လူချင်းအတူတူ ဘာကြောင့်ကွဲပြားသလဲ?
*************
သုဘလုလင်မေးသောမေးခွန်း(၁၄)ခု
********
သုဘလုလင်အမေး မြတ်ဗုဒ္ဓအဖြေ

သုဘလုလင်အမေး
၁။လူချင်းတူပါလျက်အချို့မှာ အသက်တိုပြီး
၂။အချို့မှာအသက်ရှည်ရသနည်း။

မြတ်ဗုဒ္ဓအဖြေ 
၁။ အချို့မှာအသက်တိုရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် သတ္တဝါတို့ကိုသနားကြင်နာခြင်းကင်းမဲ့လျက် သူတစ်ပါးအသက်ကိုရက်ရက်စက်စက် သတ်ဖြတ်လေ့ရှိသည်။ထိုသူတို့သည်သေသောအခါ ငရဲသို့ကျရောက်ရသည်။ရှေးကုသိုလ်ကံတစ်ခုခု ထောက်မမှုကြောင့်လူ့ပြည်သို့ရောက်ပြန်လျှင်လည်း ကြာရှည်စွာနေခွင့်မရ၊အသက်တိုလေ့ရှိသည်။

၂။အချို့မှာအသက်ရှည်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်သတ္တဝါတို့ကို သနားကြင်နာခြင်းဂရုဏာထားလျှက် သူ့အသက်သတ်ခြင်းမှရှောင်ကြဉ်ကြသည်။ ထိုသူတို့သည်သေသောအခါနတ်ပြည်သို့ ရောက်ကြသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသက်ရှည်စွာ နေရသည်။

......................................................................

သုဘလုလင်အမေး၃။လူချင်းတူပါလျက်အချို့မှာ အနာရောဂါများပြီး 
၄။အချို့မှာ အနာရောဂါကင်းရသနည်း။

မြတ်ဗုဒ္ဓအဖြေ 
၃။ အချို့မှာအနာရောဂါများရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲလေ့ရှိသည်။ ထိုသူတို့သေသောအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ထူပြောလေ့ရှိသည်။

၄။အချို့မှာအနာရောဂါကင်းရှင်းရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် တစ်စုံတစ်ယောက်သောသတ္တဝါကို လက်ဖြင့်သော်လည်းကောင်း၊ခဲ,တုတ်,ဓားစသော လက်နက်များဖြင့်ညှင်းဆဲနှိပ်စက်လေ့မရှိ။ ထိုသူတို့သေသောအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျင်လည်းအနာရောဂါ ကင်းရှင်းကြပေသည်။ .........................................................

သုဘလုလင်အမေး 
၅။လူချင်းတူပါလျက်အချို့မှာ ရုပ်ဆိုးပြီး
၆။အချို့မှာအဆင်းလှပါသနည်း။

မြတ်ဗုဒ္ဓအဖြေ 
၅။အချို့မှာရုပ်ဆိုးရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်ဒေါသကြီး၏။အနည်းငယ်သောစကားကို ပြောလျှင်လည်းသူတစ်ပါးကိုစော်ကားပုတ်ခတ်၍ ပြောလေ့ရှိသည်။ထိုသူတို့သေသောအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းမျက်နှာပုပ်သိုးနှင့် အရုပ်ဆိုးတတ်လေသည်။

၆။ အချို့မှာအဆင်းလှရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ဒေါသမထွက်၊သူတစ်ပါးကို အပြစ်ပြောလေ့မရှိ၊စိတ်ထားနူးညံ့သိမ်မွေ့သူများ ဖြစ်သည်။ထိုသူတို့သေသောအခါနတ်ပြည်သို့ ရောက်ရသည်။လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း ကြည်လင်လှပသောရုပ်အဆင်းအင်္ဂါနှင့် ချောမောလှပကြသည်။ 
..........................................

သုဘလုလင်အမေး
၇။လူချင်းတူပါလျက်အချို့မှာအခြွေအရံတန်ခိုး အာဏာနည်းပါးပြီး
၈။အချို့မှာ အခြွေအရံတန်ခိုးအာဏာကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ
၇။အချို့မှာအခြွေအရံတန်ခိုးအာဏာနည်းပါးရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားအားကြီးကြသည်။ ထိုသူတို့သေသာအခါငရဲသို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်းအခြွေအရံ တန်ခိုးအာဏာနည်းပါးရလေသည်။ ဣသာ၏အဓိပ္ပါယ်-သူတစ်ပါးတို့သည်ကံ,ဉာဏ်, ဝိရိယအားလျော်စွာစည်းစိမ်၊ဥစ္စာပေါများခြင်း၊ ရာထူးဂုဏ်သိမ်ကြီးမားခြင်း၊ထင်ရှားကျော်စောခြင်း၊ တတ်သိလိမ္မာခြင်းတို့ကိုမနာလိုမှု၊မကြည်ဖြူနိုင်မှု၊ စောင်းမြောင်းမှု၊ငြူစူမှုစသည်တို့ကိုနှုတ်ခမ်းစူ၍ ပြောဆိုမှုများသညအတွင်းကဣသာတရား၏ အစွမ်းပင်ဖြစ်သည်။

၈။အချို့မှာအခြွေအရံတန်ခိုးအာဏာကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ဣသာ(ငြူစူခြင်း)တရားမရှိ၏ကြပေ။ ထိုသူတို့သေသာအခါနတ်ပြည်သို့ရောက်ရသည်။ လူ့ပြည်သို့ပြန်ရောက်လာလျှင်လည်း အခြွေအရံတန်ခိုးအာဏာများပြားရလေသည်။ 
.................................................. 

သုဘလုလင်အမေး
၉။လူချင်းတူပါလျက်အချို့မှာ ဥစ္စာမဲ့မွဲဆင်းရဲရပြီး
၁၀။အချို့မှာဥစ္စပစ္စည်းကုံလုံ ကြွယ်ဝရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ
၉။အချို့မှာဥစ္စာမဲ့မွဲဆင်းရဲရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည်စွန့်ကြဲပေးကမ်း လှူဒါန်းလေ့မရှိ၊မစ္ဆေရ(ဝန်တိုခြင်း)တရား အလွန်အားကြီးကြကုန်၏။ထိုသူတို့သေသာအခါ ငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာမွဲလျှက် ဆင်းရဲကြကုန်၏။မစ္ဆေရ၏အဓိပ္ပါယ်-မိမိ၌ရှိသောပစ္စည်း၊မိမိနှင့်ဆိုင်သောပစ္စည်းများကို သူတစ်ပါးတို့နှငမပတ်သက်မပေးကမ်းလိုမှု၊ မလှူဒါန်းလိုမှု၊မိမိ၏စည်းစိမ်ဥစ္စာများကို သူတစ်ပါးရသွားမှာစိုးရိမ်ခြင်းတို့ိကိုမစ္ဆေရ ဟုခေါ်သည်။

၁၀။အချို့မှာဥစ္စာပြည့်စုံကုံလုံကြွယ်ဝခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ရှိခြင်း၊မစ္ဆေရ (ဝန်တိုခြင်း)တရားမရှိကြကုန်။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းဥစ္စာပြည့်စုံ ကုံလုံကြွယ်ဝခြင်းနှင့်ပြည့်စုံကြကုန်၏။ ........................................................................... .

သုဘလုလင်အမေး
၁၁။လူချင်းတူပါလျက်အချို့မှာ အမျိုးယုတ်ရပြီး
၁၂။အချို့မှာအမျိုးမြတ်ရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ
၁၁။အချို့မှာအမျိုးယုတ်ရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် အလွန်မာနကြီးကြကုန်၏။သူတစ်ပါးကိုအလွန် အထင်အမြင်သေးကြကုန်၏။ကိုယ့်ကိုယ်ကိုသာ အထင်ကြီးကြကုန်၏။ရိုသေလေးစားထိုက်သော သူတို့ကိုရိုသေလေးစားရမှန်းမသိပေ။ထိုသူတို့ သေသာအခါငရဲသို့ရောက်ရသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအောက်ကျနောက်ကျပြီး ယုတ်ညံ့သောအမျိုးတွင်ဖြစ်ရလေသည်။

၁၂။အချို့မှာအမျိုးမြတ်ရခြင်းဤလောက၌ အချို့သောယောင်္ကျားမိန်းမတို့သည် မာန်မာနမရှိကြကုန်။သူတစ်ပါးကို အထင်အမြင်သေးခြင်းမရှိကြကုန်။ ရိုသေလေးစားထိုက်သောသူတို့ကို ရိုသေလေးစားကြကုန်၏။ထိုသူတို့သေသာအခါ နတ်ပြည်သို့ရောက်ရသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းမြင့်မြတ်သောအမျိုးတွင် ဖြစ်ရလေသည်။ ....................................................................... 
သုဘလုလင်အမေး 
၁၃။လူချင်းတူပါလျက်အချို့မှာ အသိဉာဏ်ပညာနည်းပါးပြီး
၁၄။အချို့မှာ အသိဉာဏ်ပညာကြီးမားရသနည်း။

မြတ်ဗုဒ္ဓ၏အဖြေ
၁၃။အချို့မှာအသိပညာဉာဏ် နည်းပါးရခြင်းဤလောက၌အချို့သော ယောင်္ကျားမိန်းမတို့သည်ပညာရှိထံချဉ်းကပ်၍ ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်းကောင်း မေးမြန်းလေ့မရှိ။မိမိထင်ရာမြင်ရာပြုလုပ်ပြီး ဒုစရိုက်များဖြငသေလွန်သည့်အခါငရဲ၌ ဖြစ်ရလေသည်။လူ့ပြည်သို့ ပြန်ရောက်လာလျှင်လည်းအသိပညာကင်းမဲ့သော လူဖျင်း၊လူညံ့၊လူအ၊လူမိုက်ဖြစ်ရလေသည်။

၁၄။အချို့မှာအသိပညာဉာဏ်ကြီးမားရခြင်း ဤလောက၌အချို့သောယောင်္ကျားမိန်းမတို့သည် ပညာရှိထံချဉ်းကပ်၍ကုသိုလ်၊အကုသိုလ်ကို၎င်း၊ အပြစ်ရှိမရှိကိုလည်းကောင်း၊မိမိမှီဝဲထိုက်၊ မမှီဝဲထိုက်သောအရာကိုလည်းကောင်း၊ နောင်သံသရာဝယ်အကျိုးပေးမပေးကိုလည်း ကောင်းမေးမြန်းလေ့ရှိသည်။မိမိထင်ရာမြင်ရာ မပြုလုပ်ဘဲသုစရိုက်များဖြင့်သေလွန်သည့်အခါ နတ်ပြည်၌ဖြစ်ရလေသည်။လူ့ပြည်သို့ပြန် ရောက်လာလျှင်လည်းအသိပညာဉာဏ်ကြိးမ ားရလေသည်။

(ဥပရိပဏ္ဏာသပါဋ္ဌိတော်၊ဝိဘင်္ဂဝဂ်၊စူဋ္ဌကမ္မ ဝိဘင်္ဂသုတ်)
-------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ