ဒုက္ခကိုယ်စီ ရှိကြသည်
ရုပ်နာမ်နှစ်ပါးဖြင့် တည်ဆောက်ထားသည့် သတ္တဝါမှန်သမျှ ဒုက္ခဟူသည် ရှိကြသည်သာ ဖြစ်၏။ လူလည်းရှိ၏။ နတ်လည်းရှိ၏။ ဗြဟ္မာလည်းရှိ၏။ တိရစ္ဆာန်လည်း ရှိ၏။ ပုထုဇဉ်လည်း ရှိ၏။ အရိယာလည်း ရှိ၏။ မည်သည့် ဘုံဘဝတွင် ရှိနေကြသည့် သတ္တဝါများ ဖြစ်ပါစေ ရုပ်နာမ်နှစ်ပါး ပိုင်ဆိုင်ထားသဖြင့် ဒုက္ခတရားလည်း ပိုင်ဆိုင်ထားပြီး ဖြစ်၏။ ရုပ်နာမ်ရှိနေသမျှ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းဟူသည့် ဒုက္ခတရားများလည်း ရှိနေကြမည်သာ ဖြစ်၏။
မည်မျှချမ်းသာသည့် သူဖြစ်စေ၊ မည်မျှဆင်းရဲသည့် သူဖြစ်စေ၊ မည်မျှတန်ခိုးရှိသည့် သူဖြစ်စေ၊ မည်မျှအားနည်းသည့် သူဖြစ်စေ၊ မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားပင် ဖြစ်စေ၊ မည်သည့်နေရာ မည်သည့်နိုင်ငံတွင် နေသည့်သူဖြစ်စေ ရုပ်နာမ်အစု ရှိနေသမျှ ဒုက္ခအစုလည်း ရှိနေကြမည်သာ ဖြစ်၏။ ဒုက္ခဟူသည် ကိလေသာကုန်ခမ်း၍ ဘဝသစ်တစ်ဖန် မဖြစ်တော့သည့် အခါမှသာ နောက်ထပ်တစ်ဖန် ဒုက္ခဖြစ်ရန်လည်း မရှိနိုင်ခြင်း ဖြစ်၏။
ဘဝသစ်ရှိနေလျှင် ခန္ဓာသစ်လည်း ရှိနေမည်ဖြစ်ပြီး ခန္ဓာရှိနေသမျှ ဒုက္ခလည်း ရှိနေကြမည် ဖြစ်သဖြင့် မည်သည့်သတ္တဝါမဆို ခန္ဓာကိုအမှီပြု၍ ဒုက္ခကိုယ်စီ ရှိနေကြသည်သာ ဖြစ်၏။ သို့သော် သတ္တဝါများသည်ကား ခန္ဓာရှိ၍ ဒုက္ခရှိသည့် အမှန်သစ္စာကို မသိကြသဖြင့် ရုပ်နာမ်အစုကို အမှီပြု၍ ဖြစ်ပေါ်လာသည့် ဆင်းရဲခြင်းဒုက္ခများနှင့် ကြုံတွေ့ကြသည့်အခါ “ငါ့မှလာပြီး ဒီလိုဒုက္ခဖြစ်ရတယ်၊ ငါ့ဒုက္ခက ပိုပြီးကြီးတယ်၊ ဒုက္ခတွေကလည်း ငါ့မှာပဲ ဖြစ်နေကြတယ်” စသည်ဖြင့် တွေးထင်မိကာ မိမိဖြစ်သည့် ဒုက္ခကသာ ပြင်းထန်ကြီးမားကြသည်ဟု ထင်နေတတ်ကြ၏။ မိမိခံစားရမှသာ ဆင်းရဲအစစ်ဟု ထင်နေတတ်ကြ၏။
ထို့အပြင် မိမိ၏ ဒုက္ခကို သူတပါး၏ တဒင်္ဂ သုခများဖြင့် ချိန်ထိုးကား ရုပ်ပိုင်းဆိုင်ရာချမ်းသာသူများ၊ အကောင်းစား၍ အကောင်းဝတ်ကာ အကောင်းနေရသူများကို ကြည့်၍လည်း မိမိတို့၏ ဆင်းရဲအပေါ်ပို၍ ခံစားတတ်ကြ၏။ ချမ်းသာသူများကို ကြည့်ကာ အားကျတတ်ကြ၏။ တစ်ခါက စာရေးသူ ကိုရီးယားမှ မြန်မာပြည် အခိုက်အတန့် ပြန်သွားစဉ် မြန်မာပြည်တွင် ရှိနေကြသည့် စာရေးသူ၏ ဆွေမျိုးများနှင့် ဒကာဒကာမအချို့က ကိုရီးယားနိုင်ငံတွင် သီတင်းသုံးနေသည့် စာရေးသူအား “အရှင်ဘုရားတို့ ဘဝပဲ ကောင်းပါတယ်ဘုရား၊ ဘာမှပူစရာ မရှိဘူး၊
ကိုရီးယားကလည်း အရမ်းချမ်းသာတော့ အရှင်ဘုရားတို့လည်း ချမ်းချမ်းသာသာရှိပြီး ငြိမ်းချမ်းနေမှာပါ၊ မြန်မာပြည်ကတော့ အရှင်ဘုရားတို့ သိတဲ့အတိုင်း အစစအရာ ဒုက္ခတွေချည်းပဲဘုရား၊ ဖြစ်နိုင်ရင် ပြန်မလာနဲ့ဘုရား အဲဒီမှာပဲ နေလိုက်တော့ဘုရား” စသည်ဖြင့် ရုပ်ရှင်ဒရာမ ဇာတ်ကားထဲမှ ကိုရီးယား၏ ပုံရိပ်များကိုကြည့်ကာ အားကျစိတ်ဖြင့် ပြောဆိုလျှောက်ထားဖူး၏။ မြန်မာပြည်တွင် ခံစားရသည့် မိမိတို့၏ ဒုက္ခကို ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် ချမ်းသာသည်ဟု ထင်နေကြသည့် ချမ်းသာသည့် နိုင်ငံရှိလူများနှင့် ချိန်ထိုးကား အားလည်းကျ၊ မိမိတို့၏ ဒုက္ခကိုလည်း အလွန်ပြင်းထန်လှသည်ဟု ထင်နေကြခြင်း ဖြစ်၏။
စင်စစ် စာရေးသူအပါအဝင် တိုးတက်သည့် နိုင်ငံတွင် ရောက်နေကြသည့် မြန်မာများနှင့် ထိုတိုးတက်သည့် နိုင်ငံတွင် ရှိနေကြသည့် ဆိုင်ရာနိုင်ငံသားများသည် မြန်မာပြည်တွင်းရှိ အများပြည်သူ ထင်နေကြသကဲ့သို့ ချမ်းသာသူများ၊ ငြိမ်းချမ်းသည့် သူများကား မဟုတ်လှပေ။ သူ့အထွာနှင့်သူ ပြဲသည်ဟု ဆိုသကဲ့သို့ သူ့ဒုက္ခနှင့်သူ ဆင်းရဲနေကြသည်သာ ဖြစ်၏။ ရုပ်ပိုင်းဆိုင်ရာ တိုးတက်သဖြင့် ချမ်းသာသည်ဟု ထင်နေရသော်လည်း စိတ်ပိုင်းဆိုင်ရာ ဒုက္ခများကား မချမ်းသာသည့်သူ၊ မရှိသည့်သူများထက်ပင် ပိုများနေသေး၏။ ရုပ်ဝတ္ထုချမ်းသာသော်လည်း စိတ်အစဉ်မှာ မချမ်းသာသဖြင့် စိတ်ဖိစီးမှုများ၊ စိတ်သောကဖြစ်မှုများ၊ စိတ်ခံစားမှုများဖြင့် စိတ်အစဉ်မှာ ပို၍ပင် ဆင်းရဲနေတတ်၏။ ထို့ကြောင့်လည်း တစ်ခါတရံ စိတ်ဖိစီးမှုကို မခံနိုင်သဖြင့် မိမိကိုယ်ကို အဆုံးစီရင်သည်အထိ ပြုလုပ်တတ်သူများ ရှိတတ်၏။ ဤသည်မှာ ဒုက္ခကို ဒုက္ခဟု မသိဘဲ သုခဟု ထင်မိရာက ထင်တိုင်းမဖြစ်သဖြင့် ဖြစ်ချင်ရာဖြစ် လုပ်ပစ်လိုက်ကြခြင်း ဖြစ်၏။ သိပ်မကြာသေးခင်က စာရေးသူ၏ ကျောင်းသို့ ကိုရီးယား ဒကာမတစ်ဦး ရောက်လာခဲ့၏။ သူ့ကြည့်ရသည်မှာ စိတ်သောကခံစားနေရသည့် အသွင်ကို အထင်အရှား တွေ့နေရ၏။ နောက်စာရေးသူအား သူ့ဒုက္ခကို ကုစားပေးရန် လျှောက်ထား၏။ ထိုဒကာမသည် ဝတ္ထုကြေးငွေ ချမ်းသာသည့် သဘောရှိ၏။
လိုချင်သည့် အရာဝတ္ထုမှန်သမျှ လိုသလို ဝယ်ယူသုံးဆောင်နိုင်၏။ သို့သော် ဝယ်မရသည်ကား စိတ်ဒုက္ခကို သက်သာပျောက်ကင်းစေမည့် အရာပင်ဖြစ်၏။ ထိုဒကာမ၏ ဒုက္ခမှာ လင်ယောက်ျား၏ အိမ်ထောင်ရေးဖောက်ပြန်မှု၊ သားသမီးများ၏ မိမိအပေါ် ဆက်ဆံမှု၊ စကားနားမထောင်မှု၊ အိမ်ထောင်ရေး အဆင်မပြေမှု စသည်များပင် ဖြစ်၏။ ထိုသို့သော ဒုက္ခများကြောင့် အမျိုးမျိုးသောနည်းများဖြင့် ကုစားသော်လည်း မရနိုင်သဖြင့် နောက်ဆုံးတွင် စာရေးသူ၏ကျောင်းသို့ ရောက်လာခဲ့ခြင်း၏။ စာရေးသူလည်း ဘုရားနည်းအတိုင်း ဓမ္မဖြင့်သာ ကုစားရန်ဟောပြောပေးပြီး ဝိပဿနာ အလုပ်ကို အားထုတ်စေခဲ့၏။ ယခုဆိုလျင် ထိုဒကာမ၏ ဒုက္ခများ အထိုက်အလျောက် သက်သာလာနေသည့် သဘောရှိ၏။ ဆိုလိုသည်မှာ အများက အားကျလှသည့် တိုးတက်သည့် နိုင်ငံများရှိ ထိုထိုပုဂ္ဂိုလ် အပေါင်းတို့သည် ရုပ်ဝတ္ထုချမ်းသာသော်လည်း စိတ်မချမ်းသာသဖြင့် ဒုက္ခကိုယ်စီ ရှိနေကြောင်း သိစေလိုရင်း ဖြစ်၏။ အရင်းစစ်သော် ဒုက္ခဟူသည် ရုပ်ရနေသမျှ ဖြစ်နေကြမည်မှာ ထင်ရှားလှပေ၏။ မှန်၏။ ဒုက္ခ၏ သဘောမှာ ရုပ်ရနေသမျှ မုချတွေ့နေရမည် ဖြစ်သဖြင့် ချမ်းသာသူပင်ဖြစ်စေ၊ ဆင်းရဲသူပင်ဖြစ်စေ၊ မည်သည့်နိုင်ငံ၊ မည်သည့်လူမျိုးပင် ဖြစ်စေ ရုပ်နာမ်ရှိသဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲကား ရှိနေကြမည်သာ ဖြစ်၏။
ဘုရားရဟန္တာ အရိယာအဖြစ် ရောက်သွားမှသာ ထိုဒုက္ခများ အမှန်ပပျောက်သွားမည် ဖြစ်၏။ သို့သည်တိုင် ဘုရားရဟန္တာ အရိယာများသည်လည်း အသက်ရှင်နေသည့် ထိုဘဝတွင် ကာယိကဒုက္ခခေါ် ကိုယ်ဆင်းရဲများကား ရှိနေသေးကြသည်သာ ဖြစ်၏။ စင်စစ်သော် မြတ်စွာဘုရား ဟောတော်မူသကဲ့သို့ ဒုက္ခဟူသည် ချမ်းသာသည့်နေရာ၊ ချမ်းသာသည့် လူမျိုးစသည်များဖြင့် မသက်ဆိုင်ဘဲ ရုပ်နာမ်အစု ပိုင်ဆိုင်ထားမှုနှင့်သာ သက်ဆိုင်သဖြင့် ခန္ဓာအစု ရှိနေသမျှ ဒုက္ခလည်းပဲ ရှိနေကြမည်သာ ဖြစ်၏။ ဤနေရာတွင် ဒုက္ခသစ္စာနှင့် ပတ်သက်၍ မြတ်စွာဘုရား၏ ဖွင့်ဆိုချက်က ရှင်းလွန်းလှ၏။
မြတ်စွာဘုရားရှင်က “ရဟန်းတို့ ပဋိသန္ဓေနေရခြင်းသည်လည်း ဒုက္ခတည်း၊ အိုရခြင်းသည်လည်း ဒုက္ခတည်း၊ နာရခြင်းသည်လည်း ဒုက္ခတည်း၊ သေရခြင်းသည်လည်း ဒုက္ခတည်း၊ မချစ်မနှစ်သက်သည်များနှင့် အတူတကွ ယှဉ်တွဲနေထိုင်ရခြင်း သည်လည်း ဒုက္ခတည်း၊ ချစ်ခင်နှစ်သက် စုံမက်သည်များနှင့် သေကွဲရှင်ကွဲ ကွဲရခြင်းသည်လည်း ဒုက္ခတည်း၊ အလိုရှိသည့်အရာကို မရခြင်းသည်လည်း ဒုက္ခတည်း၊ အကျဉ်းအားဖြင့် တပ်မက်စွဲလန်းတတ်သည့် ခန္ဓာငါးပါးသည်လည်း ဒုက္ခပင်တည်း” ဟု ဒုက္ခ၏ သဘောအမှန်ကို ဟောပြတော်မူထား၏။ ဘုရားရှင် ဟောတော်မူထားသည့် ဒုက္ခတရား၏ အဖွင့်များအရ သတ္တဝါတိုင်း ဒုက္ခကိုယ်စီ ရှိနေကြသည်မှာ ထင်ရှားလှ၏။
သတ္တဝါမှန်သမျှ မွေးဖွားမှုအစ ဒုက္ခမှသည် အိုရသည့်ဒုက္ခ၊ နာရသည့်ဒုက္ခ အပါအဝင် သေရသည့် ဒုက္ခအဆုံးအထိ ဆင်းရဲအစုဖြင့် ဘဝကို ဖြတ်သန်းကြရ၏။ မွေးဖွားနှင့် သေဆုံးမှုကြားကာလတွင်လည်း မချစ်မနှစ်သက်သည်များနှင့် အတူရှိနေရသည့် ဆင်းရဲ၊ ချစ်ခင်နှစ်သက်သည်များနှင့် ကွဲကွာရသည့် ဆင်းရဲ၊ အလိုရှိသည်ကို မရသဖြင့် ခံစားရသည့် ဆင်းရဲများနှင့်လည်း ကြုံတွေ့ကြရ၏။ ထို့ထက်အလွန် အခြေခံ အကျဆုံးဖြစ်သည့် ခန္ဓာအစုကို အမှီပြုရသည့် ဆင်းရဲသည်ကား သတ္တဝါတိုင်း ရှောင်လွဲမရ ကြုံတွေ့ကြရသည့် ဆင်းရဲအမှန် ဖြစ်နေကြခြင်းပင် ဖြစ်၏။ ထိုဆင်းရဲအားလုံးသည် လူမျိုးနှင့်မဆိုင်၊ နိုင်ငံနှင့်မဆိုင်ဘဲ ခန္ဓာအစုနှင့်သာဆိုင်သည့် ဆင်းရဲများဖြစ်သဖြင့် ရုပ်နာမ်နှစ်ခုကို ပိုင်ဆိုင်ထားသည့် သတ္တဝါမှန်သမျှ မြန်မာဖြစ်စေ၊ တရုတ်ဖြစ်စေ၊ ကိုရီးယားဖြစ်စေ၊ ဂျပန်ဖြစ်စေ၊ အမေရိကန်၊ အင်္ဂလန် စသည်ဖြစ်စေ မည့်သည့်နိုင်ငံ၊ မည်သည့်လူမျိုးမဆို အမှန်မလွဲ တွေ့ကြုံကြရမည့် ဒုက္ခသဘောပင် ဖြစ်ပါ၏။
အပေါ်ယံအားဖြင့် ကြည့်လျှင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများကြောင့် တဒင်္ဂ အခိုက်အတန့်အားဖြင့် ချမ်းသာသည်ဟု ထင်နေတတ်ကြသော်လည်း ခန္ဓာအစုကို ပိုင်ဆိုင်ထားသမျှ ထိုအခိုက်အတန့် ချမ်းသာမှု၏ နောက်တွင် ဆင်းရဲအစုများက ရောက်နေကြမည်သာ ဖြစ်၏။ မမြဲသည့် ခန္ဓာအစုကို ပိုင်ဆိုင်ထားသဖြင့် မမြဲခြင်း သဘောတရားအရ ရုပ်လည်းဖောက်ပြန်မည်ဖြစ်ပြီး စိတ်လည်းဖောက်ပြန်နေမည်သာ ဖြစ်၏။ ဖောက်ပြန်နေသမျှ ဆင်းရဲလည်း ရနေကြမည်သာ ဖြစ်၏။ ထိုသို့ ဖောက်ပြန်တတ်သည့် သဘောရှိသဖြင့် ဖောက်ပြန်တတ်သည့်အပေါ် ဆင်းရဲသည်ဟုဆိုသော် ထိုဆင်းရဲသည် မိမိသန္တာန်တွင်သာ ရှိသည်မဟုတ် သတ္တဝါအားလုံးမှာပင် ရှိနေသည်ဟုသည့် အချက်ကို သတိပြုရမည် ဖြစ်၏။
သတိပြုရုံတွင်မဟုတ်ဘဲ ထိုဒုက္ခအားလုံး၏ ဖြစ်ပေါ်ရာ အကြောင်းတရားဖြစ်သည့် တွယ်တာမှု သမုဒယ တဏှာကိုလည်း ပယ်သတ်နိုင်ရန် ကြိုးစားသင့်လှ၏။ ခန္ဓာအစု ရှိသဖြင့် ဆင်းရဲဖြစ်သည့် အပေါ်တွင် ပင်ပန်းသည်ဟု ထင်နေသော် ထိုဆင်းရဲ၏ ဖြစ်ကြောင်းတဏှာကို သီလအခြေခံသည့် ဝိပဿနာ အကျင့်တရားဖြင့် အကြွင်းမဲ့ ပယ်သတ်နိုင်ရန် အားထုတ်သင့်လှ၏။ ဒုက္ခအားလုံးသည် သမုဒယကြောင့် ဖြစ်သည်ကို သိအောင်ကြိုးစားပြီး ထိုသမုဒယကို ပယ်သတ်နိုင်သည့် နိရောဓခေါ် နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ရန် လမ်းမှန်ဖြစ်သည့် မဂ္ဂင်ရှစ်ပါးကျင့်စဉ်ကို လိုက်နာကျင့်သုံးကာ ဝိပဿနာဉာဏ်ဖြင့် ဒုက္ခငြိမ်းအောင် အသိသတိထပ်တူညှိ၍ လက်တွေ့ကျင့်ကြံသင့်လှပေ၏။ ထိုသို့ ကျင့်ကြံနိုင်လျှင် ဆင်းရဲငြိမ်းရာ သန္တိသုခကို ဧကန်မုချ ခံစားနိုင်ကြမည်သာ ဖြစ်ပါ၏။
ဆိုလိုသည်မှာ “လောကသားများ အထင်မှားနေကြသည့် ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများသည် ဒုက္ခဖြစ်ခြင်း၊ မဖြစ်ခြင်းနှင့် မသတ်ဆိုင်ဘဲ ဒုက္ခဟူသည် ချမ်းသာသူပင် ဖြစ်စေ၊ ဆင်းရဲသူပင် ဖြစ်စေ ရုပ်နာမ်အစုကို ပိုင်ဆိုင်ထားသမျှ အသီးအသီး ကိုယ်စီရှိနေကြမည်သာ ဖြစ်ကြောင်း၊ ခန္ဓာရှိလျင် ဒုက္ခရှိနေမည် ဖြစ်သဖြင့် မိမိမှာသာ ဒုက္ခဖြစ်နေသည် မဟုတ်ဘဲ လောကရှိ သတ္တဝါအားလုံးတွင် ထိုဒုက္ခတရားသည် မလွဲမသွေ ရှိနေကြမည်သာ ဖြစ်ကြောင်း၊ ထို့ကြောင့် ခန္ဓာရှိသဖြင့် ဒုက္ခရှိသည့်အပေါ်တွင် မိမိ၏ ဒုက္ခကသာ ကြီးမားသည်ဟု ထင်နေတတ်သည့် အတွေးမျိုးကို ဖယ်ထုတ်ကာ အမှန်ဒုက္ခ ငြိမ်းစေရန် ဒုက္ခဖြစ်ကြောင်း သမုဒယ တဏှာကိုသာ ပယ်သတ်နိုင်ရန် ကြိုးစားသင့်ကြောင်း၊ တဏှာကင်းလျှင် ဒုက္ခလည်း ရှင်းမည်ဖြစ်သဖြင့် သတိပဋ္ဌာန်အကျင့်ကို ကျင့်ကြံအားထုတ်ကာ တဏှာကင်းအောင်သာ ကြိုးစားကြရမှာ ဖြစ်ကြောင်း” စသည်ဖြင့် ဆိုလိုရင်း ဖြစ်ပါ၏။
ထို့ကြောင့် မိမိ၏ဒုက္ခမှသာ ဒုက္ခဟု ထင်နေကြသူများ၊ မိမိ၏ ဆင်းရဲသည်သာ ဆင်းရဲအစစ်ဟု ထင်နေကြသူများ အနေဖြင့် အထူးသတိပြုရမည်မှာ ဒုက္ခဟူသည် မိမိတွင်သာ ရှိသည်မဟုတ်ဘဲ ခန္ဓာရှိနေသည့်သူ မှန်သမျှ မည်သူမဆို ရှိနေကြသည်သာ ဖြစ်သဖြင့် ရုပ်ရသဖြင့် ဒုက္ခရခြင်းအပေါ် စိုးရိမ်ပူဆွေးမှုများ၊ သောကတရားများဖြင့် ဘဝပျက်သည်အထိ မခံစားမိကြဘဲ ဒုက္ခ၏ သဘောအမှန်ကိုသာ သိအောင်ကြိုးစားရင်း ဒုက္ခဖြစ်ကြောင်း သမုဒယ တဏှာကို ပယ်သတ်နိုင်အောင် သတိပဋ္ဌာန်အလုပ်ကိုသာ များများအားထုတ်ကြပါဟု အလေးအနက် တိုက်တွန်းသမှု ပြုလုပ်ရပါသည်။
မနာပ ဒါယီ အရှင်ဝိစိတ္တ
DHAMA BANK Pageမှ မျှဝေပူဇော်ပါ၏ဘုရား
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment