ဒေါသစိတ်လေးတစ်စက္ကန့်

ဒေါသနှင့်တူသော ဖျက်ဆီးတတ်သည့်တရားမရှိဟုဘုရားရှင်ကိုယ်တော်တိုင်မိန့်တော်မူထား၏။ဒေါသသည်အပူတရား၊အဖျက်တရား၊အကြမ်းတရား၊အမှောင်တရားမျိုးဖြစ်၏။ဒေါသကိန်းသောနှလုံးသွေးသည်မဲနက်၍ အနာရောဂါထူပြောတတ်လေသည်။အများအားဖြင့်ဒေါသကြီးသူများအသက်တိုတာများသည်။ဒေါသကိန်းလိုက်သည်နှင့် အဦးဆုံးမိမိအကျိုးပျက်၍ နောက်ထပ်ပြီးသူတစ်ပါးအကျိုးပျက်စီးရ၏။

ထို့ကြောင့်ဒေါသသည် မိမိသူတစ်ပါးနှစ်ဦးသား၏အကျိုးကို အမှန်ပင်ပျက်စီးစေတတ်သောတရားဖြစ်သည်။မြွေပွေးခါးပိုက်ပိုက်ဆိုသောလောကစကားသည် ဒေါသကိုလက်ခံမွေးမြူတတ်သူကိုရည်ရွယ်၍ ပြောဆိုခြင်း
ဖြစ်၏။မြွေပွေးကိုခါးပိုက်ပိုက်ထားလျင် မြွေပေါက်ခံရဖို့သာရှိ၏။ထို့အတူဒေါသကိုပိုက်ထားလျင်လည်း ဒေါသအမျက် အပေါက်ခံရ၍ သံသရာမှာငရဲဆိပ်တက်ပေလိမ့်မည်။ဝါးကိုဖျက်ဝါးမျက် လူကိုဖျက်အမျက်
ဟူ၍ မဖြစ်ရအောင် မိမိတို့ရင်ထဲကထွက်လာသောဒေါသတရားကို အတွင်းရန်သူအဖြစ်သိမှတ်၍ သတိပညာဖြင့် ပိုင်းခြားသင့်သည်မဟုတ်ပါလော။
ဒေါသစရိုက်ရှိသူကတော့ ဘာပဲဖြစ်ဖြစ် ထစ်ခနဲရှိ တရှူးရှူးနဲ့ ဒေါသထွက်လိုက်ရမှနေသာသလိုရှိကြသည်။တွေ့လာသည့်အာရုံကကောင်းကောင်းဆိုးဆိုး ဓာတ်ခံမှာယောနိသောမနသီကာရမရှိသည့် အတွက် အကောင်းအာရုံကလည်း ဒေဝဒတ်ဘုရားနဲ့တွေ့သလိုဒေါသသာဖြစ်ရကား ဘာကုသိုလ်မှဖြစ်ခွင့်မရချေ။အဆိုးအာရုံနဲ့တွေ့တော့လည်း နဂိုကပင် နှလုံးသွင်းမကောင်းသည့်အတွက် မီးလောင်ရာ
လေပင့်သလိုဖြစ်၍ အကုသိုလ်တက်ရပြန်သည်။ အဘိဓမ္မာသဘော၌ဒေါသစတုက်လေးပါးတွင်ဒေါသကခေါင်းဆောင်ဖြစ်၍ ဣဿာ၊ မစ္ဆရိယ၊ကုက္ကုစ္စကနောက်လိုက်ဖြစ်၏။ထို့ပြင် ဗျာပါဒ၊မက္ခ၊ကောဓ၊၊
ထမ္ဘ၊သာရမ္ဘ၊ဥပနာဟ၊ဝိဟိံသာ၊အာဃာတ၊ပဋိဃ၊ထဒ္ဓ စသောတရားတို့သည်လည်း ဒေါသလောက် မကြမ်းတမ်းသည့်တိုင် ဒေါသလောက်နီးနီးကြမ်းတမ်းသောတရားဆိုးများသာဖြစ်၏။ သမုဒယသစ္စာ၏ တရားကိုယ်အဖြစ် လောဘကိုသာကောက်သော်လည်း ဒေါသကိုလည်း သမုဒယသစ္စာအဖြစ် ကောက်နိုင်လေသည်။လောဘသည်လည်း အကုသိုလ်ဟိတ်ဖြစ်သလို ဒေါသသည်လည်း အကုသိုလ်ဟိတ်သာဖြစ်၏။သမုဒယ
သစ္စာသည် ပယ်သတ်ရမည့်သစ္စာဖြစ်၍ လောဘ၊ဒေါသတရားဆိုးများသည်လည်း ပယ်သတ်ရမည့်တရားတွေသာဖြစ်သည်။
ပယ်ရမည့်တရားကိုမပယ်နိုင်လျင် ခွေးနှစ်ကောင်ကိုက်နေသည်ကိုတံမြက်စည်းရိုးဖြင့်ရိုက်ဖို့ရွယ်မိရင်း တယ်ဒီခွေးတွေရိုက်လိုက်ရရင်ဖြင့် ငါပါဆိုရင် သုံးကောင်ဖြစ်ရော့မယ်ဆိုသည့်ဆရာတော်တစ်ပါး၏စကားလိုဖြစ်ချေမည်။ ဒေါသသည်အင်မတန်ဖြစ်လွယ်သောတရားဖြစ်သလိုအသက်အားဖြင့်လည်း ဥပါဒ် ဋ္ဌီ ဘင်ဟုခဏငယ်သုံးချက်သာအသက်ရှည်၏။ ခဏငယ်သုံးချက်သည် စက္ကန့်ပိုင်းလောက်ပင်မကြာသော်လည်းထိုတစ်စက္ကန့်ဒေါသလေးသည် တစ်သံသရာလောက်ကြာအောင်ဒုက္ခပေးတတ်လေသည်။ကဿပဘုရားရှင်လက်ထပ်က လယ်သမားကြီးတစ်ယောက်မှာ တစ်စက္ကန့်ဒေါသလေးကိုမထိန်းနိုင်၍ ဂေါတမမြတ်စွာဘုရားသာသနာအထိလယ်သမားပြိတ္တာကြီးအဖြစ်သံပူလယ်မြေမှာလယ်ထွန်းရင်းဒေါသကြွေးပေးဆပ်နေရဆဲဖြစ်သည်။
တရားနာဖို့ခေါ်တာကို မင်းတို့ဘုရား တရားသွားနာနေရင်ငါ့လယ်ဘယ်သူထွန်ပေးမှာတုန်း။မင်းတို့ဘုရားကထွန်ပေးမှာလားဆိုပြီး ဒေါသနဲ့နှုတ်သရမ်းခဲ့သည့်အပြစ်ကို အခုထိပေးဆပ်နေရဆဲဖြစ်သည်။ဂေါတမမြတ်စွာဘုရား၏ တပည့်သားသံဃာတော်တွေဝါကျွတ်ချိန်မှာဘုရားလာဖူးရင်း တောထဲ၌ မျက်စိလည်လမ်းမှားနေတုန်း ထိုလယ်သမားပြိတ္တာကြီးကို တွေ့ကြရခြင်းဖြစ်၏။ အရှင်ဘုရားတို့မျက်စိလည်တာဘာဟုတ်သေးလို့လဲတပည့်တော်မျက်စိလည်ခဲ့တာ ကဿပဘုရားရှင်လက်ထပ်ကတည်း
ကအခုထိပါပဲ ဆိုသောနောင်တစကားသည် သံဝေဂယူဖွယ်ကောင်းလှပေသည်။ ဒေါသကိုပယ်ရမည့်တရားဟုမသိခြင်းကြောင့်ဘယ်အရာမဆိုဒေါသဖြင့်အနိုင်ယူလိုစိတ်ဖြစ်တတ်သည်။
ထိုသို့ထင်ခြင်းသည်အထင်မှားသာဖြစ်၍ ဒေါသဖြစ်တိုင်းကိုယ်အရှုံးသာဖြစ်နေပေမည်။
ဒေါသသည်အနိုင်တရားမဟုတ်။အရှုံးတရားသာဖြစ်၏။ ဒေါသကိုနိုင်မှလောကကိုနိုင်မည်ဖြစ်၏။ဒေါသကိုနိုင်မှဘုရားရှင်မိန့်တော်မူသလိုလိမ္မာသောရထားထိန်းဖြစ်ပေမည်။ဘုရားရှင်က လိမ္မာသောရထားထိန်းသည် လျင်မြန်စွာပြေးနေသောရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသောအမျက်ဒေါသကို စင်စစ် တားမြစ်နိုင်သူကို လိမ္မာသောရထားထိန်းဟူ၍ငါဆို၏။ ဤမှတစ်ပါး ပြကတေ့ရထားထိန်းသည် ရထားကြိုးကိုင်သာမည်၏ဟူ၍ မိန့်တော်မူထားလေသည်။တားမြစ်ရမည့်ဒေါသကိုမတားမြစ်နိုင်သည့်အတွက် ပဋိဃနုသယအဖြစ်ကိန်းနေသောဒေါသသည် ပရိယုဋ္ဌာနအဖြစ်ခေါင်းထောင်လာ၏။
ခေါင်းထောင်လာသောဒေါသသည် ဝီတိက္ကမအဖြစ် ပတ်ဝန်းကျင်ကိုပုတ်ခတ်ဖျက်ဆီးတော့၏။ဒေါသမနသီက ဒေါသဝစီဖြစ်၏။ ဒေါသဝစီကတဖန် ဒေါသကာယကံအဖြစ် ကံသင်္ခါရကိုထူထောင်ပေးပြန်
သည်။ ရထားကြိုးကိုင်သမားသည် သတိပဋ္ဌာန်နှင့်ကင်းသူမျိုးသာဖြစ်၍ သူ၏ခန္ဓာရထားကလည်း ငရဲရောက်အောင်ပို့ဆောင်ပေးမည်သာဖြစ်၏။ မိမိတို့ပတ်ဝန်းကျင်တွင်တွေ့ရသည်ကား မေတ္တာသမားထက်
ဒေါသသမားကပို၍များ၏။ထမင်းဝိုင်းတစ်ခုမှာ ငံတော့လည်းဒေါသ။ ပေါ့တော့လည်းဒေါသ။မာတော့လည်းဒေါသ။ပျော့တော့လည်းဒေါသ။ ဒေါသဖြင့်သာစားသုံးနေ၍ စိတ်ချမ်းသာဖွယ်မရှိပေ။စကားဝိုင်းတစ်ခု
မှာလည်း အမြင်မတူတော့ လက်သီးလက်မောင်းတန်း၍ဒေါသ။ စကားအတင်မခံချင်လို့လည်း ဒေါသ။သူမကြိုက်သည့် တစ်စုကို အကောင်းပြောလို့လည်းဒေါသ။သူသဘောကျသည်ကို မကောင်းပြော
လို့ ဒေါသ။ ဒေါသစကားဖြင့် ငြင်းခုန်အချင်းများနေကြသည်လည်းစိတ်မသက်သာစရာပင်။ကားပါကင်မရသည့်ကိစ္စဖြင့် ဓားထိုးမှုဖြစ်ရသည်အထိ ဆိုးရွားလှသောဒေါသလည်းတွေ့ဘူး၏။
ကားနှစ်စီးရှောင်မရသည့်လမ်းမှာ သူကဘာကောင် ငါကညာကောင် ဖယ်မပေးနိုင်ဘူးဆိုပြီး ရိုက်ကြနှက်ကြသောဒေါသတရားတွေလည်းကြုံဘူးသည်။ ဘာမဟုတ်သည့်ကိစ္စလေးများအတွက် တစ်စက္ကန့်ဒေါသလေးများကိုမထိန်းနိုင်ဘဲ ကြီးစွာဒုက္ခရောက်ကြခြင်းဖြစ်သည်။ ဝဋ္ဋူဘမင်းသား၏ တစ်စက္ကန့်ဒေါသလေးက သာကီဝင်မင်းမျိုးတို့ မျိုးသုဉ်းလောက်အောင်ပျက်စီးခဲ့ဘူးသည်။ဟစ်တလာ၏တစ်စက္ကန့်ဒေါသ
လေးကြောင့်ပဲ ဂျူးလူမျိုးနှစ်သန်းကျော်စတေးခံခဲ့ရဘူးသည်။ စစ်မက်များစွာ၌ အသက်သွေးပေါင်းများစွာစတေးနေရခြင်းမှာလည်း တစ်စက္ကန့်ဒေါသလေးများကြောင့်ပင်ဖြစ်၏။ ဟီရိုရှီးမားနှင့်နာဂါဆာကီ
အနုမြူဗုံးငွေ့ဖြင့် စီရင်ခံရခြင်းမှာလည်း တစ်စက္ကန့်ဒေါသတရားကိုမတားမြစ်နိုင်ခဲ့ကြ၍ဖြစ်သည်။ ထိုထိုသောတစ်စက္ကန့်ဒေါသ လေးတွေကိုသာမတားမြစ်နိုင်ပါက လောကကမ္ဘာသည် ဒီထက်ဆိုးဖို့
သာရှိလေသည်။ဒေါသစိတ်လေးတစ်စက္ကန့်၌ အဆင်အခြင်မဲ့သည့်အခါခေါင်းကိုခဲထားသော ပိတုန်းသေအောင် လှည်းဘီးအောက်ခေါင်းထိုးခံသည့် မြွေထက်ပင်မိုက်ကြဦးမည်ထင်သည်။
ဒေါသတရားသည် လောကအောင်နိုင်ရေးစစ်ပွဲမှာ ဘယ်တော့မှထုတ်မသုံးသင့်သော လက်နက်ဖြစ်၏။ ဒေါသလက်နက်၏ဆန့်ကျင်ဘက်လက်နက်မှာ လောကအောင်ပွဲကိုဆောင်ကြည်းပေးနိုင်သောမေတ္တာလက်နက်သာဖြစ်သည်။မေတ္တာလက်နက်ကိုတပ်ဆင်အသုံးမချနိုင်သေးသမျှ တစ်စက္ကန့်ဒေါသစိတ်လေးများ၏ လက်ချက်ဖြင့် ကမ္ဘာကြီးတစ်ခုလုံးအကျည်းတန်နေဦးမည်သာဖြစ်၏။
သူတော်ကောင်းသည် လူမိုက်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်းဟူသောအဆုံးအမလည်းရှိ၏။ဒေါသဖြင့်လာသူကို ဒေါသဖြင့်တုန့်ပြန်သူသည်ပထမလူထက်ပို၍ယုတ်မာ၏ဟူသောဘုရားရှင့်အဆုံးအမလည်းရှိ၏။
ဒေါသတရားသည် ပစ္စုပ္ပန်တမလွန် ဆိုးကျိုးကိုသာပေးနိုင်သောတရားဖြစ်၍ သတိပညာဖြင့် ပယ်ကိုပယ်ရမည့်တရားဖြစ်သည်။ ဝိသုဒ္ဓိမဂ်၌ဒေါသပယ်နည်း ၁၁နည်းကိုဖော်ပြထားသည်။ အမှန်တော့ မြတ်ဗုဒ္ဓ သာသနာ၌ သီလ၊သမာဓိ၊ပညာဟူ၍ သိက္ခာသုံးပါးရှိရာ ထိုအကျင့်သုံးပါးဖြင့်ပယ်နိုင်ဖို့သာလိုရင်းဖြစ်၏။
ဒေါသကိုသီလဖြင့်လည်းပယ်နိုင်၏။သီလဖြင့်ပယ်လျင် စောင့်စည်းခိုက်သာပယ်နိုင်သော တဒင်္ဂပဟာန်သာဖြစ်၍ မစောင့်စည်းနိုင်သည့်အခိုက် ဒေါသထန်လာမည်သာဖြစ်၏။ စောင့်စည်းသောသီလသည် မဂ်ဖြင့်မြဲသောသီလမဟုတ်၍ သီလဖြင့်ဒေါသကိုပယ်ခြင်းကအမြဲပယ်နိုင်သည်မဟုတ်ပေ။သမာဓိဖြင့် ဒေါသကိုပယ်နိုင်သည်။
သမာဓိဖြင့် ဒေါသကိုပယ်ခြင်းမှာ သစ်ပင်ကိုသေစေလို၍ပင်စည်ကိုဖြတ်ချသည့်နည်းမျိုးဖြစ်၏။အပြီးသေသွားဖို့အမြစ်ပြတ်ပယ်ခြင်းမဟုတ်။ပင်စည်ကိုဖြတ်ခြင်းသာဖြစ်၍ မိုးရေတို့ကြောင့်ပြန်လည် ၍အညွန့်အခက်ဝေနိုင်သည်။သမာဓိဖြင့်ပယ်ခြင်းမှာနီဝရဏတို့ကင်းသည့်အခိုက်သာပယ်နိုင်သော ဝိက္ခမ္ဘနပဟာန်သာဖြစ်၏။ဒေါသကိုပယ်ရာ၌ ပညာဖြင့်ပယ်ခြင်းကသာ အမြစ်ပြတ်ပယ်ခြင်းသမုစ္ဆေဒပဟာန်ဖြစ်သည်။
ပညာဟူသည် မဂ်ပညာကိုဆိုခြင်းသာဖြစ်သည်။အနာဂါမိမဂ်အခိုက်၌ ဒေါသသည် ကိလေသာအဖြစ်လည်းမပူ
လောင်တော့၊သံယောဇဉ်အဖြစ်လည်းမချည်နှောင်တော့၊ ဂန္ထအဖြစ်လည်းမထုံးဖွဲ့တော့၊နီဝရဏအဖြစ်လည်း ပိတ်ဆို့အမှောင်မချနိုင်တော့ပါပေ။အခက်အညွန့်လည်းတက်မလာတော့သဖြင့် အမြစ်ပြတ် ပယ်သတ်လိုက်နိုင်၏။
မိမိတို့တစ်တွေသည် ကံလမ်းဖောက်၍ ကံလမ်းပေါ်လျှောက်နေကြသောကံလူသားများဖြစ်ပါလျက် အဘယ့်ကြောင့် ဒေါသဆူးကြမ်းဖြင့်ခရောင်းလမ်းဖြစ်အောင် ခင်းချင်ကြပါသနည်း။မလိုဒေါသ လိုလောဘဖြင့် ဘဝအမှောင်ကျအောင် အဘယ်ကြောင့်လုပ်ချင်ကြရသနည်း။
လူကလည်းမုန်း ကံလည်းမုန်းအောင် ဒေါသနှလုံး အဘယ့်ကြောင့်မွေးမြူကြသနည်း။များစွာဆင်ခြင်ဖို့ကောင်း၏။ပညာရွှေအိုး နှိုက်တိုင်းတိုးလို့ချမ်းသာကိုဆတိုးရနိုင်သော်လည်း ဒေါသကတော့ ရွှေအိုးမဟုတ်ချေ။ဒေါသအိုးသည် ဒုက္ခအိုးသာဖြစ်၍  နှိုက်သမျှ ဆင်းရဲနေကြမည်ဖြစ်၏။ကံသုံးပါး၌ ဒေါသမနသီကို
နှုတ်ဝစီမရောက်အောင်၊ ဒေါသအပြောအဆိုကြမ်းကို ဒေါသကာယကံအဖြစ် အပြုအမူတွေမကြမ်းတမ်းအောင်သတိပညာဖြင့် ဆင်ခြင်သင့်လှ၏။တစ်စက္ကန့်ဒေါသလေး၏ ဖြစ်လာမှန်းကို သိအောင်ကြိုးစားသင့်သည်။ပျက်သွားသည်ကိုလည်းဆင်ခြင်သင့်သည်။ဒေါသလေးဖြစ်သွား၍ ပူလောင်သောခံစားမှုဝေဒနာလေးကိုလည်းဉာဏ်ဖြင့်သိမ်းဆည်းသင့်သည်။တစ်စက္ကန့်ဒေါသလေးကြောင့်ဖောက်ပြန်လာသောရုပ်တို့၏သဘောကိုလည်း မြင်အောင်ကြိုးစားသင့်သည်။
ဒေါသဟူသောနီဝရဏတို့ပိတ်ဆို့တားဆီးထားလျင် ကုသိုလ်တရားတို့ဖြစ်ခွင့်မရပါလားဟူ၍လည်းဆင်ခြင်သင့်၏။ အတွင်းလောကဓံကိုနိုင်လျင် အပြင်လောကဓံသည်ရေပဲဟူသောဆရာတော်ကြီးများ၏
အဆုံးအမအတိုင်း ဒေါသကိုနိုင်လျင် လောကကိုနိုင်မည်ဖြစ်ရာသတိပဋ္ဌာန်လေးပါးမလွတ်အောင်အားထုတ်နေခြင်းသည်ပင် ဒေါသကို နိုင်ဖို့လက်နက်ကောင်းကို ဆောင်ထားခြင်းမဟုတ်ပါလော။ သို့မှသာ
ခန္ဓာရထားကြီး သံသရာလမ်းမမှားဖို့ ထိန်းမတ်ပေးနိုင်သော လိမ္မာသည့်ရထားထိန်းဖြစ်နိုင်ပေလိမ့်မည်ဟုယုံကြည်မိပါ၏။
သုခီအတ္တာနံ ပရိဟရန္တု ။
Credit --- လောကဓမ္မ ရသစုံစုံ

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ