လူတို့တောင့်တတဲ့ လွတ်မြောက်တဲ့စိတ်”
★★★★★★★★★★★★★★★★★★★
ဗုဒ္ဓမြတ်စွာသာသနာတော်ရဲ့ ပန်းတိုင်ဟာ
“လွတ်မြောက်တဲ့စိတ်ကို ရရှိရေး” ဖြစ်တယ်။
“ဝိမုတ္တိစိတ္တ” လွတ်မြောက်တဲ့စိတ်ရှိတဲ့ ပုဂ္ဂိုလ်ဟာ
ဗုဒ္ဓမြတ်စွာရဲ့ သာသနာတော်မှာ
အဆင့်အမြင့်ဆုံး ရဟန္တာလို့ ခေါ်ရမယ့် ပုဂ္ဂိုလ်ဘဲ။
လူတိုင်းလူတိုင်းဟာ လွတ်လပ်မှုကို မြတ်နိုးကြတယ်။
လွတ်မြောက်တယ်တို့ လွတ်လပ်တယ်တို့ စကားလုံးဟာ
နေရာတကာ အရပ်ထဲမှာလည်း အနှံ့အပြား ပြောကြတယ်။
“လွတ်မြောက်တဲ့စိတ်” ဆိုတဲ့နေရာမှာ အလွန့်ကို
အဆင့်မြင့်တဲ့ လွတ်မြောက်တဲ့စိတ်မျိုး ဖြစ်ရမယ်။
အရပ်ကပြောတဲ့ လွတ်မြောက်တဲ့စိတ်နဲ့
ဗုဒ္ဓမြတ်စွာဟောလိုတဲ့ လွတ်မြောက်တဲ့စိတ်ဟာ
အဆင့်အတန်းချင်း မြောက်များစွာ ကွာတယ်။
အရပ်က လွတ်လပ်တယ်ဆိုတဲ့စိတ် လွတ်မြောက်တယ်ဆိုတဲ့စိတ်ဟာ
ဗုဒ္ဓမြတ်စွာရဲ့စံနှုန်းနဲ့ သတ်မှတ်ပြီးတော့ ကြည့်မယ်ဆိုရင်
မလွတ်လပ်တဲ့စိတ်ကို ခေါ်တာ။
လွတ်လပ်တဲ့စိတ် မဟုတ်ဘူး။
လွတ်လပ်တယ်လို့ ပြောနေကြတဲ့သူတွေဟာ
တကယ်တော့ အနှောင်အဖွဲ့တွေနဲ့ချည်းဘဲ။
လွတ်လပ်တာ မဟုတ်ဘူးနော်။
အဲဒီတော့ ကိုယ့်စိတ်ကလေးဟာ အနှောင်အဖွဲ့အတွင်းမှာ ရှိသလား ..။
အနှောင်အဖွဲ့တွေမှ လွတ်မြောက်နေသလား .. ဆိုတာ
ဗုဒ္ဓမြတ်စွာရဲ့ တရားဓမ္မတွေကို နာပြီး
တရားဓမ္မစံနှုန်းနဲ့ ကိုက်ကြည့်မှ
တကယ့်လွတ်လပ်မှု ဟုတ်မဟုတ်ဆိုတာကို
သိရှိနားလည်နိုင်တယ်။
လွတ်မြောက်တဲ့စိတ်ဆိုတာ ရအောင်လုပ်နည်း ရှိသလား ..? ရှိတယ်။
လွတ်မြောက်တဲ့စိတ်ရဖို့ ဒီကနေ့လုပ် ဒီကနေ့ဖြစ်သွားတာ မဟုတ်ဘူး။
ဒီကနေ့ ရင့်ကျက်သွားတာ မဟုတ်ဘူး။
တဖြေးဖြေးနဲ့ ရင့်ကျက်လာတာ။
သစ်သီးများလိုဘဲ။
သစ်သီးများဟာ အနုကလေးကနေပြီးတော့
တဖြေးဖြေးရင့်လာရတယ်။
အဲဒီလိုဘဲ…. လွတ်မြောက်တဲ့စိတ်ဟာလည်း
အနုစားလေးကနေ တဖြေးဖြေးရင့်လာတယ်။
လွတ်မြောက်တဲ့စိတ်ကလေး ရဖို့ရာအတွက်
မရင့်ကျက်သေးတဲ့ လွတ်မြောက်တဲ့စိတ်ကလေးကို ရင့်ကျက်လာအောင်
ဘယ်အကြောင်းတရားတွေက ဖြစ်စေနိုင်တာတုန်းလို့ဆိုတာကို
မြတ်စွာဘုရားက မေဃိယသုတ္တန်မှာ ဟောထားတယ်။
လွတ်မြောက်တဲ့စိတ်ကို ရဖို့ရာအတွက်-
(၁) မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းသမားကောင်း ရှာရမယ်။
(၂) မိတ်ကောင်းဆွေကောင်း၊ ဆရာကောင်းသမားကောင်း
အကြောင်းပြုပြီးတော့ ကိုယ်ကျင့်သီလမြဲရမယ်။
(၃) တရားဓမ္မ နာယူရမယ်။
ကထာ (၁၀) မျိုး မကြာခဏ နာရမယ်။
ပျော်စရာစကားတွေ နားထောင်ဖို့ မဟုတ်ဘူး။
တကယ့် သံဝေဂရစရာတို့၊
အပ္ပိစ္ဆကထာတို့၊ သန္တုဋ္ဌီကထာတို့
ဒီလိုလေးနက်တဲ့ တရားတွေ နာဖို့လိုတယ်။
(၄) လုံ့လ ဝီရိယ ရှိရမယ်။
(၅) ပညာရှိရမယ်။
အဲဒီ အခြေကောင်းငါးမျိုး ရှိလာပြီဆိုရင်…
စိတ်ကလေးလွတ်မြောက်အောင် ဘာလုပ်ရမလဲ ..?
• လောဘက လွတ်ဖို့ အသုဘကို ပွားပါတဲ့။
• ဒေါသက လွတ်ဖို့အတွက် မေတ္တာကို ပွားပါတဲ့။
• အတွေးတွေကနေ လွတ်မြောက်ဖို့အတွက် အာနာပါနသတိကို ပွားပါတဲ့။
• စိုးရိမ်ပူပန်ပူဆွေးမှု၊ သောကတွေကနေ လွတ်မြောက်ဖို့အတွက် သတိပဋ္ဌာန်ကို ပွားပါတဲ့။
• ငါဆိုတဲ့ မာန်မာန ပယ်ရှားပစ်ဖို့ အနိစ္စသညာကို ပွားပါတဲ့။
‘အနိစ္စသညာ’ကို ပွားလိုက်ရင် ‘အနတ္တ’ဝင်လာမှာဖြစ်တယ်။
အနတ္တသညာ ဝင်လာလို့ရှိရင် ‘ငါဆိုတဲ့မာန’ ကင်းသွားလိမ့်မယ်။
အဲဒီအချိန်မှာ လုံးဝလွတ်လပ်တဲ့ လွတ်မြောက်တဲ့
စိတ်ရဲ့အခြေအနေတစ်ခုကို ရရှိပိုင်ဆိုင်ကြမှာဖြစ်တယ်။
အဲဒါကြောင့်မို့ တရားချစ်ခင် သူတော်စင်အပေါင်းတို့
ဗုဒ္ဓမြတ်စွာရဲ့ နောက်ဆုံးပန်းတိုင်ဖြစ်တဲ့ “လွတ်မြောက်တဲ့စိတ်”ကို ရရှိအောင်
ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်း။
(ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)
source: https://www.facebook.com/pages/3-Treasures-Buddha-Dhamma-Sangha/275396752571536
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment