ခန္ဓာကိုယ်တွင်း ချန်ပီယံဘောလုံးပွဲ (သို့) ရင်ထဲက ဘောလုံးပွဲ
******************
 “အောင်ပွဲမှန်သမျှတို့တွင် ကိုယ်ဟာကိုယ် အနိုင်ရတဲ့အောင်ပွဲသာ အမြင့်မြတ် ဆုံးပါ၊ ရှုံးပွဲမှန်သမျှထဲမှာလည်း ကိုယ့်ဟာကိုယ် အရှုံး ပေးရတဲ့ ရှုံးပွဲသာ အယုတ်ညံ့ဆုံး အောက်တန်းအကျဆုံးပါ။” (တိပိဋကဓရ (ယော) ဆရာတော်) ၁၃၅၈ ခုနှစ် တန်ဆောင်မုန်းလထဲမှာပဲ ကေလာသဖတောင်ပေါ်က သဒ္ဓမ္မ သီတဂူကျောင်းတိုက်အတွင်းမှာ ရန်ကုန် တက်လမ်းဆောက်လုပ်ရေး ကုမ္ပဏီမိသား စုတို့ရဲ့ ကောင်းမှုဖြစ်တဲ့ သိမ်သမုတ်ပွဲမှာ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက (ယော) ဆရာတော် ကြွရောက်ပြီး သိမ်သမုတ်ပွဲနဲ့ ရေစက်ချတရားပွဲမှာ နိဗ္ဗာန်ဆိုတဲ့ ဆုဖလား ကြီးကို ရယူပိုင်ဆိုင်မည့် ကိုယ့်ခန္ဓာကိုယ်ထဲက ဘောလုံးပွဲကြီးကို စနစ်တကျ ကိုယ်က အနိုင်ရအောင် ကန်တတ်ဖို့အတွက် အထက်ပါစကားနဲ့ အစချီပြီး ဟောညွှန် ဆုံးမပါတယ်။


ဒီဘောလုံးပွဲကြီးဟာ ဗဟန်းဝိသုဒ္ဓါရုံ ရွှေကျင်ကျောင်းတိုက်မှာ နေ့စဉ် နံနက် ဘုရားဝတ်ပြုပြီး တစ်ကြိမ်၊ ညဘုရားဝတ်ပြုပြီး တစ်ကြိမ် တစ်နေ့ (၂)ကြိမ် မှန်မှန် ဆရာတော်ကိုယ်တိုင် ကြီးကြပ်ပြီး ကျင်းပလေ့ရှိကြောင်း မိန့်ကြားပါတယ်။

ဆရာတော် ဟောညွှန်ချက် အနှစ်ချုပ်ကတော့... လောကမှာ ဟိုဘက်ဒီဘက်ခွဲပြီး သူများတွေကန်နေကြတဲ့ ဘောလုံးပွဲဆိုတာ ဘယ်ဘက်ကရှုံးရှုံး နိုင်နိုင် ကိုယ့်အတွက် အကျိုးလည်းမရှိ အကျိုးလည်း မယုတ်ဘူး။ အဲဒါကြောင့် သူများတွေ အပြင်မှာကန်ကြတဲ့ ဘောလုံးပွဲမျိုး ကိုတော့ ကန်လဲမကန် ကြနဲ့ ကြည့်လဲမကြည့်နဲ့ ကိုယ်ခန္ဓာတွင်းက ဘောလုံးပွဲကိုသာ ကိုယ်က မရှုံးအောင် ဂရုစိုက်ကန်ရမယ်။

 ခန္ဓာကိုယ်ဆိုတဲ့ ဘောလုံးကွင်းကြီးထဲမှာ စိတ်ဆိုတဲ့ ဘောလုံးလေးကို အသင်းကြီးနှစ်သင်းလုပြီး ကန်နေကြတာ နံနက်အိပ်ရာထချိန်ကနေ ညအိပ်ရာဝင်ချိန် အထိပဲ တစ်ဖက်ကသဒ္ဓါ ဝီရိယ သတိ စတဲ့ ဗလငါးတန်ပါဝင်တဲ့ အဖြူရောင် (သုက္ကပက္ခ) လို့ခေါ်တဲ့ ကုသိုလ်အသင်း၊ တစ်ဖက်က လောဘ ဒေါသ စတဲ့ နီဝရဏ တရားများ ပါဝင်တဲ့စိတ်ကို မည်းညစ်ပူလောင်စေတဲ့ အမည်းရောင် (ကဏှပက္ခ)လို့ ခေါ်တဲ့ အကုသိုလ်အသင်း၊

 အဖြူရောင်အသင်းဟာ ၁။ နိဗ္ဗာန်ဆိုတဲ့ ရည်ရွယ်ချက်လည်းပါတယ်။ ၂။ မဂ္ဂဆိုတဲ့ လမ်းကြောင်းလည်းပါတယ်။ ၃။ သီလ သမာဓိ ပညာဆိုတဲ့ နောက်တန်း, အလယ်တန်း, ရှေ့တန်းတို့ ညီမျှတဲ့ အစီအစဉ်လည်းပါတယ်။ ၃။ နည်းစနစ်ပိုင်းမှာဆိုရင်လည်း ဘုရားရှင်ချမှတ်ခဲ့တဲ့အတိုင်း အရိယာအစ ရှိတဲ့ သူတော်ကောင်းစဉ်ဆက်တို့ စနစ်တကျ ထိန်းသိမ်းလာခဲ့တဲ့ နည်းကောင်း နည်းမှန် စနစ်မှန် ဖြစ်တယ်။ ကန်ကြမဲ့ အသင်းသားတွေကို ကြည့်ရင်လည်း သတိပဋ္ဌာန်, သမ္မပဒါန်, ဣဒ္ဓိပါဒ်, ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်ဆိုတဲ့ တကယ့် အကောင်းဆုံး ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်တွေကို ရရှိထားကြသူတွေဖြစ်လို့ အားကောင်း ဒေါင်ကောင်း အရည်အချင်း ကောင်းတွေချည်းပဲ၊ ဒါကြောင့် သူတို့အသင်းဟာ ဆန့်ကျင်ဘက်ကို ဖယ်ရှားပြီး မိမိတို့ အသင်းကို တိုးပွားစေနိုင်တဲ့ စွမ်းရည် အပြည့်ရှိတဲ့ (ဘာဝေတဗ္ဗ) အင်အားစု အသင်းဖြစ်တယ်။

အမည်းရောင်အသင်းကတော့ ရည်ရွယ်ချက်လဲမရှိ၊ လမ်းကြောင်းနဲ့ အစီအစဉ် လည်းမရှိ၊ နည်းစနစ်ရယ်လို့ သတ်သတ်မှတ်မှတ် မရှိကြသလို အသင်း သားတွေ ဟာလည်း ချည့်နဲ့လိမ်ကွေ့ ကလိမ်ကကျစ်၊ မူယာမာယာ သမားတွေချည်းဖြစ်လို့ ကိလေသာ, သံယောဇဉ်, သြဃ, ယောဂ စတဲ့ အမည်ဆိုးတွေနဲ့ ထင်ရှားတဲ့ အသင်း ဖြစ်တယ်။ တကယ့်အသင်းကြီးတွေနဲ့ ရင်ဆိုင်လိုက်တိုင်း ပြုတ်အောင် အဖယ်ရှားခံရတဲ့ (ပဟာတဗ္ဗ) အင်အားစုအသင်းည့ံပါ။

အဖြူရောင်အသင်းမှာ သတိဆိုတဲ့ ဂိုးသမားက အသင်းခေါင်းဆောင်အဖြစ်နဲ့ တစ်သင်းလုံးကို ထိန်းသိမ်းပေးပြီး ရှေ့တန်းမှာ ၀ိပဿနာဂိုး, မဂ်ဂိုး, ဖိုလ်ဂိုးအထိ အဖိုးတန်ဂိုးတွေကို သွင်းပေးနိုင်စွမ်းရှိတဲ့ “ပညာ”က လှုပ်ရှားတယ်၊ သဒ္ဓါ ဝီရိယ တို့က တစ်သင်းလုံးကို တက်ကြွနေအောင် နေရာစုံမှ လှုပ်ရှားပေးနိုင်ကြတယ်။ အမည်းရောင်အသင်းမှာတော့ တစ်ဖက်အသင်းသားတွေ ဂိုးပေါက်မမြင်နိုင် အောင် ဖုံးကွယ်ပေးနေတဲ့ မောဟဆိုတဲ့ ဂိုးသမားက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီး လောဘဆိုတဲ့ မူရာမာယာ တစ်ကိုယ်ကောင်းသမားနဲ့ ဒေါသဆိုတဲ့ အကြမ်းအရမ်းသမားတို့ အားကိုးနဲ့ ယှဉ်ပြိုင်နေတာပါ။

 အဓိက သူတို့ရဲ့ အားသာချက်ကိုကြည့်ရင် သဘာတော့ရင့်တယ်။ သံသရာ အစကတည်းက ခန္ဓာကိုယ်ကို အပိုင်စီးလာကြတဲ့ အသင်းဆိုတော့ ကွင်းရှင်အိမ်ရှင် လိုဖြစ်နေကြတာ။ ဒါကြောင့်လည်း အဖြူရောင်အသင်းက “သတိ” ဆိုတဲ့ ဂိုးသမား လစ်ရင် လစ်သလို သူတို့က ခိုးဂိုး၊ သတ်ဂိုး၊ လိမ်ညာဂိုး စတဲ့ အကုသိုလ်ဂိုးတွေကို သွင်းသွင်းသွားတတ်ကြတာ။

 အဖြူရောင်အသင်းရဲ့ ခေါင်းဆောင် သတိဂိုးသမားက ဂိုးပေါက်လည်း လုံခြုံအောင်မစောင့်၊ အသင်းသားတွေအပေါ်လည်း နှိုးဆော်မပေးနိုင်ဘူးဆိုရင် သဒ္ဓါ ပညာ ဝီရိယ စတဲ့ အသင်းသားတွေလည်း အင်အားတွေလျော့ပါးပြီး ဘာမှထိထိ ရောက်ရောက် မလုပ်ကြလို့ တစ်ဖက်အသင်းရဲ့ ရမ်းသန်းကန်လိုက်တဲ့ ဂိုးတွေကို ပေးရပြီး အရှုံးနဲ့ ရင်ဆိုင်နေကြတာ။ “ရေများရေနိုင် မီးများမီးနိုင်” ဆိုတာမျိုးပေါ့။

အသင်းနှစ်ခုကို ယှဉ်ကြည့်လိုက်ရင်တော့ အဖြူရောင်အသင်းဟာ အထက် အသင်းဖြစ်ပြီး အမည်းရောင်အသင်းက အောက်အသင်းပါ၊ ဒါပေမဲ့ တစ်နေ့တာ ဘောလုံးပွဲကြီးပြီးလို့ ညအိပ်ရာဝင် စာရင်းချုပ်ကြည့်လိုက်တဲ့အခါမှာတော့ အံ့သြ ဖို့ကောင်းလောက်အောင် အထက်ကြေးသမားတွေ ခွက်ခွက်လန်ရှုံးပြီး အောက်ကြေး သမားတွေကချည်း အနိုင်ရသွားကြတာ နေ့စဉ်လိုလိုပဲ။ ဒီလိုဖြစ်ရတာကို ဆန်းစစ်ကြည့်လိုက်ရင် အားပေးပုံ မမှန်ကန်တာလည်း ချွတ်ယွင်းချက်တစ်ခု ဖြစ်နေတယ်။

အပြင်ပမှာ သူတစ်ပါးတွေကန်တဲ့ ဘောလုံး ပွဲမှာတော့ လူတွေဟာ ကိုယ်နိုင်စေချင်တဲ့ အသင်းကို ဖိပြီးအားပေး တတ်ကြတယ်။ ကိုယ်ခန္ဓာကိုယ်ထဲက ဘောလုံးပွဲကျတော့ ကိုယ်ကကောင်းကျိုးကို ရချင်ကြသူတွေ ဖြစ်လို့ ကောင်းကျိုးကို ပေးနိုင်စွမ်းရှိတဲ့ အဖြူရောင်အသင်း နိုင်စေချင်ပေမဲ့ တကယ်တန်း အားပေးတာကျတော့ အမည်းရောင်အသင်းကို ပိုပြီးစိတ်အား ထက်ထက် သန်သန်နဲ့ အားပေးနေမိကြတယ်။

ကိုယ်ကနိုင်စေချင်တဲ့ အသင်းဘက်ကို မှန်မှန်ကန်ကန် အားပေးတတ်ကြ မယ်ဆိုရင် သတိဆိုတဲ့ ဂိုးသမားကလည်း နိုးနိုးကြားကြားနဲ့ အာရုံနဲ့တွေ့တိုင်း တွေ့တိုင်း စိတ်မှာ ကပ်ကပ်ပါလာတဲ့ လောဘစိတ်, ဒေါသစိတ်ကလေးတွေကို ပညာအကူနဲ့ ရှုမှတ်ပြီး ပုတ်ထုတ်လွှတ်၊ သဒ္ဓါဝီရိယတို့ကလည်း ထက်ထက် သန်သန် လှုပ်ရှားရင်း ဒါနဂိုး သီလဂိုး ဘာဝနာဂိုးတွေကစပြီး ၀ိပဿနာ ဂိုးတွေနဲ့ ဖိသွင်းလိုက်ကြတဲ့အတွက် နောက်ဆုံးတော့ အမည်းရောင် အသင်းဟာ သူ့ရဲ့အပယ်ခံ (ပဟာတဗ္ဗ) သဘောအတိုင်း ဗုန်းဗုန်းလဲ ရှုံးနိမ့်ပြီး အဖြူရောင်အသင်းကသာ သူရဲ့ တိုးပွားတတ်တဲ့ ပင်ကိုယ်စွမ်းအား (ဘာဝေတဗ္ဗ) နဲ့အညီ တိုးပွားလာလို့ မဂ်ဖိုလ် ဆိုတဲ့ အဆုံးအဖြတ်ဂိုးတွေကို သွင်းပြီး နိဗ္ဗာန်ဆိုတဲ့ ချန်ပီယံဆုဖလားကြီးနဲ့ ဂုဏ်ယူ ဝမ်းမြောက် သွားကြရ မှာဖြစ်တယ်ဆိုတဲ့ အကြောင်းကို မိန့်ကြားအားပေးရင်း သြဝါဒ ကို နိဂုံးချုပ် လိုက်ပါတယ်။

တစ်ကိုယ်တော်ကန်ရတဲ့ ခန္ဓာကိုယ်တွင်းက ဘောလုံးကြီးမှာ အားပေးပုံ မှန်မှန်ကန်ကန်နဲ့ အနိုင်နွဲပြီး ဒုက္ခအားလုံး ကင်းလွတ်ရာနိဗ္ဗာန်ဆိုတဲ့ ဖလားကြီးကို ကိုင်မြှောက်ခွင့်ရတဲ့ လောကအားလုံးကို လွန်မြောက်တဲ့ ချန်ပီယံကြီးများ ဖြစ်နိုင် ကြပါစေ။

 ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ