တောင်ဖီလာဆရာတော်ကြီး၏ နှလုံးသွင်းအပ်သော နည်းနာများ
*********************************
၁။ အကြင်အရပ်သည် အသက်၏အန္တရာယ်ကိုလည်းကောင်း၊
အနာရောဂါရအပ်သော အကြောင်းကိုလည်းကောင်း တွေးသိ
ရာ၏။ ထိုအရပ်ကိုတပ်မက်၍ မနေအပ်။ အသက်ရှည်မည့်အရပ်
အနာကင်းမည့်အရပ်သို့ သွားရာ၏။

၂။ ပညာရှိဟူသည် ကာမဟုတ်သည်ကိုလည်းကောင်း၊ အရပ်
မဟုတ်သည်၌ အမှီတံကဲအပေါင်းအဖော် အဆွေ
ခင်ပွန်းကောင်း မရှိသည်၌်လည်းကောင်း၊ မယုံရသောအခါ၌
လည်းကောင်း၊ ဥစ္စာကိုမဖော်ထုတ်သင့်။ အတတ်ပညာကိုလည်း
မဖော်ထုတ်သင့်။ အမျိုးအမည်လည်းမဖော်ထုတ်သင့်။ ကောင်းစွာ
သော ကာလ၊ ဒေသ၊ အပေါင်းအဖော် အမှီတံကဲကို ရယူ၍ယုံကြည်
အံ့သောအခါ၌သာလျှင် ဖော်ထုတ်ရာ၏။

၃။ ဥစ္စာပုံကိုတွေ့ငြားသော်လည်း အဆောတလျင်ယူ၍
မသုံးစွဲသင့်ပေ။ သင့်တင့်စွာသော ဥပါယ်တံမျဉ်ဖြင့်
သုံးသပ်လေ့လာပြီးမှ ယူ၍ သုံးစွဲသင့်၏။

၄။ ဥစ္စာရှိသောသူသည် ဥစ္စာဟန်မထားဘဲ နှိမ့်ချကျိုးနွံစွာ
ပြုမူကား ဥစ္စာလည်း တည်ကြည်၏။ ခိုက်ရန်လည်းနည်း
၏။ ချီးမွှမ်းလည်းခံရ၏။ ဥစ္စာဟန်ထားမူ ခိုက်ရန်လည်း
များ၏။ ဘေးဒဏ်လည်းများ၏။

၅။ စည်းစိမ်ချမ်းသာရှိပြီးသူတို့သည် စည်းစိမ်ချမ်းသာလျော့
ခဲ့သော်လည်းကောင်း၊ အခြံအရံများသောသူသည် အခြံအရံမှ
လျော့ခဲ့သော်လည်းကောင်း၊ စိတ်၏ကျဉ်းမြောင်းခြင်းကိုမပြု
အပ်။ ဟီရိသြတ္တပ္ပနှင့် ပြည့်စုံသည်ဖြစ်၍ ပညာရှိတို့ကဲ့ရဲ့ခြင်း
ဘေးမှ လွတ်၍ စီးပွားချမ်းသာမည့်အကြောင်းကိုသာအား
ထုတ်နုလုံးသွင်းရာ၏။

၆။ ပညာရှိသောသူတို့သည် အကြားအမြင်များခြင်းတည်း
ဟူသော ဗဟုသုတကို ဆည်းပူးကြကုန်၏။ ဗဟုသုတများ
ခြင်းသည် ပစ္စုပ္ပန်သံသရာ အကျိုးနှစ်ပါးလုံးကိုပြီးစေနိုင်
၏။

၇။ အကြင်သူသည်
(၁) ချမ်းလွန်းသေးသည်ဟူ၍ အမှုကိုမပြုဘဲနေ၏။
(၂) ပူလွန်းသေးသည်ဟူ၍ အမှုကိုမပြုဘဲနေ၏။
(၃) မိုးချုပ်ခဲ့ပြီဟူ၍ အမှုကိုမပြုဘဲနေ၏။
(၄) အေးလွန်းသည်ဟူ၍ အမှုကိုမပြုဘဲနေ၏။
(၅) ထမင်းဆာသည်ဟူ၍ အမှုကိုမပြုဘဲနေ၏။
(၆) ထမင်းဝလွန်းသည်ဟု အမှုကိုမပြုဘဲနေ၏။
ဤသို့လျှင် အမှုရှာ၍ ယိုးမယ်ဖွဲ့ပြုအပ်သောအမှုကို
မပြုဘဲနေသူအား မဖြစ်သေးသောစည်းစိမ်တို့သည်
မဖြစ်ကုန်။ ဖြစ်ပြီးသောစည်းစိမ်တို့သည်လည်းကုန်
ခြင်းသို့ ရောက်ကုန်၏။

၈။ လုံ့လဝီရိယအားထုတ်ခြင်းသည်ကား အလွန်အကျိုး
များစွာရ၏။ မိမိ၏စီးပွားကိုလည်းကောင်း၊ သူတစ်ပါး
စီးပွားကိုလည်းကောင်း ပြီးစေနိုင်၍ လောက၌ပြုစရာ
သော ဝတ်သည် ပြီးစေနိုင်၏။

၉။ ကိုယ်ဖြင့်စင်ကြယ်ခြင်း၊ စကားဖြင့်စင်ကြယ်ခြင်း၊
နှလုံးဖြင့်စင်ကြယ်ခြင်းစသည့် သုစိကမ္မတည်းဟူသော
စင်ကြယ်ခြင်းသည် ဘုန်းအသရေတိုးတက်ခြင်း၏
အကြောင်းလည်းဖြစ်၏။ စည်းစိမ်ချမ်းသာရခြင်း၏
အကြောင်းလည်းဖြစ်၏။

၁၀။ အရာခပ်သိမ်းကိစ္စကြီးငယ်မှန်သမျှတို့ကို မစူးမစမ်း
မဆင်မခြင်မပြုဘိမူကား ကြီးသောအမှုကိုလည်းအငယ်၊
ငယ်သောအမှုကိုလည်း အကြီးပြုမိတတ်၏။ သို့ဖြစ်၍
အရာခပ်သိမ်း စူးစမ်းဆင်ခြင်၍သာပြုရာ၏။
---------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်