အဖေါ်ရှိမှ နေလို့ရမှာလား
***************
 အခုခေတ်လူတွေဟာ အဖေါ်ကို တော်တော်လေး ခင်မင်ကြတယ်၊၊ အဖေါ်ကိုရှာပြီး နေကြတယ်၊၊ ရှေးခေတ်ကလည်း အဖေါ်ရှာကြတာပဲ၊၊ သို့သော် အခုခေတ်ကြည့်ရတာ အဖေါ်ပိုများသလို တွေ့ရတယ်၊၊ အဖေါ်ဆိုတာ ဘာတွေလဲ၊၊ မျက်စိနဲ့ ကြည့်ရတာတွေဟာ အဖေါ်ပဲ၊၊ နားနဲ့ နားထောင်စရာဟာလည်း အဖေါ်ပဲ၊၊ နှာခေါင်းက အနံ့ရတာလည်း အဖေါ်၊၊ စားနေရတာတွေဟာလည်း တနည်းအားဖြင့် အဖေါ်ပဲ၊၊

 စိတ်အတွက် ဖျော်ဖြေဖို့ရာ လုပ်ပေးနေရတာပဲ၊၊ သက်ရှိလူတွေကလည်း အဖေါ်၊၊ သက်မဲ့ပစ္စည်းတွေကလည်း အဖေါ်ပဲ၊၊ တချို့ပြောကြတာ ကြားဖူးတယ်၊၊ အားနေရင် စာအုပ်လေးပဲ အဖေါ်လုပ်ပြီး နေရတာပါတဲ့၊၊ တချို့ကတော့ အားနေရင် တရားတိတ်ခွေနားထောင်ပြီးတော့ ဒါလေး အဖေါ်လုပ်ပြီး နေတယ်၊၊ တရားစာပေဖတ်ပြီး အဖေါ်လုပ် နေတယ်၊၊

တချို့ဆိုရင် တယ်လီးဗေးရှင်းကြည့်ပြီး အဖေါ်လုပ်ပြီး နေကြတာ၊၊ အခုတခေါက် ရန်ကုန်လာတော့ ဘာတွေ့သလဲဆိုရင် ဂြိုလ်တုကနေ အသံဖမ်းလို့ရတဲ့ dish antenna ကို တွေ့ရတယ်၊၊ လူကြီးတွေက ဘာပြောသလဲဆိုရင် ကလေးတွေက ပူဆာလို့ပါတဲ့၊၊ အဲဒါကြီး ရောက်နေတော့ လိုင်းအတော်များများကို ၂၄နာရီစလုံးဖမ်းနိုင်တော့ အိမ်မှာရှိတဲ့ ကလေးတော်တော်များများဟာ အဲဒီရှေ့မှာပဲ ထိုင်နေကြတော့တာနော်၊၊ တစ်နေ့တစ်နေ့ကို ငါးနာရီ၊ ခြောက်နာရီ အဲသလို အချိန်ကုန်တာ၊၊

ကလေးတွေကိုသာ အကြောင်းပြတာနော်၊ လူကြီးတွေလည်း အဲဒီရှေ့ မထိုင်ဘူးလားဆိုတော့ ထိုင်ကြတာပါပဲ၊၊ တရားအားထုတ်ဖို့တော့ အချိန်မရဘူး ပြောကြတယ်နော်၊ တယ်လီဗေးရှင်းရှေ့မှာ နှစ်နာရီ၊ သုံးနာရီ၊ လေးနာရီ၊၊ တစ်ညနေလုံးကုန်၊ တစ်နေကုန် ထိုင်ကြတာပဲ၊၊ အင်မတန် အဖိုးတန်တဲ့ အချိန်တွေကို (cheap thrills) အပေါစားဖျော်ဖြေမှုတွေနဲ့ ဖြုန်းလိုက်တာပဲ၊၊

အချိန်ဟာ ဘဝပဲ ဘဝဆိုတာ အင်မတန် တန်ဖိုးရှိတယ်၊၊ ဘဝဆိုတာ အချိန်၊၊ အချိန်မှ မရှိရင် ဘဝ မရှိဘူးနော်၊၊ အရာရာတိုင်းအတွက် ကိုယ့်ဘဝနဲ့ ပေးနေရတာ၊၊ စာအုပ်ကလေးတစ်အုပ်ကို ထိုင်ပြီးတော့ ဖတ်လိုက်တာ တနာရီကြာတယ်ဆိုရင် အဲဒီ စာအုပ်လေးဖို့ ကိုယ့်ဘဝကို တနာရီ ပေးလိုက်ရတာပဲ၊၊ တနေကုန် ထိုင်ဖတ်တယ်ဆိုရင် ကိုယ့်ဘဝ တစ်နေကုန် ပေးလိုက်ရတာပဲ၊၊

ဘဝကို ဘာနဲ့ တန်ဖိုးဖြတ်မလဲ၊၊ ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရဘူးနော်၊၊ ဒီအချိန်တွေကို တန်ဖိုးရှိရှိအသုံးချမယ်ဆိုရင် အလွန်ထူခြားတဲ့အသိဉာဏ်ကို ရနိုင်တာပဲ၊၊ အဲဒီအသိဉာဏ်ကို တန်ဖိုးဖြတ်လို့ မရဘူး၊၊ အဲသလို တန်ဖိုးရှိတဲ့အချိန်တွေကို ဖြုန်းတဲ့လူတွေဟာ၊ ဒီလို ပြင်ပအဖေါ်နဲ့နေတဲ့လူတွေဟာ ကြာတဲ့အခါမှာ သူအဖေါ်လုပ်နေတဲ့အာရုံတွေ မရှိတော့တဲ့အခါ မနေတတ် မထိုင်တတ်တော့ဘူး၊၊ သူ့စိတ်ကို ပြင်ပက ( stimulant ) လှုံ့ဆော်ပေးနေတဲ့အာရုံတခုခု ရှိနေမှ နေသာထိုင်သာ ရှိတယ်၊၊

အဲဒီအာရုံမရှိတဲ့အခါ တစ်ယောက်တည်းဖြစ်သွားတာနဲ့ တပြိုင်နက် မနေတတ်မထိုင်တတ် ဖြစ်သွားတော့တာပဲ၊၊ ပြင်ပအာရုံပေါ်မှာ မှီခိုမှုများလေလေ အဲဒီလူဟာ အဲဒီ အဖေါ်အာရုံ မရှိတဲ့အခါမှာ မနေတတ်မထိုင်တတ် ဖြစ်လေလေပဲ၊၊ အဲဒီလို မှီခိုမှုများတဲ့လူဟာ မလွတ်လပ်တော့ဘူးလို့ ပြောရမှာပဲ၊၊ “အာရုံတွေများများပေါ်မှာ မှီခိုလေ ဒီလူရဲ့စိတ်ဟာ လွတ်လပ်မှု မရှိလေပဲ၊၊” ဒီအာရုံတွေကို နေ့စဉ်ကြည့်ရှု၊နားထောင်နေတော့ မသိမသာ ဒီအာရုံတွေဟာ ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ အသိဉာဏ်၊ အတွေးအခေါ်တွေကို လွှမ်းမိုးတယ်၊၊ အဲဒါအင်မတန်ကြောက်စရာ ကောင်းတယ်၊၊

အဖေါ်ကောင်းကို လိုချင်ရင် ကိုယ့်စိတ်ကို ကိုယ် သိမှပဲ သူတပါးကို မထိခိုက်အောင် မနစ်နာအောင် သတိနဲ့ထိန်းသိမ်းပြီး နေလို့ရမှာနော်၊၊ သာမန်အားဖြင့် ကိုယ့်စိတ်ကို ကိုယ် မသိကြတော့ ကိုယ့်မှာလည်း စိတ်ထဲမှာ စိတ်ညစ်စရာ၊ စိုးရိမ်စရာ၊ သောကဖြစ်စရာတွေက များနေတော့ ချစ်တယ်လို့ဆိုသော်လည်း ကိုယ့်အနားမှာ ရှိနေတဲ့သူတွေကို လွှတ်ကနဲ လွှတ်ကနဲ ပြောမိတယ်၊၊

ပြောမိတော့ တဖက်က စိတ်ဆင်းရဲရပြီ၊၊ သူက ပြောလိုက် ကိုယ်က ပြောလိုက်နဲ့ စိတ်ဆင်းရဲစရာတွေက နေ့တိုင်းလိုလိုပဲ တွေ့ရတာပဲ၊၊ အဲဒီလို တစ်ယောက်ကိုတစ်ယောက် စိတ်ဆင်းရဲအောင် လုပ်နေတဲ့လူချင်းပဲ အဖေါ်လုပ်ပြီး နေကြတာပါပဲ၊၊ ကိုယ့်စိတ် ကိုယ်တောင်မှ စိတ်ချမ်းသာအောင် မထားနိုင်သေးဘူးဆိုရင် သူတပါးကို စိတ်ချမ်းသာအောင် လုပ်မပေးနိုင်ပါဘူး၊၊ ဒါကိုလည်း သေသေချာချာ နားလည် သဘောပေါက်စေချင်တယ်၊၊ သူ့ကို ငါ သိပ်ချစ်တယ်၊ သူ့ကို ငါ သိပ်သနားတယ်၊ သူ့ကို ငါ စိတ်ချမ်းသာအောင် ထားချင်တယ်လို့ ဘယ်လိုပင် ပြောသော်လည်းပဲ ကိုယ့်ဟာကိုယ်မှ စိတ်ချမ်းသာအောင် မနေနိုင်ရင် ကိုယ့်စိတ်မကြည်တဲ့အခါမှာ အပြစ်ရှာပြီး ပြောတော့တာပဲနော်၊၊ ကိုယ့်မှာ အားငယ်နေတယ်၊ ကြောက်နေတယ်ဆိုရင် အဲဒါလေးကို ကာကွယ်တဲ့အနေနဲ့ သူတပါးကို အပြစ်ဖို့ချင်တယ်၊၊

သေသေချာချာ ပြန်ကြည့်မယ်ဆိုရင် အနီးမှာနေတဲ့လူတွေကို အဲဒါမျိုးပြောမိတာ အများဆုံးပဲ၊၊ အားငယ်စိတ်၊ ကြောက်စိတ်၊ ဒေါသဖြစ်တဲ့စိတ်နဲ့ တဦးကိုတဦး ထိခိုက်အောင်၊ နစ်နာအောင် ပြောနေ ဆိုနေကြတာပဲ၊၊ ငါ့ကို အထင်မကြီးဘူး၊ ငါ့ကို မလေးစားဘူး၊ အဲဒီလို အတွေးတွေက ဖြစ်နေတာနော်၊၊ မိသားစုအချင်းချင်းတောင် သူတို့က ငါ့ကို ဘယ်လိုထင်နေတယ် စသဖြင့် တွေးတတ်တယ်၊၊ အားရှိတဲ့လူဟာ ဘယ်သူ့ကိုမှ မနိုင်ချင်ဘူး၊၊ သူ အနိုင်အရှုံးကို မလိုချင်ဘူး၊၊ ကိုယ့်စိတ်ထဲမှာ အားငယ်နေပြီဆိုရင်တော့ နိုင်ရမယ့်လူ ရှာတော့တာပဲ၊၊ ကိုယ့်အားငယ်စိတ်ကို ကိုယ့်ဟာကိုယ် ပြန်ကြည့်မယ်ဆိုရင် “ အော် ငါ့စိတ်မှာ နဲနဲ အားငယ်နေတာကိုး ” လို့ သိနေရင်ကိုပဲ ဒီစိတ်ကလေးဟာ နဲနဲ သက်သာသွားတယ်၊၊

သိနေတဲ့အတွက် သူ့ရဲ့လွမ်းမိုးမှုကို မခံရတော့ဘူး၊၊ မခံရတော့ သူတပါးကို အန်ုင်ယူဖို့ မကြိုးစားတော့ဘူ၊၊ အဲဒီ အားငယ်စိတ်ကို ပိုပြီးတော့မြင်လာတဲ့အခါမှာ ဒီအားငယ်စိတ်ဟာ ပျောက်သွားနိုင်တယ်၊၊ သူများကိုယ့်ထက် ဘယ်လောက်သာနေနေ ကိစ္စမရှိဘူး၊၊ သူတို့က ငါ့ထက်သာသွားလို့ဆိုပြီး အားမငယ်ဘူး၊၊ တယောက်ကိုတစ်ယောက် အပြစ်မရှာပဲ၊ ကိုယ့်စိတ်ကိုကိုယ် ချမ်းသာအောင်ထားတတ်တဲ့ လူနှစ်ယောက် ဆက်ဆံရင် ဘယ်လောက်ကောင်းမလဲ၊၊ ဒါကြောင့် အဲသလိုမှ မဖြစ်သေးဘူးဆိုရင်တော့ လက်ရှိ ရှိနေတဲ့ဆက်ဆံရေးဟာ စိတ်ကျေနပ်မှု၊ စိတ်အေးချမ်းမှု မရနိုင်သေးဘူး၊၊ နဲနဲတော့ အဖေါ်ရတာပေါ့၊၊

တစ်ယောက်တည်း ဖြစ်မနေဘူး၊၊ ကိုယ့်အတွက် စားဝတ်နေရေးအတွက် အထောက်အပံ့ပေးမယ်၊၊ တကယ့်အဖေါ်ကောင်းတော့ မဖြစ်နိုင်ဘူး၊၊ ဒါကြောင့် “တကယ့်အဖေါ်ကောင်းကို လိုချင်ရင် ပထမဆုံး ကိုယ့်ကိုယ်ကို အဖေါ်ကောင်းဖြစ်အောင်လုပ်ပြီး နေနိုင်ဖို့ လိုတယ်၊၊” ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ကိုယ့်ဟာကိုယ် တရားအားထုတ်ပြီးနေရင် ကိုယ့်စိတ်က ကိုယ့်မိတ်ဆွေ ဖြစ်နေတယ်၊၊ ကိုယ့်ကို အများဆုံးစိတ်ဆင်းရဲအောင်လုပ်တာဟာ သူများမဟုတ်ပါဘူး၊၊ ကိုယ့်စိတ်ပါ၊ ကိုယ့်အတွေးပါ၊၊
 
ကိုယ့်သဘောထား မှားနေလို့၊ ကိုယ့်စိတ်ကိုကိုယ် နားမလည်လို့၊ ကိုယ့်စိတ်ကိုကိုယ် တည်ငြိမ်အောင်၊ အေးချမ်းအောင် မထားတတ်လို့ အဲဒီစိတ်က အတွေးတွေအမျိုးမျိးတွေးပြီးတော့ ကိုယ့်ကိုယ်ကို ပြန်နှိပ်စက်နေတာပါ၊၊ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့၊၊ ငါ မကောင်းဘူး၊ ငါ ဆိုးတယ်၊ ငါ အသုံးမကျဘူး၊ အဲဒီလိုတော့ မတွေးပါနဲ့၊၊ ငါမတတ်နိုင်တဲ့ကိစ္စ ရှိတယ်၊၊ ငါတတ်နိုင်တဲ့ကိစ္စ ရှိတယ်၊၊ ငါဆိုးတဲ့အပိုင်း ရှိသလို ငါကောင်းတဲ့အပိုင်းလည်း ရှိတယ်ဆိုတာ လက်ခံပြီး ထားပါ၊၊ ကောင်းတာတွေကို တနေ့တခြား ပိုပိုပြီးတော့ လုပ်သွားပါ၊၊ နေ့စဉ်နေ့တိုင်း ကိုယ့်စိတ်ကို ကိုယ် သိပြီးတော့ နေသွားမယ်ဆိုရင် အလိုလျှောက်ပဲ ကောင်းတဲ့ဘက်က တိုးတက်လာတယ်၊၊ ဆိုးတဲ့ဘက်က လျှော့သွားတယ်၊၊

သတိပဠာန်တရား အားထုတ်လာတဲ့အခါမှာ အသိအမြင်တမျိုး လေးနက်ရင့်ကျက်လာတဲ့အတွက်ကြောင့် ရွေးချယ်နိုင်တဲ့စွမ်းအား ကြီးလာတယ်၊၊ ဘဝကို အဓိပ္ပါယ်ရှိရှိ၊ အနှစ်သာရပြည့်ပြည့် နေသွားချင်တယ်ဆိုရင် တရားအားထုတ်ပါ၊၊ လုပ်သင့်တာတွေကို လုပ်ပါ၊၊ ဒါဆိုရင် ကိုယ့်ကိုယ်ကို လေးစားလာမယ်၊၊ ချစ်လာမယ်၊၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားလာမယ်၊၊ ကိုယ့်ကိုယ်ကို အထင်မသေးတော့ဘူး၊၊ ကိုယ့်ဘဝ ကိုယ်ကျေနပ်ပြီး ကြည်လင်ရွှင်လန်းတဲ့သူ ဖြစ်နေမယ်၊၊ လူတိုင်းလူတိုင်း ကိုယ့်ကိုယ်ကို မိတ်ဆွေကောင်းဖြစ်အောင် ကြိုးစားပါ၊၊ တရားအားထုတ်လာပြီး သတိ၊ သမာဓိ၊ ဉာဏ်ပညာ၊ ရင့်ကျက်လာတဲ့အခါမှာ အနားမှာဘယ်သူမှမရှိပေမဲ့ အဖေါ်မဲ့လို့ အားငယ်နေတဲ့သဘောမျိုး မဖြစ်ဘူး၊၊ အဖေါ်ကို အပြင်မှာမရှာတော့ဘူး၊၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတဲ့စိတ်ဟာ ကိုယ့်အဖေါ် ဖြစ်နေတယ်၊၊

ငါ့မှာ အဖေါ်မရှိပါလားဆိုပြီးတော့ အားမငယ်ဘူး၊ မကြောက်ဘူး၊၊ သတိပဋ္ဌာန်အဖေါ် သတိပဋ္ဌာန်အဖေါ်ကို အဖော်ကောင်း ဖြစ်လာအောင် သေသေချာချာ ကြိုးစားရမယ်။ တကယ်တော့ နောက်ဆုံးအချိန်မှာ ဘယ်သူ အဖေါ်ဖြစ်နိုင်မလဲ။ နောက်ဆုံးအချိန်မှာ သတိပဋ္ဌာန်အဖေါ်နဲ့ပဲ လက်တွဲပြီးတော့ ဘဝသံသရာခရီးကို သွားရမှာပဲ။ ဒီဘုန်းကြီးလည်း အရင်တခါ အကြီးအကျယ် နေမကောင်းဖြစ်လိုက်တယ်။ တသက်လုံး ပြင်းပြင်းထန်ထန် နေမကောင်းဖြစ်တာ ဒီတခါပဲရှိတယ်။

ဘယ်လောက်ထိအောင် အားနဲသွားလဲဆိုရင် မျက်စိဖွင့်လို့ မရတော့ဘူး။ စကားတခွန်းပြောဖို့ကို တော်တော် ပင်ပန်းတယ်။ ခန္ဓာကိုယ်တစ်ကိုယ်လုံး ရောင်နေတယ်။ အသက်ရှုလို့ မဝဘူး။ အကျိတ်တွေလည်း ရောင်နေတာ လည်ပင်းကြီးကို ဖုထွက်နေတယ်။ ခေါင်း အင်မတန်ကိုက်တယ်။ ပျို့ချင် အန်ချင်တယ်။ လုံးဝ မထနိုင်တော့ဘူး။ အိပ်ရာမှာ အိပ်နေရတယ်။ အသားအဆီ မရှိတော့ဘူး။ အရိုးတွေနဲ့အရေပဲ ကျန်တယ်။ ရေကို ဇွန်းနဲ့ ထည့်ပေးရတယ်။ သွေးအား အလွန်နဲသွားတယ်။

ဘယ်လောက်ထိအောင် ပင်ပန်းလဲဆိုရင် ဟိုဘက်၊ သည်ဘက် စောင်းချင်တာတောင် မပြောနိုင်ဘူး။ အဲဒီအချိန်မှာ ဘယ်သူ့ကို အဖေါ်လုပ်မလဲ။ အနားမှာ ထိုင်နေတဲ့လူတွေ၊ ပြုစုပေးတဲ့လူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ ကိုယ်ခံစားနေရတာကို သူတို့ မသိနိုင်ဘူး။ အဲဒီအခါ တရားကိုပဲ သေသေချာချာ ထိထိမိမိဖြစ်အောင် ရှုမှတ်ရတာပဲ။ ခန္ဓာကိုယ် နာနေတာလည်း သိတယ်။ စိတ်ကလည်း နာလိုက်တာလို့ပြောနေတာ သိတယ်။ သတိလေးနဲ့ အဲဒီသဘောတွေကို မြင်အောင် ကြည့်ရင်း ကြည့်ရင်းနဲ့ အတွေးတွေတိတ်သွားတဲ့အခါ စိတ်မှာ ဒေါမနဿ မရှိတော့ဘူး။ ဥပက္ခာပဲ ဖြစ်နေတယ်၊၊ ဥပက္ခာဆိုတာ ဝမ်းသာ၊ ဝမ်းနဲ မရှိဘူး။ ဟိုလို ဖြစ်ချင်တယ်၊ ဒီလို ဖြစ်ချင်တယ်ဆိုတဲ့ တောင့်တမှုလည်း မရှိဘူး။ စိတ်က လုံးဝ ညီမျှနေတယ်။ ငြိမ်နေတယ်။ အားလုံးကို လက်ခံထားတဲ့အခြေအနေမျိုး ဖြစ်သွားတယ်။

သူဖြစ်စရာအကြောင်းရှိလို့ ဖြစ်တာ၊ လုပ်သင့်တာတွေ လုပ်ထားတယ်။ ပျောက်သင့်တဲ့အချိန်မှာ ပျောက်လိမ့်မယ်ဆိုပြီး စိတ်ကိုလျှော့ချထားပြီး သိရုံကလေးပဲ သိနေတယ်။ ဘုရားဟောတဲ့ “ကိုယ်မှာပင် နာသော်လည်း၊ စိတ်မှာ မနာအောင်နေ” ဆိုတာ ကောင်းကောင်း နားလည်သွားတယ်။ အဲဒါကြောင့် ဒကာ,ဒကာမတွေ အားလုံး ကြိုကြိုတင်တင် သတိပဋ္ဌာန်တရားကို ကိုယ်နဲ့မကွာ အမြဲတမ်းပါတဲ့ မိတ်ဆွေကောင်း ဖြစ်အောင် လေ့ကျင့် ပြုစုပျိုးထောင် ထားပါ။ အဓိကအနေနဲ့ အထပ်ထပ် အခါခါ ပြောချင်တာ ဒါပါပဲ။ ဘယ်အသက်အရွယ်ရောက်နေနေ လုပ်ပါ။ အခုက စ,လုပ်ပါ။ ဘယ်သောအခါမှ နောက်မကျပါဘူး။ ကိုယ့်ကိုယ်ကို အဖေါ်လုပ်ပါ။ ဒီစကားကြားရင်တော့ ထူးဆန်းနေမယ် ထင်ပါတယ်။

လူတွေထင်တာက အဖေါ်ဆိုတာ နောက်တယောက်ရှိမှလို့ ထင်ကြတာ။ နောက်လူတယောက် မဟုတ်ရင်တောင်မှ Radio, T.V, Video စသည်ဖြင့် ပစ္စည်းကို အဖေါ် လုပ်ကြတယ်။ တယ်လီဖုန်းကို အဖေါ် လုပ်ကြတယ်။ နိုင်ငံခြားမှာဆိုရင် အဖေါ်မဲ့အထီးကျန်ဖြစ်လွန်းလို့၊ အားငယ်လွန်းလို့၊ ပျင်းလို့ တယ်လီဖုန်း တယောက်နဲ့တယောက် ဆက်ကြတဲ့လူတွေ အများကြီးရှိတယ်။ သူတို့နိုင်ငံမှာ အားငယ်တဲ့သူတွေ ဖုန်းဆက်လို့ရတဲ့ဌာန ရှိတယ်။ ကိုယ်က အားငယ်နေလို့၊ ကြောက်နေလို့ ဖုန်းဆက်ရင်တောင်မှ တဖက်က အချိန်ပေးပြီး နားမထောင်နိုင်ကြဘူး။ အလုပ်တွေက အင်မတန် များကြတယ်။

အဲဒီတော့ T.V, Video တွေနဲ့ အဖော် လုပ်ကြပြန်တယ်။ တခါတလေ T.V ရှေ့မှာ ထိုင်နေပေမဲ့ ဘာပြမှန်း မသိတော့ဘူး။ စိတ်က တွေးချင်ရာတွေး၊ ငေးချင်ရာငေး နေတော့တာပဲ။ ဇနီးခင်ပွန်းနှစ်ယောက် တအိမ်ထဲမှာ အတူနေကြတယ်။ မိန်းမက T.V ကြည့်ရင်းနဲ့ သူ့အိပ်ခန်းထဲမှာ ထိုင်လျှက်ကြီးသေနေတာကို ယောကျ်ားက ( ၃ ) ရက်ကြာမှ သိတယ်တဲ့။ အဲဒီလောက်ထိအောင် ကင်းကွာသွားကြတာ ရှိတယ်နော်။ ဘယ်လောက် အဖေါ်မဲ့အထီးကျန် ဖြစ်လိုက်မလဲဆိုတာ စဉ်းစားကြည့်ပါ။ ဒါကြောင့် တစ်ကိုယ်တည်းဖြစ်နေတဲ့အချိန်မှာ ငါဟာ ငါနဲ့အတူတူရှိနေအောင် ကြိုးစားပါ။ ငါနဲ့ ငါပဲ အဖေါ်ရနေအောင်၊ ကိုယ့်စိတ်ကို အဖေါ်ကောင်း ဖြစ်အောင် ၊ ကိုယ့်ရဲ့ ကြည်လင်ရွှင်လန်းပြီး မေတ္တာစိတ်ဖြစ်နေတဲ့ စိတ်ကလေးကိုပဲ အဖေါ်ဖြစ်ပြီးနေတတ်အောင် ကြိုးစားကြပါ။ သတိပဋ္ဌာန်တရားကို ကိုယ်နဲ့မကွာအမြဲတမ်းပါတဲ့ အဖေါ်ကောင်းဖြစ်အောင် လုပ်ပါ၊၊ မိတ်ဆွေကောင်းလိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ မိတ်ဆွေကောင်း၊ အဖေါ်ကောင်းပီသအောင် နေလိုက်ပါ။ 

သတိဆိုတဲ့ အဖေါ်ကောင်းနဲ့ အမြဲတမ်း အဖေါ်လုပ်ပြီး နေနိုင်ကြပါစေ၊၊ အဖေါ်မရှာသူ ပြင်ပအဖေါ်နဲ့ အမြဲနေတဲ့သူဟာ အတွင်းကိုပြန်ကြည့်ဖို့ရာ အခွင့်အရေး မရတော့ဘူး၊၊ အခုလို လူတွေအင်မတန်များတဲ့ ရန်ကုန်မြို့မှာ နေသော်လည်းပဲ ကိုယ့်တရားသတိလေးနဲ့ ကိုယ့်ဟာကိုယ်သိပြီးတော့ ကိုယ့်ခန္ဓာမှာ ဖြစ်နေတာတခုခု ကာယနုပဿနာပဲ ဖြစ်ဖြစ်၊ ဝေဒနာနုပဿနာပဲ ဖြစ်ဖြစ်၊ စိတ္တာနုပဿနာပဲ ဖြစ်ဖြစ်၊ ဓမ္မာနုပဿနာပဲ ဖြစ်ဖြစ်၊ ဒီ သတိပဠာန်လေးပါးထဲက တပါးပါးကို အာရုံပြုပြီးနေလို့ရှိရင် တကိုယ်တည်းနေတာနဲ့ အတူတူပါပဲ၊၊ ဘာလို့လဲဆိုရင် သူဟာ အပြင်မှာ အဖေါ်မရှာဘူး၊၊ အနားမှာ လူတွေဘယ်လောက်ပဲရှိရှိ အရေးမကြီးဘူး၊၊ ကိုယ့်တရားလေးကို ကိုယ် အာရုံပြုပြီးတော့နေတဲ့လူဟာ တကိုယ်တည်း နေတာပဲ၊၊ တကိုယ်တည်းနေတာမို့ ပတ်ဝန်းကျင်ကို သူက ပစ်ပယ်တာလား၊ တန်ဖိုးမထားတာလားဆိုတော့ မဟုတ်ပါဘူး၊၊
 
အကြောင်းရှိလို့ စကားပြောရရင်တော့ သူဟာ ရင်းရင်းနှီးနှီး လေးလေးစားစား ပွင့်ပွင့်လင်းလင်း ပြောမှာပဲ၊၊ သို့သော် အကြောင်းမရှိတဲ့အခါကျရင်တော့ တကိုယ်တည်းမနေတတ်တဲ့လူတွေလို အဖေါ် မရှာဘူး၊၊ တချို့ တောထဲမှာနေတဲ့ ရဟန်းတွေ ရှိတယ်၊၊ တပါးတည်းပင် နေသော်လည်း သူ့မှာ အားငယ်စိတ်မရှိဘူး၊ ကြောက်စိတ်မရှိဘူး၊၊ အဖေါ်လေးတစ်ယောက်လောက်ရရင် ကောင်းမှာပဲလို့ မမျှော်ဘူး၊၊ သို့သော်တောထဲမှာပင်နေသော်လည်း ကိုယ်ဖြစ်ခဲ့တာတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ တခြားကိစ္စတွေကို တွေးနေမယ်ဆိုလို့ရှိရင် ဒါဟာ အဖေါ်နဲ့နေတာပဲ ဖြစ်သွားပြန်တာ၊၊ ပြီးခဲ့တာတွေ တွေးနေမယ်၊ မဖြစ်သေးတာတွေ တွေးနေမယ်ဆိုရင် အဖေါ်နဲ့ နေတာပဲ၊၊

အဲသလို အဖေါ်နဲ့နေတဲ့သူဟာ တရားထူးရဖို့ မလွယ်တော့ဘူး၊၊ lonely ဆိုတာ အဖေါ်မဲ့လို့ အားငယ်သွားတာကို ပြောတာ။ alone ဆိုတာ သူ့ဟာသူ အဖေါ်မရှာပဲနဲ့ တကိုယ်တည်းနေတာကိုပြောတာ။ အားငယ်တာ မဟုတ်ဘူးနော်။ I am alone, but I’m not lonely. အဲဒီလိုနေတတ်ဖို့ လိုတယ်နော်။ ငါ တကိုယ်တည်း နေတယ်။ ဒါပေမဲ့ ငါ့မှာ အဖေါ်လိုချင်တဲ့စိတ် မရှိဘူး။ အဖေါ်မရှာဘူး။ အဖေါ်မရှိလို့ အားငယ်တဲ့စိတ်လည်း မရှိဘူး။ အဲဒီလိုနေနိုင်ရင် မြို့ထဲမှာဘဲနေနေ၊ တောထဲမှာဘဲနေနေ ကောင်းပါတယ်။ အဲသလို ရင့်ရင့်ကျက်ကျက်၊ ခိုင်ခိုင်မာမာ တကိုယ်တည်းနေနိုင်အောင် ကြိုးစားကြပါ။
ဆရာတော်ဦးဇောတိက ( မဟာမြိုင်တောရ ) ၏ 
“ လေးစားပါတယ်၊ ဘဝတန်ဖိုး၊ အထီးကျန်ဘဝမှလွတ်မြောက်ခြင်း” စာအုပ်မှ ကူးယူ ဖော်ပြပါသည်၊၊
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ