တွေးချင်တာတွေးခွင့်ပေးလိုက်ခြင်းသည် လုပ်ချင်တာ လုပ်ခွင့်ပေးလိုက်ခြင်း နှင့်တူသည်။ နောက်ဆုံးတွင်မိုက်ချင်တိုင်းမိုက်၍ သံသရာဝဲသြဃ တွင် နစ်မြုပ်သော အခါ ပေါ်လမ်းမရှိပဲ အဆင်းရဲဆုံး အဖြစ်သို့ရောက်ပေတော့မည်။ ဒါကြောင့်တွေးချင်တာ တွေးခွင့်ပေးလိုက်ခြင်းသည် မိမိဘဝ ကို ဖျက်ဆီးခြင်း၏ လမ်းခွဲ အစပင်ဖြစ်ပါသည်..။ 

* တွေးချင်တာ * တွေးသင့်တာ * တွေးနေတာ သုံးမျိုးကို ပိုင်းခြား နားလည်ပြီး ပညာဖြင့်ထိန်းချုပ်၍ တွေးသင့်တာကိုသာ တွေး ခြင်းဖြင့် (၃၁) ဘုံမှ လွတ်မြောက်နိုင်ပါသည်။ အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည်။ ဆိုတဲ့... ကျေးဇူးတော်ရှင် ပိုင်းလော့ဆရာတော် အရှင်ဇေယျပဏ္ဍိတ ရဲ့ အဆုံးအမ ကို ခံယူ ရရှိပြီး ဆောက်တည်ဘို့ကတော့ ကြိုးစားနေရဆဲပါ…။ ကျွန်မကတော့ အတွေးနယ်ချဲ့တတ် သူတို့ ရဲ့ အလေ့အထ အတိုင်း တစ်ခါတစ်ခါ ဇာတ်လမ်း တစ်ပုဒ် ဆုံးကာနီးမှ သတိ ကဝင်လာတတ်တာ ဆိုတော့လည်း ဘဝဆိုတာ ခဏခဏပြောင်းနေမှာအမှန်ပါပဲ..။ ဘုန်းဘုန်း က အပူတွေ တစ်ပုံတစ်ပင် သယ်ယူလာတတ်သော ကျွန်မတို့အတွက်အတိုဆုံးတရား အမြဲဟောတတ်ပါတယ်… ( အခုနေသေခဲ့သော် ) လို့ထောက်ပြတဲ့အခါ…။ တွေးနေမိတဲ့ အပူဆုံးအာရုံ ပုံရိပ်အတိုင်း ဘ ၀ပြောင်းကြရတော့မှာပေါ့ ဆိုတာ ထိတ်လန့်တကြား တွေ့ မိရတာ မို့ ..အတွေး ပုံရိပ်မှန်သမျှ ဟာ ဖျူ့စ်က ဖြတ်ချ လိုက်သလို တိကနဲ ပြတ်ကြရတော့တာ ပါ..။

 ဘယ်လောက်တန် နေတဲ့အာရုံ ကိုပုံဖေါ် ကာပူလောင်နေကြတာပါလဲ..။ ကျွန်မ တို့ တွေးလေ့ရှိကြသော.... ထိုထို ပူပြင်း၊လောင်မြိုက်၊ ဆွေးမြေ့ ကြေကွဲ စေသော အာရုံ သည် အဘယ်မျှ ထိုက်တန်ပါသနည်း။ အဘယ်မျှတန်ဘိုး ရှိနေပါသနည်း။ ထိုထို အာရုံသည် ငွေကြေးအားဖြင့် သိန်းတစ်ထောင်လားသိန်း တစ်သောင်းလား ။ နာမည် တစ်ခုလား၊ အသည်းနှလုံးတစ်စုံလား ၊ ဘဝတစ်ခု လုံးလား၊ ပုံပေးနေရပါသလား၊ မျှော်လင့်ချက်တွေ…အိပ်မက်တွေ လဲပြို ထုချေ ခံလိုက်ရပါသလား…လား..လား..လား..။ ထိုသို့ တန်ကြေး ရှိသော အရာ နှင့်အပါယ်ဇာတိကိုလဲလှယ် လိုက်ကြတော့မှာလား ဆိုတဲ့မေးခွန်း အောက်မှာတော့ သံဝေဂ ဖြစ်တည် ထိတ်လန့် ရတာ မို့ ဘာကိုမှဆုပ်ကိုင်မထားရဲအောင်ပါ..။ 

ထို အရာ အတွက် ပူနေရင်ဖြင့် (အခုနေသေခဲ့သော်……) အပါယ်ဇာတိ သို့လားရမည်မှာ သူတော်ကောင်း တို့ က ကျေးဇူးတော်ရှင်မြတ်စွာဘုရားရှင် ရဲ့ ဆုံးအမ နဲ့ လမ်းပြခဲ့ကြသည်..။ တကယ်တော့လည်း အရိပ် ဆိုသည် မှာ အရိပ်သာ ဖြစ်၍ အကောင်လုပ်ကာ ၊အကောင်အထည် ထင်ကာ ၊ ငါ နှင့်ပေါင်းစပ်ခံစား ကြ သည်မှာ သံသရာရှည်လျား ကာလ များစွာ ကြာခဲ့ပါလေပြီ..။ အရိပ် သည် အရိပ် … ခန္ဒ္စာ ငါးပါး၊(ရုပ်နာမ် နှစ်ပါး) သာ ဖြစ်တယ်…… တည်မြဲမှုမရှိ….ဖြစ်တည် ပျက် ဖြစ်တည်ပျက်..ရယ်လို့ (ဘူတံဘူတတော ပဿဒ္ဒ္စိ) အရှိကိုအရှိအတိုင်း သိမြင်တဲ့ဉာဏ် အောက်မှာ တော့ ဖြိုခွဲ ပျောက်ကွယ် ရစမြဲပါ..။ အမှန်တကယ် ထွင်းဖေါက်သိမြင် ပြီးမပြတ်မလပ် နီပါးဆင်ခြင် နိုင်ကြသူများကတော့ ၃၁ ဘုံ မှာ ဇာတိပင်ပြန်မလာ ကြတော့ပါ..။ ကျွန်မတို့က တော့ (အချိန်တိုင်းတွေး နေရင်းဘဝပြောင်းနေသည် ) ဆိုတဲ့အဆုံးအမ ကို တတ်စွမ်းသမျှ ဆင်ခြင် လျှက်.......ကြိုးစားရပါမည်..။ ဒါကိုပင် ကျေးဇူးတော်ရှင် ဆရာတော်ဘုရား က ((အဆုံးအမ ကို ရရှိထားသူတစ်ဦး ၏ မြင်နိုင်ခဲသော လမ်းခွဲအစ)) ရယ် လို့ ရည် ညွှန်းပြောဆို ဆုံးမ ခဲ့ပါတယ်..။ ဘယ်လမ်းခွဲ ကိုလိုက်ကြမှာလဲ..။ ဓမ္မမိတ်ဆွေများ..။ ဤ စာစု ဖြင့် ကျေးဇူးတော် ရှင်ပိုင်းလော့ဆရာတော်ဘုရားအား ဦးညွှတ်ပူဇော် ကန်တော့အပ်ပါသည်။ မေတ္တာဖြင့် သစ္စာအလင်း
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ