ကမ္မဋ္ဌာန်းတရား အားထုတ်သော ပုဂ္ဂိုလ်တို့တွင် ပြည့်စုံရမည့် အင်္ဂါငါးပါးရှိပါတယ်
ပဓာနိယင်္ဂသုတ်ဆိုပြီး မြတ်စွာဘုရားဟောကြားတော်မူထားပါတယ်

ယုံကြည် ကျန်းမာ ဖြောင့်စင်းစွာဖြင့် ပြင်းစွာအားထုတ်
နာမ်နှင့်ရုပ်ကို ဖြစ်ချုပ်မြင်သိ ငါးပါးရှိ ပဓာနိယင်္ဂခေါ်
(ကျေးဇူးတော်ရှင် ဓမ္မစေတီဆရာတော်)
မိုးကုတ်ဆရာတော်ကြီး ဟောကြားတော်မူသောပဓာနိယင်္ဂသုတ်
************************
တရားအားထုတ်ကြတဲ့ ပုဂ္ဂိုလ်တွေဟာ အင်္ဂါငါးပါး ပြည့်စုံလို့ရှိရင်ဖြင့် မဂ်ဉာဏ်ဖိုလ်ဉာဏ် ရနိုင်တယ်လို့ ဗောဓိရာဇကုမာရ ကိုဟောထားတာရှိတယ်။
(၁) ယုံကြည်ရမယ်
၁-နံပါတ်က ဘာလို့မေးတဲ့ အခါကျတော့မှ ဒကာ ဒကာမတို့၊ ဘုရားသခင် ကိုယ်တော်မြတ်ကြီး သဗ္ဗညုတ ဉာဏ်တော်နဲ့ သိနေတဲ့ တရားတွေ ကိုယ်တော်မြတ်ကြီး ဟာ အကုန်သိပေတာပဲ မဟုတ်ရင် တစ်လုံးမှ မပြောဘူး မှန်တာချည်းပဲ ပြောတယ်။ မှန်တာကိုလည်း အင်မတန်သုံး လေ့ရှိတယ်။ သစ္စာဆိုက်အောင် ပြောတဲ့ ကိုယ်တော်ကြီး ဖြစ်လေသောကြောင့် သူ့ပေါ်မှာ ဂုဏ်တော်ကိုးပါးတွေ ရှိတာ၊ ယုံယုံကြည်ကြည်နဲ့ ဦးခင်မောင်တို့ ဒကာတို့ အားထုတ်ရလိမ့် မယ်နော် (မှန်ပါ)။ ဘုရားအပေါ်မှာ ယုံကြည်ရမယ်ပေါ့ဗျာ (မှန်ပါ)။
(၂) ကျန်းမာရမယ်
သူ့အပေါ် ယုံကြည်ငြား သော်လည်း ကိုယ်က မကျန်းမာ၊ ပြန်တော့လည်း အားထုတ်တဲ့ အရေးက နှောင့်နှေးလိမ့်မယ် (မှန်ပါ)။ ဒါကြောင့် ယုံကြည်ပြီးသည့် အခြားမဲ့၌၊ ဘုန်းကြီးတို့ ဒကာ ဒကာမတွေ ကျန်းမာရေး ကလေးလည်း ဂရုစိုက်ပါ (မှန်ပါ ဘုရား)။
တရားအားထုတ်တော့မယ် ဆိုတော့ ဘုရားကို ယုံကြည်တာရယ် ပြီးတော့ ကျန်းမာမှု ရယ် ဘယ်နှစ်ခုရှိသွားပြီလဲ (နှစ်ခုပါ ဘုရား)။ အဲယုံကြည်, ကျန်းမာ (မှန်ပါ)။
(၃) စိတ်ထားဖြောင့်ရမယ်
စိတ်ကိုလည်း ဖြောင့်ဖြောင့် ထားပါ။ ဖြစ်ပျက်မြင်ရင် ဖြစ် ပျက် မြင်တာပေါ့။ မုန်းရင် မုန်းတာပေါ့။ ဆုံးရင်ဖြင့် ဆုံးတယ်လို့ ဆရာသမားများ မေးမြန်းတဲ့ အခါကျလို့ရှိရင်၊ ဒကာ ဒကာမတို့ စိတ် ဖြောင့်ဖြောင့် ထားပြီး တရားအားထုတ်တဲ့ အခါ ပြောကြဆို ကြပါနော် (မှန်ပါ့)။ ဒါဖြင့် ယုံကြည်, ကျန်းမာ, စိတ်ဖြောင့် စွာဖြင့် သုံးခ ုရှိသွားပြီ (မှန်ပါ ဘုရား)။
(၄) လွန်စွာ အားထုတ်ရမယ်
ကိုင်း ဒါဖြင့် အားထုတ်တဲ့ အခါကျတော့ ဘယ်လိုအား ထုတ်ရမှာတုံးဆိုတော့၊ ဒကာ ဒကာမတို့ ကိုယ့်အပါယ်လေးပါး တံခါးကို ကိုယ်ပိတ်တဲ့ဥစ္စာပဲ နှေးနှေးပိတ်ရ တော်မလား အမြန် အားထုတ် ပိတ်ရရင်တော်မလား (အမြန်အားထုတ် ပိတ်ရ ရင်တော်ပါတယ် ဘုရား)။ ကိုယ့် အိုဘေးနာဘေး သေဘေးတွေ ကို ကိုယ်ပဲမလိုချင်လို့၊ ကိုယ်ပဲ အိုဘေးနာဘေး သေဘေးနဲ့ ခွဲတဲ့အလုပ် လုပ်တာကို အားစိုက်ပြီးအား ထုတ်ကြပါဆိုတဲ့ အားထုတ်မှုကလေးလည်း ဒကာ ဒကာမတွေ ဖြစ်ပျက်ရှုတဲ့အခါ အားစိုက်ပြီးရှုကြပါ (မှန်ပါ ဘုရား)။ ဒါဖြင့် လွန်စွာအားထုတ် (မှန်ပါ)။
နာမ်နဲ့ ရုပ်ကို
ဘယ်သူ့ အားထုတ်ရမှာတုံးဆိုတော့ နာမ်ကြိုက်ရင် နာမ်အားထုတ်ပါ။ ရုပ်ကြိုက်ရင် ရုပ်အားထုတ်ပါ။ ရုပ်လဲရင် နာမ်လဲတာပဲ။ ရုပ်ပြိုရင် နာမ်လည်း ပြိုတာပဲ ဆိုတာလည်း ဒကာ ဒကာမတွေကို ပြောထားလို့ သိနေပါပြီ (မှန်ပါ ဘုရား)။ လွန်စွာ အားထုတ်နာမ်နဲ့ရုပ်ကို (မှန်ပါ)။
(၅) ဖြစ်ပျက်မြင်ရမယ်
ဘယ်လိုမြင်ရမှာတုံးဆိုတော့ ဖြစ်, ချုပ်ဉာဏ်မြင်တဲ့။ ဖြစ်တာကလေးနဲ့ ချုပ်တာကလေးကို ဪ ဖြစ် သွားလို့ ပျက်တာပဲ ဪ ဖြစ်လို့ပျက်တာပဲ ဪ ဖြစ်လို့ပျက်တာပဲ ဆိုပြီး ဖြစ်ပျက်ကို မြင်ရလိမ့်မယ်နော် (မှန်ပါ ဘုရား) ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင် မှန်ပင်မဂ်ရကြောင်း၊ တဲ့ (မှန်ပါ)။
ဒကာ ဒကာမတို့ ဒါဟာပဓာနိယင်္ဂမတရား ငါးပါး လို့ခေါ်ပါတယ် (မှန်ပါ)။ ဗောဓိရာဇကုမာရ မင်းသားကိုလည်း ဟောပါတယ်၊ အင်္ဂုတ္တုရ်၊ ပါဠိတော်ကြီးမှာလည်း ဟိုနေရာ ဒီနေ ရာ ဆိုသလိုပဲ မဂ်ရကြောင်းတွေပြတဲ့ နေရာဌာနကျတော့ ဒကာ ဒကာမတို့ ဤငါးပါးဟာ ပါတာပဲ (မှန်ပါ)။ အကျဉ်းဆောင် ပုဒ်မှတ်ထားကြပါ။
‘‘ယုံကြည်, ကျန်းမာ, စိတ်ဖြောင့်စွာဖြင့်၊
လွန်စွာ အားထုတ်၊ နာမ်နှင့်ရုပ်ကို၊
ဖြစ်ချုပ်ဉာဏ်မြင်၊ ဤငါးအင်၊
မှန်ပင်မဂ် ရကြောင်း။
အရင်နှစ်တွေက ရပြီးသားပုဂ္ဂိုလ်တွေကတော့ ရပြီးသား ဖြစ်ကြလိမ့်မယ်နော်။ ဒီနှစ်မရသေးတဲ့ ပုဂ္ဂိုလ်များကတော့ ဒါလေးတော့ ရအောင် ဆိုကြရလိမ့်မယ် (မှန်ပါ)။
ဘာ့ကြောင့်တုံး တန်းခူးလမှာကို အားထုတ်တော့မှာ။ အားထုတ်တဲ့ အခါ ကျတော့ ဘုရားလည်းယုံ ကြည်ပါ၏, သံဃာလည်း ယုံကြည်ပါ ၏။ ဒါကြောင့် ယုံကြည် ကျန်းမာ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာ အားထုတ်၊ နာမ်နဲ့ရုပ်ကို ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင်မှန်ပင် မဂ်ရကြောင်းတဲ့ (မှန်ပါ)။
မဂ်ရဖို့အကြောင်း ငါးပါး
ဒကာ ဒကာမတို့
ယုံကြည်မှု (၁)နံပါတ်ဖြစ်ရမယ်နော် (မှန်ပါ)။
(၂) ကိုယ့်ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်နော် (မှန်ပါ)။
(၃) စိတ်ကိုလည်း ဖြောင့်ဖြောင့်ထားရမယ်၊ လိမ်ကောက်ကျစ်တဲ့စိတ်မပါပါစေနဲ့။ မမြင်တာကို မမြင်ဘူး, မြင်တာကို မြင်တယ်လို့ပဲပြောပါ (မှန်ပါ)။
(၄) လွန်စွာလည်း အားထုတ်ပါတဲ့၊ ဝီရိယစိုက်ပါနော် ဘယ်အပေါ်မှာ အားထုတ်ရ မှာတုံး မေးတဲ့ အခါကျတော့ နာမ်နဲ့ရုပ်အပေါ်မှာ တစ်ခုခုအပေါ်မှာ အားထုတ်ပါ (မှန်ပါ)။ နာမ်ကို အားထုတ်လို့ရှိရင်လည်း နာမ်တင် အားထုတ်တာက သာတောင်ကောင်းတယ်၊ ဉာဏ်နုံ့သူများမှာ (မှန်ပါ)။ ရုပ်ကိုအားထုတ်ရင်လည်း ရုပ်ပေါ်မှာ ဖိပြီးအား ထုတ်ပါ(မှန်ပါ) ဉာဏ်နုံ့သူ ဖြစ်လျှင် တွဲပြီးတော့ အားမထုတ်တာ ကပိုကောင်းပါတယ် (မှန်ပါ)။
(၅)ဖြစ်ချုပ်ဉာဏ်မြင် တဲ့ ဒကာ ဒကာမတို့ ဖြစ်တာနဲ့ ပျက်တာကိုမြင်ရမယ် (မှန်ပါ)။
ဒါနှင့် ပြည့်စုံရင်မဂ်ရမယ်
ဤငါးအင် အမှန်ပင်မဂ်ရကြောင်း တဲ့ ဒီငါးပါးနှင့် စုံလို့ရှိရင်ဖြင့်၊ မဂ်ဉာဏ် ဖိုလ်ဉာဏ် ဧကန်ရပြီး အပါယ်လေးပါး တံခါးပိတ် ကိုယ့်အိုဘေး နာဘေး သေဘေးတွေလည်း ကိုယ့်ဟာ ကို လွတ်ရေး ကျွတ်ရေး အဖြစ်နဲ့ပဲ ကိစ္စပြီးသွားတော့၊ ဒကာ ဒကာမတို့ ဒီအတိုင်း ကြိုးစားရင် မရမရှိပါဘူး (မှန်ပါ) သဘော ပါကြပလား (ပါပါပြီ)။
ဘယ်နှစ်ချက်ပါလိမ့် (ငါးချက်ပါ ဘုရား) ဒီငါးပါး ပြည့်စုံရင် ဘာတဲ့တုံး (မဂ်ရနိုင်ပါတယ်)။
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ