ကိုးကွယ်တယ်ဆိုတာ ဘာလဲ (၂) - အရှင်သီလာနန္ဒာဘိဝံသ


ေလာကုတၱရာသရဏဂံု

သရဏဂုံဟာ အကျဉ်းအားဖြင့် နှစ်မျိုးရှိတယ်။
လောကုတ္တရာသရဏဂုံ၊ လောကီသရဏဂုံဆိုပြီး နှစ်မျိုး ရှိတယ်။

လောကုတ္တရာသရဏဂုံဆိုတာက တရားထူးရတယ်၊ အရိယာဖြစ်တယ်၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်, ရဟန္တာဖြစ်သွားတယ်ဆိုတဲ့ အသုံးရှိတယ်။ အဲဒီ တရားထူးရတဲ့ အခိုက်အတန့်မှာ အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်တစ်ခု ဖြစ်တယ်။ အဲဒီစိတ်ကို မဂ်စိတ်လို့ ခေါ်တယ်။ မဂ်ရယ် ဖိုလ်ရယ်လို့ ရှိတယ်။ အဲဒါ တရားထူးရတဲ့ အချိန်မှာ ဖြစ်တဲ့ စိတ်၊ ဝိပဿနာရှုမှတ်တဲ့အခါ ဉာဏ်တွေ အဆင့်ဆင့် မြင့်တက်ပြီး အဲဒီ တရားထူး ပေါ်လာတာပေါ့လေ။

အဲဒီ တရားထူး ရတဲ့အချိန် အဲဒီပုဂ္ဂိုလ်ရဲ့ သန္တာန်မှာ စိတ်တစ်မျိုး ဖြစ်တယ်။
ဘယ်တုန်းကမှ မဖြစ်ဖူးသေးတဲ့ စိတ်တစ်မျိုး ဖြစ်တယ်။ အဲဒီ စိတ်ကို မဂ်စိတ်လို့ ခေါ်တယ်။ အဲဒီ မဂ်စိတ်က နိဗ္ဗာန်ကို တိုက်ရိုက် အာရုံပြုတယ်။ အဲဒီ မဂ်စိတ်က ကိလေသာတွေကို ပယ်နိုင်တယ်။ နှစ်မျိုး ရှိတယ်။ မဂ်စိတ်က နိဗ္ဗာန်ကို အာရုံ ပြုပြီး၊ ကိလေသာတွေကို ပယ်တယ်။

အဲဒီ မဂ်စိတ် အခိုက်အတန့်မှာ ဖြစ်တဲ့ သရဏဂုံကို လောကုတ္တရာသရဏဂုံလို့ ခေါ်တယ်။

ဒါက အနည်းဆုံး သောတာပန်ဖြစ်မှ လောကုတ္တရာသရဏဂုံကို ရမယ်။

အဲဒီ မဂ်အခိုက်အတန့်မှာ သစ္စာကို မြင်ပြီးတော့ ကိလေသာကို ပယ်တဲ့ စိတ် ဖြစ်တယ်။ အဲဒီစိတ်ဖြစ်တဲ့အခါမှာ အဲဒီစိတ်နဲ့အတူတူ ဖြစ်တဲ့ ကိုးကွယ်မှု၊ ဘုရားအပေါ် ယုံကြည်မှု၊ အဲဒါကို လောကုတ္တရာသရဏဂုံလို့ ခေါ်တယ်။

ကိလေသာကို ပယ်တယ်ဆိုတာ ရိုးရိုး ကုသိုလ်နဲ့လည်း ကိလေသာကို ပယ်နိုင်တာပဲ။
ဘုရားရှိခိုးတဲ့အခါ ကိလေသာ မရှိဘူး။ ဒါလဲ ကိလေသာ ပယ်တာပဲ။

ဝိပဿနာနဲ့လည်းပဲ ကိလေသာကို ပယ်နိုင်တာပဲ။ တရားထိုင်တဲ့အခါ ကိလေသာ မရှိဘူး။
အဲဒါ ကိလေသာပယ်တယ် ခေါ်တယ်။
ဒါကတော့ ခေတ္တ ကိလေသာ ပယ်ထားတာ။

မဂ်နဲ့ပယ်တာကတော့ အပြီးသတ် ပယ်တယ်။
မဂ်နဲ့ပယ်ပြီး ကိလေသာက အဲဒီပုဂ္ဂိုလ်သန္တာန်မှာ ဘယ်တော့မှ ပြန်မဖြစ်တော့ဘူး။
မဂ်စိတ်နဲ့ ကိလေသာပယ်တယ်ဆိုတာ နောက် ဘယ်တော့မှ ပြန်မဖြစ်နိုင်အောင် ပယ်တာ။
အဲဒါ လောကုတ္တရာသရဏဂုံလို့ ခေါ်တယ်။


ေလာကီသရဏဂံု

လောကီသရဏဂုံကတော့ ခုနက ပြောခဲ့တဲ့အတိုင်းပေါ့လေ။ ပုထုဇဉ်တွေရဲ့ သန္တာန်မှာ ဖြစ်တဲ့ မြတ်စွာဘုရားအပေါ်မှာ ယုံကြည်တဲ့ စိတ်ပေါ့။
ဒီစိတ်ဖြစ်တဲ့အခါမှာ လောကီသရဏဂုံ ဖြစ်တယ်။

လောကီသရဏဂုံဖြစ်တဲ့အခါမှာလည်းပဲ ကိလေသာကိုတော့ ပယ်တာပဲ။ ဒါက ခေတ္တခဏ ပယ်တာ။

ကိလေသာပယ်ပုံ သုံးမျိုး ရှိတယ်။

၁။ တဒင်္ဂပဟာန် = တစ်ခဏ ပယ်တာကို တဒဂ်ပဟာန်လို့ ခေါ်တယ်။

အဲဒီ တဒင်္ဂပဟာန်နဲ့ ပယ်တာကျတော့ အစားထိုးလုပ်တဲ့ သဘော။ ကုသိုလ်လုပ်တဲ့အခါ အကုသိုလ် မဖြစ်ဘူးပေါ့။ တဒင်္ဂပယ်တာ။ အဲဒီ ကုသိုလ်ချုပ်သွားပြီးတဲ့နောက် အကုသိုလ် ပေါ်ချင် ပေါ်မှာပဲ။

၂။ ဝိက္ခမ႓နပဟာန် = ဒါကတော့ ခွာထားတယ်လို့ အဓိပ္ပာယ် ရှိတယ်။

တဒင်္ဂထက် ကြာကြာ ပယ်နိုင်တယ်။ အဲဒီ ဝိက္ခမ႓နပဟာန်က ဘာနဲ့ တူသလဲဆိုတော့ မှော်တောထဲ ကျွဲတိုးသွားသလိုပဲတဲ့။
ကျွဲတိုးသွားတဲ့အခါမှာ မှော်တွေ ကျဲသွားပြီးတော့ အဲဒီမှော်တွေက တော်တော်နဲ့ ပြန်မစေ့ဘူး။ နောက်တစ်ချိန်တော့ ပြန်စေ့သွားတာပေါ့။ အဲဒီလို ခပ်ကြာကြာလေး ပယ်ထားတာကို ဝိက္ခမ႓နပဟာန်နဲ့ ပယ်တယ်လို့ သုံးတယ်။

၃။ သမုစ္ဆေဒပဟာန် ဆိုတာကတော့ အကြွင်းမဲ့ ဖြတ်လိုက်တယ်။

အကြွင်းမဲ့ ဖြတ်တယ်ဆိုတော့ နောက်ဘယ်တော့မှ မပေါ်တော့ဘူး။ ဒါကြောင့် ဘုရား ရဟန္တာတွေဆီမှာ အဲဒီ ကိလေသာတွေကို အကြွင်းမဲ့ ပယ်သတ်ထားတာမို့ အဲဒီ ပုဂ္ဂိုလ်တွေရဲ့ သန္တာန်မှာ လောဘ ဒေါသ မောဟ မဖြစ်တော့ဘူး။ ဘယ်လောက် လိုချင်စရာ နှစ်သက်စရာ အာရုံတွေနဲ့ တွေ့တွေ့ မလိုချင်တော့ဘူး၊ မစွဲလမ်းတော့ဘူး။
အဲဒါ ကိလေသာကို အပြီး ပယ်သတ်ထားလို့ပဲ။

ပယ်တာ သုံးမျိုးအနက် လောကီသရဏဂုံက ကိလေသာကို တဒင်္ဂအားဖြင့် ပယ်တယ်။ ဝိက္ခမ႓နပဟာန်လို့ ဆိုချင်လည်း ဆိုနိုင်တယ်။
တကယ်တော့ ဝိက္ခမ႓နပဟာန်ဆိုတာ စျာန်ရတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပယ်ခြင်းမျိုးပဲ။ စျာန်ရထားတော့ ကိလေသာ ရုတ်တရက် ပြန်မဖြစ်ဘူး။ ခပ်ကြာကြာလေး ဟန့်တားနိုင်တဲ့ သဘော ရှိတယ်။


လောကီသရဏဂုံ အမျိုးမျိုး

လောကီသရဏဂုံမှာ ဘုရား တရား သံဃာကို ယုံကြည်မှု ရတယ်။ အဲဒီ ယုံကြည်မှုကို အကြောင်းပြုပြီးတော့ မှန်ကန်သော အမြင်၊ မှန်ကန်သော အယူ ကိုယ့်မှာ ရတယ်။ ဒါ လောကီသရဏဂုံပဲ။

အဲဒီ သရဏဂုံကို ဖော်ပြတဲ့အခါမှာ နည်းအမျိုးမျိုး ရှိတယ်။

သိသာရုံမျှ ပြောကြပါစို့။

တို့ယူနေတာ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ တစ်မျိုးပဲ သုံးကြတယ်။

တစ်ခါတလေ ဘယ်လို ဖြစ်နိုင်သလဲဆိုရင် ‘ဘုရားကို ကိုးကွယ်ပါတယ်’လို့ ကိုယ်က မပြောဘူး။ မပြောဘဲနဲ့ “ဒီကနေ့က စပြီး တပည့်တော်၏ ရုပ်နာမ်ခန္ဓာကို ဘုရားကို စွန့်လှူပါ၏။ တရားကို စွန့်လှူပါ၏။ သံဃာကို စွန့်လှူပါ၏”လို့ ဆိုရင်လည်းပဲ ဒါသရဏဂုံ ခံယူတာ တစ်မျိုးပေါ့။

နောက်တစ်ခုကတော့ “တပည့်တော် မြတ်စွာဘုရားသာလျှင် ကိုးကွယ်ရာ ရှိပါတယ်။ တရားသာလျှင် အားထားမှီခိုရာ လဲလျောင်းရာ ရှိပါတယ်။ သံဃာသာလျှင် အားထားမှီခိုရာ လဲလျောင်းရာ ရှိပါတယ်”လို့ ဆိုရင်လည်းပဲ ခုနက “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ”နဲ့ အတူတူပဲ။

ဒီလိုမှ မဟုတ်လည်း “မြတ်စွာဘုရားရဲ့ တပည့်ဖြစ်ပါတယ်။ တရားတော်ရဲ့ တပည့်ဖြစ်ပါတယ်။ သံဃာတော်ရဲ့ တပည့်ဖြစ်ပါတယ်”လို့ ဒီလိုဆိုလိုက်ရင်လည်း သရဏဂုံယူပြီးသား ဖြစ်တယ်။

နောက်တစ်မျိုးက “တပည့်တော်သည် ဒီကနေ့က စပြီးတော့ ဘုရား, တရား, သံဃာမှတပါး အခြား မည်သူ့ကိုမျှ ရှိခိုးခြင်း၊ အရိုအသေပြုခြင်း မလုပ်တော့ပါဘူး”လို့ အဲဒီလို ဆိုရင်လည်းပဲ ဒါ သရဏဂုံယူပြီးသား ဖြစ်တာပဲ။

အဲဒီတော့ သရဏဂုံယူရာမှာ အမျိုးမျိုး ရှိတယ်။

ခု ဘုန်းကြီးပြောခဲ့တာ ၄-မျိုး ရှိပြီ။
၁။ ပထမတစ်မျိုးက ကိုယ့်ကိုယ်ကို စွန့်တာ။
၂။ ဒုတိယတစ်မျိုးက မြတ်စွာဘုရားသာ လဲလျောင်းရာ ရှိတယ်လို့ ဆိုတာ။
၃။ တတိယကတော့ တပည့်ခံတာပေါ့။
၄။ စတုတ္ထကတော့ ရတနာသုံးပါးမှတပါး ရှိခိုးခြင်း၊ အရိုအသေပြုခြင်းတွေ မလုပ်ပါဘူး လျှောက်တာ။
အဲဒီ လေးမျိုး ရှိတယ်။

ဒီလိုမှ မဟုတ်လည်း “တပည့်တော်သည် မြတ်စွာဘုရားကို အသက်ဆုံးသည့်တိုင်အောင် ခန္ဓာကိုယ်ကို စွန့်လှူပါ၏”လို့ ဒီလို ပြောတာတွေလည်း ရှိတယ်။

အဲဒီတော့ ဒီနေရာမှာ ပြောချင်တာလေး တစ်ခု ရှိတယ်။ ‘ဒီကနေ့က စပြီးတော့ ဘုရား တရား သံဃာကို ကိုးကွယ်ပါတယ်’ ဆိုပြီးတော့ လိုက်ဆိုခိုင်းတာ ရှိတယ်။ တောင်ပုလုဆရာတော်ကြီးက အဲဒီလို ချ,ချပေးတယ် မဟုတ်လား။

‘အဇ္ဇ အာဒိံ ကတွာ ...’ စသည်ဖြင့်ပေါ့လေ။ ဘုန်းကြီးကတော့ အဲဒါ သိပ်ပြီးတော့ စိတ်ထဲမှာ ဘဝင်မကျဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ အဇ္ဇ အာဒိံ ကတွာ ... ဆိုတာက ‘ယနေ့ကို အစပြု၍’တဲ့။ ဒါက ဒီနေ့မှ ဘုရားနဲ့ တွေ့ပြီး ဘုရားကို ကြည်ညိုတဲ့လူအတွက်တော့ ဟုတ်တယ်။ ဗုဒ္ဓဘာသာ ဒီနေ့မှ စပြီး ဖြစ်တဲ့သူက ဒါကို ဆိုရင်တော့ အဓိပ္ပာယ် ရှိတယ်။
မွေးလာကတည်းက ဗုဒ္ဓဘာသာဖြစ်လာတဲ့သူက ဒီကနေ့မှ ဒါကို ဆိုတော့ ဟိုးအရင်က မင်းတို့ ... ဘုရားကို မကိုးကွယ်ရာ ကျတယ်။ ဒါကြောင့် ‘အဇ္ဇ အာဒိံ ကတွာ’ဆိုတာကို ဘုန်းကြီးတော့ သိပ်ပြီး ဘဝင် မကျဘူး။

ဘာကြောင့်လဲဆိုရင် ကိုယ်သရဏဂုံ မြဲခဲ့တာက ဒီကနေ့မှ မြဲခဲ့တာ မဟုတ်ပဲကိုး။
ဒီကနေ့ အထပ်ထပ် ဆိုတာကတော့ မြဲရာ သံပါတ်ဆိုတာလိုပေါ့ ... ဟုတ်လား။ ပိုမိုပြီး ခိုင်မြဲအောင်လို့ ဆိုတာပါ။ နေ့တိုင်း ဆိုနေတာကိုး။ တစ်ကြိမ်တစ်ခါတည်း ဆိုထားလည်းပဲ စိတ်ထဲ အမြဲရှိနေရင် သရဏဂုံတည်နေတာပဲ။ ဒါကြောင့် အဲဒီ ‘အဇ္ဇ အာဒိံ ကတွာ’ဆိုတာ ဘုန်းကြီးရဲ့ စိတ်ထဲမှာတော့ သိပ်ဘဝင် မကျချင်ဘူး။

စာထဲမှာ ပါတာတွေကျတော့ မြတ်စွာဘုရားနဲ့ တွေ့တယ်။ မြတ်စွာဘုရားက တရားဟောတဲ့အခါကျတော့ သဘောကျပြီး ‘တပည့်တော်ကို ယနေ့မှ စပြီး အသက်ဆုံးသည့်တိုင်အောင် ဘုရားကို ကိုးကွယ်တဲ့ ဥပါသကာအဖြစ် မှတ်တော်မူပါ ဘုရား’လို့ ဒီလို ရှိနေတာကိုး။

သူက အစက ဗုဒ္ဓဘာသာ မဟုတ်ဘူး။ ခုမှ ဘုရားနဲ့ တွေ့ပြီး ကြည်ညိုလို့ ခုမှ ဖြစ်တာ။ ဒါက သဘာဝကျတယ်။
တို့က မွေးလာကတည်းက ဗုဒ္ဗဘာသာဖြစ်လာတာ။ အဲဒါ ခုမှ ဘုရားကိုးကွယ်ပါ၏ဆိုတော့ စကားကပ်စရာတွေ ဖြစ်လာတယ်။

ပြီးတော့ အခြားနည်းတွေလည်း ရှိသေးတယ်ပေါ့လေ။ ဒီ လေးနည်းပဲ မင်းတို့ မှတ်ထားကြ။ ဒီလေးနည်းက တစ်ခုခုနဲ့ ယူရင်လည်းပဲ သရဏဂုံယူပြီးသား ဖြစ်တာပဲ။ ဒါမှ မဟုတ်လို့ ဆိုနေကျအတိုင်း ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ’လို့ ဆိုရင်လည်း သရဏဂုံယူပြီး ဖြစ်တာပါပဲ။

သို့သော် ငါပြောသလို အဓိပ္ပာယ်လေး နားလည်အောင်တော့ လုပ်ပါ။

ဗုဒၶံ သရဏံ ဂစၧာမိ
ဓမၼံ သရဏံ ဂစၧာမိ
သံဃံ သရဏံ ဂစ္ဆာမိ … လို့ ဆိုရင်

ဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏။
တရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏။
သံဃာကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ သိမှတ်ပါ၏ … လို့ အဲဒါလေးတွေကို သိနေပါစေ။

အဲဒါဆိုရင် သရဏဂုံစစ်စစ် မင်းတို့ ရမယ်။

သရဏဂုံတည်နေသမျှ ကာလပတ်လုံး မင်းတို့ကို ဗုဒ္ဓဘာသာလို့ မှတ်ရမယ်။

ဗုဒ္ဓဘာသာဆိုတာ ဘုရားလက်ထက်က မရှိခဲ့ဘူးပေါ့။
ဘုရားတပည့်ပဲ ရှိတယ်။ ဘုရား၏ ဥပါသက = ဥပါသကာ လို့ ခေါ်တယ်။

‘ဥပါသက’ဆိုတာ ‘ဘုရား တရား သံဃာကို ကိုးကွယ် ဆည်းကပ်တဲ့ ပုဂ္ဂိုလ်’ကို ‘ဥပါသက’လို့ ဆိုတယ်။
ရတနာသုံးပါး ကိုးကွယ် ဆည်းကပ်တဲ့ ပုဂ္ဂိုလ်။

သရဏဂုံ တည်နေသမျှ ကာလပတ်လုံး ဥပါသက = ဥပါသကာ လို့ ခေါ်တယ်။

အမျိုးသားကို ဥပါသကာ၊ အမျိုးသမီးကို ဥပါသိကာ လို့ ဒီလို ခွဲခေါ်တယ်။


သရဏဂုံ ဘယ်ခါပျက်

သရဏဂုံ ယူထားလို့ ဥပါသကာ၊ ဥပါသိကာ ဖြစ်နေပြီ ဆိုပါစို့။ ဥပမာ - မင်းတို့မှာ ရှိတဲ့ ဆွေမျိုးထဲက အခြား ဘာသာဝင် ဘုန်းကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အဲဒီဘုန်းကြီးကို မင်းတို့ ရှိခိုးမယ်။ သူက ငါ့ဆွေမျိုးပဲဆိုပြီး ရှိခိုးတယ်။ အဲဒါ သရဏဂုံ မပျက်ဘူး။

ဘာကြောင့်လဲဆိုတော့ အဲဒီ ဘုန်းကြီးကို ရှိခိုးတယ် အရိုအသေပေးတယ် ဆိုပါစို့။ သူ့ကို ကိုးကွယ်တဲ့အနေနဲ့ ရှိခိုးတာ မဟုတ်ဘူး။ ဆွေမျိုးမို့ ရှိခိုးတာ သရဏဂုံ မပျက်ဘူး။

မင်းတို့ကို ပညာသင်ပေးဖူးတယ်။ ဒါကြောင့် သူ့ကို အရိုအသေ ပြုတယ်။ ရှိခိုးတယ်။ ဒါလဲ မပျက်ဘူး။

နောက် သူ့ကို အရိုအသေ မပေးရင် ငါ့ကို အန္တရာယ် ပြုချင် ပြုမှာ။ မဖြစ်ဘူး။ ရှိလေးတော့ ခိုးဦးမှ ဆိုပြီးတော့ ရှိခိုးတယ်။ ရှေးတုန်းက ဘုရင်တွေကို ရှိခိုးတာ အဲဒါပေါ့။ ဘယ်ရှိခိုးချင်မလဲ? လူလူချင်းပဲ။ ဒါပေမယ့် သူ့ကို ရှိမခိုးရင် ဒုက္ခပေးနိုင်တယ်။ ဒါကြောင့် ရှိခိုးရတာ။ အဲဒီလို ရှိခိုးရင်ကော ပျက်သလားဆိုတော့ မပျက်ဘူးနော်။

ဘယ်လို ရှိခိုးရင်တော့ ပျက်မလဲ?
ကိုးကွယ် ဆည်းကပ်တဲ့အနေနဲ့ ရှိခိုးရင်တော့ သရဏဂုံပျက်သွားမယ်။ ဟိုတစ်ဖက်ကို လက်ခံလိုက်တဲ့သဘော ဖြစ်သွားမယ်။ အဲဒါလည်း မင်းတို့ မှတ်ထား။

ဒါကြောင့် တခြား ဘာသာခြားဆရာတွေ ဘာတွေကို အရိုအသေပေးတာ ကိစ္စမရှိဘူး။ သူတို့ကို ကျေးဇူးတင်တဲ့ အနေနဲ့ ရှိခိုးတယ်။ ကြောက်လို့ ရှိခိုးတယ်။ ဆွေမျိုးဖြစ်လို့ ရှိခိုးတယ်။ ဒီလိုသာ လုပ်တာကိုး။

သူတို့ကို ကိုးကွယ်ရာ၊ သံသရာ ဝဋ်ဆင်းရဲမှ ထွက်မြောက်တဲ့ ပုဂ္ဂိုလ်အဖြစ် ဒီလို ယူဆပြီးတော့ ရှိခိုးတာ မဟုတ်ဘူး။

အဲဒါကြောင့်မို့လို့ သရဏဂုံ ယူတယ်ဆိုရင်လည်းပဲ လောကမှာ အမြတ်ဆုံး ပုဂ္ဂိုလ်ပဲ။ သို့မဟုတ် ငါ့ကို ကောင်းရာ ကောင်းကြောင်း လောကုတ္တရာနဲ့ ပတ်သက်ပြီးတော့ ညွှန်ပြတတ်တဲ့ ပုဂ္ဂိုလ်ပဲလို့ ဒီလို ယုံကြည်ပြီးတော့ ရှိခိုးတာမျိုးကို သရဏဂုံယူတယ်လို့ ခေါ်တယ်။

တစ်နေ့က ကိစ္စတစ်ခု ရှိတယ်။ ပြောတော့ ပြောရမှာပေါ့နော်။ သားက ခရစ်ယာန်ဖြစ်နေတယ်။ အဖေကြီးဆုံးတော့ တို့ကို ပင့်လို့ သွားတော့ … မီးရှို့ခါနီးပေါ့လေ။ သယ်သွားခါနီးကျတော့ … ကဲ မင်းတို့အားလုံး ကန်တော့ကြ ကန်တော့ကြလို့ ဆိုတော့ သားနဲ့ မြေးက မကန်တော့ဘူးပေါ့ကွာ။ ရှိမခိုးဘူးပေါ့။ ဒူးထောက်တော့ ထိုင်နေကြတာပေါ့။

ဘုန်းကြီးကလည်း ရိပ်မိပါတယ်။ သြော် … သူတို့ ခရစ်ယာန်ဖြစ်လို့ ရှိမခိုးတာဘဲလို့။ ဘုန်းကြီးက ပြောချင်တယ်။ ဒါပေမယ့် အချိန်ကလည်း ပြောစရာ မဟုတ်တော့ …။

‘ကိုယ့်အဖေဖြစ်လို့ ရှိခိုးတယ်။ မင်းတို့ ခရစ်ယာန်ဘာသာ သရဏဂုံ မပျက်ပါဘူး’လို့ ဘုန်းကြီးက ပြောချင်တယ်။ ပျက်မယ် မထင်ပါဘူး နော်။

ခရစ်ယာန်မှာ ပညတ်တော် ၁၀ ပါးထဲမှာ ပါတယ် မဟုတ်လား။ ငါမှတစ်ပါး တခြားဘုရားကို မကိုးကွယ်ရဘူးလို့ ပါတယ်။ အဲဒါကြောင့်မို့ ခရစ်ယာန်တွေက ဘုရားမှတစ်ပါး ဘယ်သူ့ကိုမှ ရှိမခိုးရဘူး။ ဘုန်းကြီးလည်း ရှိမခိုးရဘူး။ မိဘလည်း ရှိမခိုးရဘူး။ အဲဒီလို ဘုန်းကြီး ထင်တယ်။

သူတို့ကို ကိုးကွယ်တဲ့အနေနဲ့ သူ့ဘာသာကို လိုက်နာကျင့်သုံးတဲ့အနေနဲ့ ရှိခိုးရင်တော့ ဟုတ်တာပေါ့။
ကိုယ့်အဖေကြီးတစ်ယောက် သေသွားတယ်။ ကိုယ့်ကျေးဇူးရှင်အဖေဆိုတာ ခရစ်ယာန်ဖြစ်ဖြစ်၊ မွတ်ဆလင်ဖြစ်ဖြစ်၊ သားနဲ့အမိ၊ မိဘနဲ့သားသမီး ဆိုတာကတော့ ကျေးဇူးများတာပဲ။ ဒီလောက် ကျေးဇူးများတဲ့ အဖေကို ဝတ်ချတာလေး မလုပ်နိုင်ဘူး။ မလုပ်ရဘူးဆိုရင် တော်တော်ကြီး ရိုင်းသွားတယ်။

ကိုယ် ခရစ်ယာန် ဖြစ်နေတာနဲ့ပဲ ကိုယ့်အပေါ် အလွန်ကျေးဇူးကြီးတဲ့ အဖေရင်းကို အရိုအသေ မပေးလိုက်ရဘူး။ ဝမ်းနည်းစရာကြီးလို့ အောက်မေ့တယ်။ ဒါ မှားတဲ့ အယူရှိတယ်လို့ ထင်တာပဲ။ ဒါဟာ မကောင်းတဲ့ အယူပဲလို့ ပြောလိုက်ချင်ပါတယ်။

ဒါကိုလည်းပဲ နားလည်ထားကြရမယ်။ တို့ ဗုဒ္ဓဘာသာဝင်တွေက တခြားဘာသာဝင် ဘုန်းကြီးတွေ တွေ့ရင် ပြေလည်အောင် ဆက်ဆံနိုင်တယ်။ ရှိခိုးစရာလည်း ရှိခိုးလိုက်တာပဲ။ ဘုရားနဲ့ … တပည့်တော်နဲ့ စသည်ဖြင့်လည်း အလိုက်အထိုက် ပြောလိုက်တာပဲ။
ခရစ်ယာန်တွေကျတော့ တစ်မျိုး။ ခင်ဗျားနဲ့ ကျွန်တော်နဲ့ လုပ်တော့တာပဲ။ တပည့်တော် ဘာညာ … ပြောရမှာ သိတယ်။ မပြောဘူး။ သူတို့က မြန်မာပြည်မှာတောင် ရှိတယ်။ ဒါကတော့ လူ့ယဉ်ကျေးမှု တစ်ခုပဲ … ဟုတ်လား။ ဘုန်းကြီးတွေ့ရင် ဘုန်းကြီးကို အရှင်ဘုရားနဲ့၊ တပည့်တော်နဲ့ ပြောတယ် ဆိုပါတော့။ ဒါဟာ ဘာသာကို စွန့်တဲ့ သဘော မဟုတ်ဘူး။

လူမှာ သတ်မှတ်ထားတဲ့ ယဉ်ကျေးမှု ရှိတယ် မဟုတ်လား။ ဒါကတော့ သူတို့ လွန်တယ် ထင်တာပဲ။ တစ်ခါတလေ ဘုရားနဲ့ တပည့်တော်နဲ့ မှားပြောသူတွေ၊ ကျွန်တော်နဲ့ ပြင်ပြောတဲ့သူတွေ တွေ့ဖူးတယ်။
တို့မြန်မာတွေကျတော့ ရိုမင်ကက်သလစ်ဘုန်းကြီးတွေနဲ့ တွေ့ရင် ချောနေတာပဲ။ တပည့်တော်နဲ့ ဘာနဲ့ ပြောတာပဲ။ ကိစ္စမရှိဘူးလေ။


သရဏဂုံ ဘယ်လိုပျက်

အဲ … သရဏဂုံအကြောင်း တော်တော်လေး သိသွားပြီ။

နောက် ဘာသိဖို့ လိုသေးသလဲဆိုတော့ သရဏဂုံ ဘယ်လိုပျက်သလဲ?
သရဏဂုံပျက်တာနဲ့ ပတ်သက်ပြီးတော့ နှစ်မျိုး ရှိတယ်။

အပြစ်ရှိသော ပျက်ခြင်းနဲ့ အပြစ်မရှိသော ပျက်ခြင်းတို့ ဖြစ်ပါတယ်။

အပြစ်ရှိသော ပျက်ခြင်းဆိုတာ ဘာလဲဆိုရင် အခြားဘာသာထဲ ဝင်လိုက်ရင်၊ ဒါ အပြစ်ရှိသော ပျက်ခြင်း ဖြစ်သွားတာပေါ့။ တို့ဘက်ကနေ ကြည့်ရင်ပေါ့လေ။ မှန်ကန်တဲ့ အယူကနေ မှားတဲ့ အယူသို့ သွားတာပဲ။ ဒါကို အပြစ်ရှိသော ပျက်စီးခြင်းလို့ ဆိုတာပဲ။

အပြစ်မရှိသော သရဏဂုံပျက်ခြင်းမျိုး ဆိုတာကတော့ သေတာလို့ ပြောတာ။ လူဟာ သေရင် သရဏဂုံ ပျက်တယ်။ သေပြီး သရဏဂုံဟာ နောက်ဘဝ ပါမသွားဘူးလို့ ဆိုလိုတယ်။

ဒါကတော့ သူ့ဟာသူ သဘာဝအလျောက် သေသွားတာကိုး။ အဲဒီ ပျက်ခြင်းက လောကီသရဏဂုံပေါ့လေ။

လောကုတ္တရာသရဏဂုံကတော့ ဒီလို ပျက်တာ မရှိပါဘူး။ လောကုတ္တရာသရဏဂုံကတော့ နောက်ဘဝထိ ပါသွားတယ်။
သောတာပန်ဆိုပါတော့။ ဒီဘဝသေပြီး နောက်ဘဝ လူသွားဖြစ်တယ်။ ကလေးဖြစ်ဦးတော့ သူက တခြားဘာသာ မပြောင်းတော့ဘူး။ ဆိုပါတော့ သောတာပန်တစ်ယောက် ခရစ်ယာန်ဗိုက်ထဲ သွားဝင်စားတယ်။ မွေးတဲ့အခါ သူဟာ ခရစ်ယာန် မဖြစ်တော့ဘူး။

ပုထုဇဉ်ဆိုတာတွေကတော့ ဒီလို မမြဲဘူး။ ဖြစ်ချင် ဖြစ်မယ်၊ မဖြစ်ချင် မဖြစ်ဘူး။
အရိယာပုဂ္ဂိုလ်တွေကတော့ ဒီလို မဟုတ်တော့ဘူး။ မသိတောင်မှ အခြားဘာသာ ဘယ်တော့မှ မသွားတော့ဘူး။ တခြားဘုရားကို ဘယ်တော့မှ မကိုးကွယ်တော့ဘူး။

အဲဒါကြောင့် လောကုတ္တရာသရဏဂုံက ခိုင်မြဲတယ်။


+++++
ဆရာတော် အရှင်သီလာနန္ဒာဘိဝံသ၏ “အခြေခံ ဗုဒ္ဗဘာသာ ယဉ်ကျေးမှု” မှ
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ