စိတ်ပူလောင်မှုဖြစ်လာတဲ့အခါ

*****************

စိတ်ပူလောင်မှုဖြစ်လာတဲ့အခါမှာမည်သူဖြစ်စေအဲဒီပူလောင်မှုမျိုးကိုမတွေ့ချင်ကြပါဘူး,ဒါ့ကြောင့်ဒီပူလောင်မှုကလွတ်အောင်အလိုနဲ့အားထုတ်ပြုပြင်ကြတယ်,အာရုံလွှဲကြတယ်။အမှန်ကဒီစိတ်ပူလောင်မှုဟာဘယ်အကြောင်းကြောင့်ဖြစ်လာရတာလည်းလို့စဉ်းစားအဖြေရှာကြရမှာပါ။
ဥပမာပြောရရင်"တောင်ယာခင်းတစ်ခုမှာမိုးမြေပဲစိုက်စားတဲ့တောင်သူတစ်ယောက်ဟာပဲတွေကိုနှုတ်စွတ်ပြီးတလင်းထဲမှာနေလှန်းထားတာပေါ့,အဲဒီပဲပြန့်ကိုမြင်တဲ့တောထဲကမျောက်တွေကအကောင်လေးငါးဆယ်အုပ်လိုက်ဆင်းလာပြီးမြေပဲလာစားတာကိုး,ခြောက်လှန့်မောင်းပေမဲ့လူကတစ်ယောက်ထဲဆိုေတာ့မကြောက်ဘူးလေ,ဒီလိုနဲ့နေ့တိုင်းဆင်းစားနေတော့မလှမ်းမကမ်းမှာနေတဲ့သူငယ်ချင်းတစ်ယောက်ဆီသွားပြီး"သူငယ်ချင်းရေလမ်းကလည်းမပေါက်သေးတော့လှည်းကလည်းမောင်းမရ,မျောက်တွေကလည်း
ငါ့ပဲပြန့်လာဆင်းစားနေတာကွာမောင်းတော့လည်းကိုယ့်ရန်လုပ်မတတ်ဖြစ်နေတာ,ပဲကတော့လမ်းမပေါက်ခင်ကုန်တော့မယ်နဲ့တူပါတယ်ကွာဘယ်လိုလုပ်ရကောင်းမတုံးအကြံဉာဏ်ပေးပါအုံး"ပေါ့,သူငယ်ချင်းက"ဒါများလွယ်ပါတယ်ကွာမင်းတောထဲကဝါးကြီးတာများများခုတ်ဝါးကပ်ရက်ပြီးပဲလှမ်းထားတဲ့လေးမျက်နှာမှာအတွင်းအပြင်းဒေါက်ကောင်းထောက်ကာထားကွပြီးတော့မျောက်တွေလက်လျှိုပြီးနှိုက်လို့ရရုံအပေါက်တွေကိုတစ်တောင်ခြားလောက်ဖေါက်ထားအတွင်းထဲကပဲကိုလည်းမျောက်လှမ်းနှိုက်ရင်မှီလောက်ရုံမှာလှမ်းထားသူငယ်ချင်းပြီးရင်တုတ်တစ်ချောင်းကောင်းကောင်းသတ်ထားပြီးထိုင်သာစောင့်နေပေရော့"လို့သူငယ်ချင်းကသင်ပေးလိုက်တယ်။
တဲပြန်ရောက်ပြီးသူငယ်ချင်းမှာတဲ့အတိုင်းလုပ်တာပေါ့,အချိန်ကျတော့မျောက်တွေကလာတာပေါ့,ပဲပြန့်မတွေ့တော့ဟိုကြည့်ဒီကြည့်နဲ့ဝါးကပ်ကာထားတဲ့နားရောက်လာပြီးချောင်းကြည့်,ပဲကိုမြင်တော့အပြင်ကနေဖေါက်ထားတဲ့အပေါက်ကလက်လျှိုနှိုက်တော့တာပေါ့,တစ်ကောင်နှိုက်တော့နောက်တစ်ကောင်ကလည်းလိုက်နှိုက်ကြတာပေါ့,ပဲကိုရသလောက်လက်နဲ့ဆုပ်ပြီးအတင်းပြန်ထုတ်တော့လက်ကထုတ်မရဘူး,ဒါပေမဲ့နောက်တစ်ဖက်နဲ့မြေပဲကိုလှမ်းနှိုက်ပြန်တာပဲ။လက်တွေထုတ်မရတော့ခြေကန်ရုန်းတယ်,မြေပဲဆုပ်ကိုလွှတ်မချဘူး။
ရှေ့ကမျောက်လက်ထုတ်မရတာမြင်နေလျက်နဲ့နောက်မျောက်ကလည်းဆက်နှိုက်တာပဲ,မျောက်အားလုံးမြေပဲနှိုက်ပြီးလက်ပြန်ရုန်းနေတဲ့အချိန်မှာပဲပိုင်ရှင်တောင်သူက"ငါမမျောက်တွေတွေ့ကြသေးတာပေါ့ဆိုပြီးနီးတဲ့အကောင်ခေါင်းစရိုက်တာပွဲချင်းပြီးကျန်တဲ့မျောက်တွေဒါကိုမြင်တယ်နော်,ဒါပေမဲ့ဆုပ်ထားတဲ့ပဲကိုလွှတ်ချပြီးမပြေးဘူး,ဆုပ်ထားလျက်ကြီးရုန်းနေတယ်,အားလုံးရိုက်သတ်တာကိုခံလိုက်ကြရတယ်"။
ဒီဥပမာလိုပဲအားလုံးနီးပါးဆုပ်ကိုင်ထားတာကိုမလွှတ်ပဲလွတ်အောင်ရုံးနေကြတယ်,အမှန်ကဆုပ်ကိုင်ထားတာကိုလွှတ်လိုက်ရင်လွတ်ပါတယ်။
စိတ်အပူလောင်ရတာ,ဆင်းရဲရတာဘာ့ကြောင့်လဲ?ကိုယ့်ရဲ့လောဘ,ဒေါသနဲ့ယှဉ်တဲ့
စိတ်ကဖန်တီးပြထားတဲ့အာရုံသက္ကာယကို
"မျောက်မြေပဲဆုပ်ထားပြီးမလွှတ်နိုင်သလို
အရှိထင်ဆုပ်ကိုင်ထားနေကြလို့စိတ်ပူလောင်နေရဆင်းရဲနေရတာပါ"။
အလိုနဲ့နှလုံးမသွင်းခင်ကလည်းစိတ်ဟာလွတ်မြောက်နေပါတယ်,သက္ကာယကိုအရှိထင်ဖန်တီးဆုပ်ကိုင်မှုဟာစိတ်ဝန်လေးခြင်းပဲလို့သိမြင်ပြီး,သက္ကာယဖြစ်အောင်နှလုံးသွင်းပြုပြင်နေမှုကိုဥပေက္ခာပြုလွှတ်ချတတ်လာရင်စိတ်ဟာလွတ်လပ်ခွင့်ရပါပြီ။
ဆုပ်ကိုင်နေမှုကိုလည်းဥပေက္ခာပြုလွှတ်ချနိုင်ပါစေ,ကိလေသာမှလွတ်မြောက်နေတဲ့စိတ်ကိုသိမြင်ပြီးအပူလွတ်တဲ့ချမ်းသာကိုလည်းခံစားနိုင်ကြပါစေ။
ဦး၀ါယမ (ကန္သာ)
 ဥရုဝေလတောရ
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ