အစစ်ကို ဘာကွယ်နေသလဲ 
******************
 ရှေးလူကြီးများက ဘုန်းကြီးကို ပြောဖူးတယ်။ - ဘုရားအစစ်ကို ဆင်းတုတော်တွေက ဖုံးနေတယ်။ - တရားအစစ်ကို အချို့ တရားဟောဓမ္မထိကတွေနဲ့ ကျမ်းစာတွေက ဖုံးနေတယ်။ - သံဃာအစစ်ကို တို့ဘုန်းကြီးတွေက ဖုံးနေတယ်တဲ့။


ဘုန်းကြီးက ဒါတွေ ကိုးကွယ်လို့ အပြစ်ရှိတယ်လို့ မဆိုလိုပါဘူး။ အစစ်ကို ရောက်အောင် အာရုံမပြု နိုင်လို့ ပြောတာပါ၊ အစစ်ကို အာရုံမရောက်တော့ အကျိုးပေး နည်းတာပေါ့။

 နောင် လာမယ့်နှစ်ကလေးတွေက ဘာသာကို မယုံတာကအစစ်အမှန်ကို မတွေ့ရလို့ မယုံတာ၊ အစစ်အမှန်ကိုတွေ့ဖို့ကလဲ အဘိုး အဘွားတွေကအရေးကြီးတယ်။

တစ်ခါက ဇာတ်ပွဲတစ်ခုထဲမှာ လူတစ်ယောက်ကရသေ့ ဝတ်ပြီး တပည့်တစ်ယောက်နဲ့ ထွက်ခဲ့ရာ ဆိုင်းက တီးပေးတော့ ရသေ့ကြီးက ကွေးနေအောင် က, ပြီး မောတော့ ကုလားထိုင်ပေါ် ပစ်ထိုင် လိုက်တယ်။နောက် တပည့်က “တို့ ဆရာကြီးဒါလောက်တောင် ကြိုးစားတာ ဈာန် မဂ် ဖိုလ်မရတာ နာလိုက် လေကွာ”တဲ့။ ခုလဲ တို့ သာသနာကို ဘာသာခြားတွေက မဖျက်ပါဘူး၊ တို့ ဗုဒ္ဓဘာသာဝင်တွေကပဲ ဖျက်နေတာ၊မပျက်လို့ တော်သေးတာပေါ့၊ သာသနာ-ဘာသာဆိုတာ တို့က အချိုး မကျရင် ပျက်တော့မှာ၊

ဘုန်းကြီးက ဒါကြောင့် ပြောနေတာ၊ ဘုန်းကြီးကလဲ ကိုယ်တော်တို့စိတ် မသိ၊ ကိုယ်တော်တို့ကလဲ ငိုက်ချင်သလို ငိုက်နေကြ၊ မသိ မသိချင်း ဆိုတာတော့ ဘာမှ မဖြစ်ဘူးပေါ့။

 [ အမရပူရ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး အရှင်ဇနကာဘိဝံသ ]

 #ဓမ္မရတနာ
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ