင်းသည်၏ အဖြစ်ကြောင့် ရဟန္တာများ ပြုလုပ်သော ကောင်းမှုဒါန ကောင်းမှုကုသိုလ်တို့သည် ကုသိုလ်ဟု မခေါ်ဆိုထိုက်ဘဲ ကြိယာဟု ခေါ်ဆိုထိုက်ကြောင်း ဥပရိပဏ္ဏာသအဋ္ဌကထာမှာ ပြဆိုထားပါတယ်။ အကြောင်းရင်းမှာ နောက်ထပ် ဘဝသစ် မရှိကြတော့လို့ပါပဲ။

ရဟန္တာပုဂ္ဂိုလ်တို့တွင် အကုသိုလ် အပြုအမူမျိုး လုံးဝ မရှိတော့သဖြင့် အကုသိုလ်ကံ မရှိကြောင်း ထင်ရှားပါသည်။ ထို့အတူ ကုသိုလ်ပြုကြသော်လည်း ကုသိုလ်မဖြစ်တော့ပေ။ ပြုခြင်း ကြိယာမျှသာ ဖြစ်ပါသည်။
သို့သော် ကုသိုလ်ကောင်းမှုကား ပြုကြပါသည်။

ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက သီလဝန္တ သုတဝန္တသုတ္တန်ဒေသနာမှာ ရဟန္တာပုဂ္ဂိုလ်များ ကုသိုလ်မရှိဘူးဆိုတာ ကုသိုလ်အမှုကို ပြုကြပေမယ့် အဝိဇ္ဇာ မရှိတဲ့အတွက် အကျိုးပေးတဲ့ ကုသိုလ်ကံ မဖြစ်ဘဲ အကျိုးမပေးတဲ့ ကြိယာမျှသာ ဖြစ်တယ်။
ဒါပေမယ်လို့ ကောင်းမှုအမျိုးမျိုး ပြုတယ်။ ဘုရားကို ရိုသေတယ်။ တရားဟောတယ်။ တရားနာတယ်။ ဒုက္ခရောက်နေသူတွေကို ကယ်တယ်လို့ ဟောထားပါတယ်။

ဒါကြောင့် ဒီနေ့ သရဏဂုံနဲ့ ပတ်သက်ပြီး နားလည်စရာလေးတွေ ဒီလောက်ဆိုရင် အတော်လေး ပြည့်စုံသွားပါပြီ။


+++++
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ