အတ္တ နွင့် အတ္တနိယ
************
စံပယ်ပန်းတစ်ပွင့် မြင်ခြင်းစသော အာရုံအတွေ့အကြုံ တစ်ခုဖြစ်တိုင်း ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ်ဟူသော ခန္ဓာငါးပါး ဖြစ်ပေါ်ကြသည်။ အရိယာတို့၏ ရှုထောင့်တွင် ခန္ဓာငါးပါးသည် ခန္ဓာငါးပါး သက်သက်သာဖြစ်သည်။
‘စံပယ်ပန်းအား မြင်ခြင်း’သည် ‘စံပယ်ပန်းအား မြင်ခြင်း’သာဖြစ်သည်။ ပုထုဇဉ်က ‘စံပယ်ပန်းအား မြင်ခြင်း’ကို ‘ငါ့စံပယ်ပန်း, ငါနှစ်သက်သော စံပယ်ပန်း, ငါမြင်သော စံပယ်ပန်း’ဟု ရှုမြင်သည်။ ပုထုဇဉ်က ခန္ဓာငါးပါးအား ‘ငါ, ငါနှင့်ပတ်သက်သောအရာ, ငါ့ဟာ’ဟု ရှုမြင်သည်။ မှန်တွင်ကြည့်က မိမိ၏ ပုံရိပ်ကိုမြင်သကဲ့သို့၊ ခန္ဓာငါးပါးအား ပုထုဇဉ်က ‘မိမိ, မိမိနှင့်ပတ်သက်သောအရာ (အတ္တ, အတ္တနိယ)’ အဖြစ်မြင်သည်။ တနည်းအားဖြင့် ‘မိမိနှင့် လောက’ ဟုမြင်သည်။ ခန္ဓာငါးပါးသည် ခန္ဓာငါးပါးသက်သက် မဟုတ်တော့။ ‘ငါ့ဟာ, ငါ’ဟု စွဲလမ်းသော ဥပါဒါန်နှင့်တွဲ၍ မြင်သည်။ ခန္ဓာငါးပါးသည် ဥပါဒါနက္ခန္ဓာ ငါးပါး ဖြစ်သွားသည်။
ပုထုဇဉ်၏ အမြင်တွင် “ငါရှိ သည်။ စံပယ်ပန်းအား မြင်သောငါ ရှိသည်။ ဤစံပယ်ပန်းသည် နှစ်သက်ဖွယ်ဖြစ်သည်။ ထို့ကြောင့် ဤစံပယ်ပန်းအား ငါနှစ်သက်သည်။” ဟုမြင်သည်။ တနည်းအားဖြင့် ပုထုဇဉ်၏ အမြင်တွင် “ငါရှိ၍ တပ်မက်ခြင်းဖြစ်သည်” ဟုမြင်သည်။ အရိယာတို့ကမူ “တပ်မက်ခြင်း(တဏှာ)ဖြစ်၍ ‘ငါ’ ဟူသောအထင် ဖြစ်သည်” ဟု သိမြင်ကြသည်။
တဏှာသည် အရပ်သုံးဝေါဟာရအရ ‘ရေငတ်ခြင်း, မွတ်သိပ်ခြင်း’ ဟု အဓိပ္ပါယ်ရသည်။ တဏှာသည် သာယာမှု, ချမ်းသာမှုကို မွတ်သိပ်သည်။ သာယာမှုအား တပ်မက်မွတ်သိပ်ခြင်းသည် မျှော်လင့်ခြင်းနှင့် ယှဉ်တွဲနေ၏။ ထပ်မံ၍ သာယာမှု, သာယာဖွယ် အာရုံများကို ရှာဖွေသည်။ ရရှိလာသော သာယာဖွယ် အာရုံများအားမှီ၍ ဆုံးဖြတ်မှုပြုသည်။ ငါ့ဟာဟု သိမ်းပိုက်သော တဏှာဝိနိစ္ဆယဖြင့် ဆုံးဖြတ်သည်။ ငါဟု သတ်မှတ်သော ဒိဋ္ဌိဝိနိစ္ဆယဖြင့် ဆုံးဖြတ်သည်။ ဤသို့ ဆုံးဖြတ်ခြင်းသည် သာယာမှုအား လိုလားတပ်မက်မှု ဆန္ဒရာဂကို ထပ်မံ ဖြစ်ပေါ်စေပြန်၏။ နှစ်သက်တပ်မက်မှု နန္ဒိရာဂကို ထပ်မံ ဖြစ်ပေါ်စေသည်။ ပါဠိတွင် ဖြစ်ခြင်းကို ‘ဘဝ’ ဟုခေါ်သည်။ ဖြစ်ခြင်းသည် စေတနာ စိတ်ဇောဆန္ဒတို့ ဖြစ်ပေါ်ခြင်း (ကမ္မဘဝ)နှင့် ထိုစိတ်ဇောဆန္ဒတို့ကြောင့် ခန္ဓာအသစ်, ဘဝအသစ်ဖြစ်ခြင်း (ဥပပတ္တိဘဝ)ဟူ၍ နှစ်မျိုးရှိသည်။ ဘဝအသစ်ဖြစ်ခြင်းသည် မွေးဖွားခြင်း, အိုခြင်း, သေခြင်း, စိတ်ပျက်ခြင်း, ထိတ်လန့်ခြင်း, စိတ်ပူပန်ခြင်းစသော ဒုက္ခအပေါင်း ဖြစ်ခြင်းပင်ဖြစ်သည်။
(၂) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခသမုဒယံ အရိယသစ္စံ။ ယာယံ တဏှာ ပေါနောဗ္ဘဝိကာ, နန္ဒိရာဂ သဟဂတာ တတြ တတြာဘိနန္ဒိနီ။ သေယျထိဒံ - ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာ။
ဘဝသစ်ကို တစ်ဖန်ဖြစ်စေတတ်သော
(ပေါနောဗ္ဘဝိကာ = ပုန- တဖန် + ဘဝိက- ဖြစ်စေတတ်သော)၊
နှစ်သက်တပ်မက်ခြင်းနှင့် တကွဖြစ်သော
(နန္ဒိရာဂ သဟဂတာ)၊
ထိုထိုအာရုံတို့အား အလွန်နှစ်သက်တပ်မက်သော (တတြတကြာဘိနန္ဒိနီ = တတြတတြ- ထိုထို + အဘိနန္ဒိနီ- အလွန်နှစ်သက်သော)
တဏှာအား ဒုက္ခဖြစ်ကြောင်း (ဒုက္ခသမုဒယ)အဖြစ် ဓမ္မစကြာဒေသနာတွင် ဟောကြားထားသည်။
ကာမတဏှာ, ဘဝတဏှာ, ဝိဘဝတဏှာဟု တဏှာသုံးမျိုးရှိသည်။ နှစ်သက်ဖွယ်သာယာသော အဆင်း, အသံ, အနံ့, အရသာ, အတွေ့အထိဟူသော အာရုံငါးပါးအား ကာမဂုဏ်ငါးပါးဟု ခေါ်သည်။ ထိုကာမဂုဏ်အာရုံများမှ ရသော သာယာမှုချမ်းသာကို တပ်မက်ခြင်းအား ကာမတဏှာဟုခေါ်သည်။ ဘဝအား နှစ်သက်တပ်မက်၍ ဘဝချုပ်ခြင်းအား တွန့်ဆုတ်သော အမြင် ရှိကြသည်။ ဤသို့ဘဝကို တပ်မက်ခြင်းအား ဘဝတဏှာဟုခေါ်သည်။ အချို့သူတို့သည်ကား ဘဝကို ငြီးငွေ့စက်ဆုတ်ကြ၍ သေလွန်ပြီးသော် ဘဝကင်းပြတ်ခြင်းကို နှစ်သက်ကြ၏။ ဤသို့ ဘဝမှလွန်ပြေးသော အမြင်ဖြင့် ဘဝကင်းပြတ်ခြင်းကို တပ်မက်မှုအား ဝိဘဝတဏှာဟုခေါ်သည်။ ‘ငါ့ဟာ, ငါ’ ဟု သိမ်းပိုက်ခြင်း, သတ်မှတ်ခြင်းရှိသူတို့သည် ဘဝကို ကပ်ငြိသောအားဖြင့် ဖြစ်စေ၊ ဘဝကို စက်ဆုတ်သောအားဖြင့် ဖြစ်စေ တပ်မက်မှု တဏှာတို့ဖြစ်ကာ ဘဝမှ မလွတ်မြောက်နိုင်တော့။ ဒုက္ခမှ မလွတ်မြောက်နိုင်တော့။
(၃) ဣဒံ ခေါ ပန, ဘိက္ခဝေ, ဒုက္ခနိရောဓံ အရိယသစ္စံ။ ယော တဿာယေ၀ တဏှာယ အသေသဝိရာဂနိရောဓော စာဂေါ ပဋိနိဿဂ္ဂေါ မုတ္တိ အနာလယော။
ဤတဏှာသုံးမျိုးလုံး အကြွင်းမဲ့ပယ်စွန့်၍ ချုပ်ငြိမ်းခြင်း (အသေသဝိရာဂနိရောဓ), စွန့်ခြင်း (စာဂ), ဝေးစွာစွန့်ခြင်း (ပဋိနိဿဂ္ဂ), လွတ်ခြင်း (မုတ္တိ), မကပ်ငြိခြင်း (အနာလယော)အား ဒုက္ခချုပ်ငြိမ်းခြင်း (ဒုက္ခနိရောဓ)ဟု ဓမ္မစကြာဒေသနာတွင် ဟောကြားထား၏။ “တဏှာနိရောဓော နိဗ္ဗာနံ” ဟုဆိုသည့်အတိုင်း တဏှာချုပ်ခြင်းသည် ဒုက္ခချုပ်ခြင်း နိဗ္ဗာန်ပင် ဖြစ်ပေသည်။
ဥပါဒါနက္ခန္ဓာ ငါးပါးသည် ဆင်းရဲခြင်း ဒုက္ခသစ္စာဖြစ်၍ ပိုင်းခြားသိရမည့်(ပရိညေယျ) တရားဖြစ်သည်။ တဏှာသည် ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာဖြစ်၍ ပယ်စွန့်ရမည့်(ပဟာတဗ္ဗ) တရားဖြစ်သည်။ တဏှာ အကြွင်းမဲ့ချုပ်ငြိမ်းခြင်းသည် ဒုက္ခချုပ်ခြင်း နိရောဓသစ္စာဖြစ်၍ မျက်မှောက်ပြုရမည့်(သစ္စိကာတဗ္ဗ) တရား ဖြစ်သည်။
စာညွှန်း
၁။ သံ-၅-၁၀၈၁-သစ္စသံယုတ်-ဓမ္မစက္ကပဝတ္တနသုတ်
၂။ သံ-၃-၈၃၊ ခန္ဓသံယုတ်-ထေရဝဂ်-အာနန္ဒသုတ်
၃။ ဒီ-၂-၁၁၂၊ မဟာနိဒါနသုတ်
၄။ အံ-၉-၃၄၊ မဟာဝဂ်-နိဗ္ဗာနသုခသုတ်
၅။ ဥဒါန-၃၀၊ နန္ဒဝဂ်-လောကသုတ်
၆။ ဣတိဝုတ္တက-၄၉၊ ဒုကနိပါတ်-ဒုတိယဝဂ်-ဒိဋ္ဌိဂတသုတ်
#ဝီကီပီးဒီးယားမှ ကူးယူပါသည်
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment