“သစ္စာပဗ္ဗမှာ ဓမ္မာနုပဿနာရှု့တယ်ဆိုတာ”
*****************************
ချစ်သားတို့-သင်ချစ်သားတို့သည် သံသရာဝဋ်ကို ဘေးဟု အပြစ်ဟု ဧကန်သိမြင်ပြီး ထိုသံသရာဘေးတို့မှ ငြိမ်းအေးလွတ်မြောက်လိုလျှင် သဘောတရားအမှန်ဖြစ်သော
တရားတို့ကို-ဤကားဆင်းရဲပေတည်း၊ဤကားဆင်းရဲဖြစ်ကြောင်းပေတည်း၊
ဤကားဆင်းရဲချုပ်ကြောင်းပေတည်း၊ဤကားဆင်းရဲချုပ်ကြောင်းလမ်းကောင်းပေတည်း၊
ဟု ဉာဏ်ဖြင့်သိအောင်ရှု့ရာ၏။
ဤကား(ဒုက္ခသစ္စာ)ဆင်းရဲအမှန်ဟူသည်ကား-



၁။(ဇာတိပိဒုက္ခာ)-ဘဝတစ်ခုဖြစ်ခြင်း၊ရခြင်းသည် ဆင်းရဲအမှန်-
၂။(ဇရာပိဒုက္ခာ)-ရင့်ရော်ယိုယွင်း ၊အိုမင်းရခြင်းသည်လည်း ဆင်းရဲအမှန်-
၃။(မရဏံပိဒုက္ခံ)-စုတိပြတ်ကြွေ ၊သေရခြင်းသည်လည်း ဆင်းရဲအမှန်-
၄။(သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ပါယာသာပိဒုက္ခာ)-စိုးရိမ်ပူဆွေး ငိုကြွေးမည်တမ်းခြင်း၊
ကိုယ်ဆင်းရဲခြင်း၊စိတ်မချမ်းသာခြင်း၊ပြင်းစွာပင်ပန်းခြင်း၊တို့သည်လည်း ဆင်းရဲအမှန်-
၅။(အပိယေဟိ သမ္ပယောဂေါပိ ဒုက္ခော)-မချစ်ခင်မနှစ်သက်အပ်သော အာရုံ သတ္တဝါ သင်္ခါရ
တို့နှင့် တွေ့ဆုံပေါင်းသင်း ဆသက်ဆံရခြင်းသည်လည်း ဆင်းရဲအမှန်-
၆။(ပိယေဟိ ဝိပ္ပယောဂေါပိ ဒုက္ခော)-ချစ်ခင်နှစ်သက်အပ်သော အာရုံ သတ္တဝါ သင်္ခါရတို့နှင့်
ကွဲကွာကွေကွင်းရခြင်းသည်လည်း ဆင်းရဲအမှန်-
၇။(ယံပိစ ္ဆံ နလဘတိ တမ္ပိ ဒုက္ခံ)-အကြင်အလိုရှိအပ်သော လိုချင်မှု့၊တောင့်တမှု့သည်
အလိုရှိတိုင်းမရ၊ထိုမရခြင်းသည်လည်း ဆင်းရဲအမှန်-
၈။(သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ)-အကျဉ်းချုပ်အားဖြင့် အစွဲအလမ်း၏အာရုံ ဖြစ်သော
ဤခန္ဓာရခြင်းသည်လည်း ဆင်းရဲအမှန်-ဟု
(ဒုက္ခသစ္စာ)-ဆင်းရဲအမှန်တွင် အကျုံးဝင်သော ၈-ချက်သရုပ်ကို ဖေါ်ထုတ်လျက်ပြသတော်မူ၏။

၁။(ဇာတိပိဒုက္ခာ)-
ပရမတ္တဓမ္မဖြစ်သော “ရူပံ-နာမံံ”ဟူသည့်သဘောတရားတို့ဖြစ်ခြင်း၊ရခြင်းသည် ဇာတိ၏ဖြစ်ခြင်း
ရခြင်း ဖြစ်သောကြောင့် စင်စစ်အားဖြင့် ရုပ် နာမ်တို့၏သဘောတရားဖြစ်လာသည်က ဇာတိ ဟူ၍
ခေါ်ဆိုကြောင်း၊ထိုဇာတိ စဖြစ်လျှင် “ဒုက္ခဝင်လာပြီ”ဟု ဘုရားဟောသည်။
အားလုံးသော လောကဒုက္ခမျိုးစုံ ရင်ဆိုင် ကိုယ်တွေ့ကြုံဖို့ဇာတိ-က ဖြစ်ပေးရသည်။

(ဇာတိ)-ရှေးဦးစွာဖြစ်ခြင်း၊
(သဉ္စာတိ)-ပြည့်စုံစွာဖြစ်ခြင်း၊
(သြက္ကန္တိ)-အမိဝမ်းတွင်း ဝင်သကဲ့သို့ဖြစ်ခြင်း၊
(အဘိနိဗ္ဗတ္တိ)-ဘဝအသစ်၌ ကိုယ်ကောင်အထင်အရှားဖြစ်ခြင်း၊
(ခန္ဓာနံံပါတုဘာဝေါ)-ခန္ဓာတပါး၊ခန္ဓာလေးပါး၊ခန္ဓာငါးပါးတို့ထင်ရှားဖြစ်ခြင်း၊
(အာယတနာနံံ ပဋိလာဘော)-မျက်စိအကြည်စသော အာယတနတို့တစ်ဖန်ရခြင်း၊စသည်ဖြင့်
ဇာတိပုဒ်ကို အသေအချာဟောတော်မူသည်။ဇာတိ၏အဖြစ်သည် ဆင်းရဲအမှန်သဘောပေတည်း။

ဇာတိသည် သံသရာ၏ အရင်းအမြစ် အမွန်အစ ဖြစ်သည်။ သံသရာဒုက္ခ ခန္ဓာဒုက္ခကို ဖြစ်စေရာ ပေါက်ဖွါးရာဖြစ်သောကြောင့် သစ္စာတရားကိုဟောတော်မူရာတွင် အရင်းအကျဆုံးထား၍ ဟောတော်မူသည်မှာ သံသရာဒုက္ခ ကြီးလေးသမျှ ထိုဇာတိအစဖြစ်ခြင်းကပင်တည်း။

၂။(ဇရာပိဒုက္ခာ)-
ဇာတိဟူသောအဖြစ်ကိုရလာပြီးသော် ရရှိခဲ့သောခန္ဓာငါးပါး ရုပ်နာမ်တရားသည် အထင်အရှား
သော်၎င်း၊မထင်မရှားသော်၎င်း၊နှစ်ပါးသောအခြင်းအရာအားဖြင့် တစ်ချိန်ထက်တစ်ချိန် ပျက်ပြား
ယိုယွင်း၍ ကိုယ်တွင်းကိုယ်ပြင်တို့တွင် အဆင်းသန္တာန်တို့မှာ ယိုယွင်းရင့်ရော် ခဏနော်မဆဲ
တသဲသဲ တရုတ်ရုတ် တလှုပ်လှုပ် တရွရွဖြင့် ရုပ်၏ဇရာ နာမ်၏ဇရာဟု နှစ်ဖြာရင့်ကျက် ဖေါက်ပြန်
လျက်မို့ သေဖက်ရောက်အောင် ပို့ဆောင်ဆက်သွင်း အိုခြင်း၏လက်တွင်းသို့သက်ဆင်း၍
နေရသော ဤရုပ်နာမ်ခန္ဓာသည် ဆင်းရဲခြင်းဧကန်သာဖြစ်ချေသည်တကား၊

ရင့်ရော်အိုမင်းခြင်း ဇရာတရားဟူသည် ဘဝတခုအဖြစ်ရလာသော ထိုထိုသတ္တဝါအပေါင်းကို
(ဇရာ)-ရင့်ခြင်း၊
(ဇီရဏတာ)-ရင့်ရော်ခြင်းအခြင်းအရာ၊
(ခဏ္ဍိစ္စ)-သွားကျိုးခြင်း၊
(ပါလိစ္စံ)-ဆံဖြူခြင်း၊
(ဝလိတ္တစတာ)-အရေတွန့်ခြင်း၊
(အာယုနော သံဟာနိ)-ဇီဝိတိန္ဒြေ(အသက်)၏ဆုတ်ယုတ်ခြင်း၊
(ဣန္ဒြိယာနံ ပရိပါကော)-မျက်စိစသောဣန္ဒြေတို့ရင့်ခြင်း၊စသည်အားဖြင့်နှိပ်စက်အပ်၏။
သို့အတွက် ရင့်ရော်ယိုယွင်းအိုမင်းစေသောဇရာသဘောသည် ရုပ်နာမ်ခန္ဓာအား ဆင်းရဲစင်စစ်
ဧကန်ဖြစ်စေသောအင်္ဂါလက္ခဏာကြောင့် ဒုက္ခသစ္စာ ဖြစ်လေသည်။

၃။(မရဏံပိ ဒုက္ခံ)-
ရုပ်နာမ်ဇာတိအဖြစ် ရရှိခဲ့သော ဤခန္ဓာသည် ဇာတိ၏ဖြစ်ပေးသမျှ အားလုံးကို ဖျက်စီးပစ်ရန်မှာ
၎င်း၏ဓမ္မတာဖြစ်၍ သေခြင်း ပျောက်ခြင်း ပျက်စီးခြင်း မရဏတရားသာမြဲပေသည်။
ဇာတိအဖြစ်ဟူ၍ဖြစ်ကြောင်းရှိမှဖြစ်ရ၏။မရဏတရားသည်ကား ဖြစ်ပေါ်ပေးမှု့မှန်သမျှအား
ဖျက်စီးပစ်ရန် တာဝန်မလစ်ဟင်းပေ။ဤရုပ်နာမ်ခန္ဓာရမှု့သည် (မရဏ)သေဖို့ရန် ဧကန်စင်စစ်
အမှန်ဖြစ်ပေရကား၊မရဏတရားသည် (ဒုက္ခသစ္စာ) ဆင်းရဲစွာသောသဘောတရားဖြစ်လေသည်။
(စုတိ)-ရွေ့လျောခြင်း၊
(စဝနတာ)-ရွေ့လျောခြင်းအခြင်းအရာ၊
(ဘေဒေါ)-ခန္ဓာပျက်ခြင်း၊
(အန္တရဓာနံ)-ခန္ဓာကွယ်ပျောက်ခြင်း၊
(မစ္စုမရဏံ)-သေခြင်း၊
(ကာလံံကိရိယာ)-သေခြင်းကိုပြုခြင်း၊ ဤခြောက်မျိုးတို့သည်သမ္မုတိမရဏတို့ဖြစ်ကုန်၏။
လောကလူတို့ပြောဆိုသုံးနှုန်းကြသော လောကဝေါဟာရ သေခြင်းမျိုဖြစ်သည်။
ပရမတ်သဘောအားဖြင့်ကား ခန္ဓာ ရုပ် နာမ် တို့ပြိုကွဲပျက်စီးခြင်းကို မရဏဟုခေါ်သည်။
ယင်း သေခြင်း ပျက်စီးခြင်း မရဏသည်လည်း ၃- မျိုးရှိလေသည်။
၁။(ခဏိက မရဏ)- ရုပ်နာမ်တို့၏ ဖြစ်ပျက် မရဏ၊
၂။(သမ္မုတိ မရဏ)-ဦးဘသေသည်၊ဒေါ်မြသေသည်၊ဟူသော အပြောမရဏ၊
၃။(သမုစေ ္ဆဒ မရဏ)-တစ်ဖန်ပဋိသန္ဓေအဖြစ် မယူသော အပြီးသေခြင်းမရဏ၊ဖြစ်ကြပါသည်။
ဇာတိဟူသောအကြောင်းရှိ၍သေရခြင်း၎င်း၊လုံ့လပယောဂကြောင့်သေရခြင်း၎င်း၊မိမိသဘောအားဖြင့်သေခြင်း၎င်း၊အသက်ကုန်၍သေခြင်း၎င်း၊ဘုန်းကံကုန်၍သေခြင်း၎င်း၊
ယင်းသို့အမည်အမျိုးမျိုးရှိသော်လည်း သေခြင်းဟူသော(အသက်)ဇီဝိတိန္ဒြေပြတ်မှု့သာဖြစ်ပါသည်။
သတ္တဝါတစ်မျိုးမျိုးဖြစ်လျှင်ဇာတိရမည်၊ဇာတိရလျှင်ရပ်နေမည်မဟုတ် (မရဏ)အသေသို့
မရောက်မချင်း ချီတက်ရမည်မှာဓမ္မတာတည်း။သတ္တဝါတို့မှန်လျှင်သေခြင်းကိုကြောက်ကြကုန်၏။
ယင်းသို့ကြောက်ကြရသောကြောင့် မရဏသည်ကား ဆင်းရဲစင်စစ်ဧကန်ဖြစ်ပေ၏။

၄။(သောက ပရိဒေဝ ဒုက္ခ ဒေါမနဿ ဥပယာသာပိ ဒုက္ခာ)
ဇာတိဟူသောဖြစ်တရားရှိလေသောကြောင့်ထိုတရားတို့ဖြစ်ရချေသည်၊
အဿုတဝါ ပုထုဇ္ဇနော ဖြစ်သော သာမန်ပုထုဇဉ်သည် ပရမတ် ဖြစ်သော ဤရုပ်နာမ်ခန္ဓာ၏အရှိသဘောကိုမသိစေသောအဝိဇ္ဇာတရားကြောင့်(အဝိဇ္ဇာသဝကြောင့်)၊
ဤခန္ဓာ ရုပ်နာမ်တရားရထားသည့် အဖြစ်မှန်ကိုမသိပဲ ငါထင်မှု(့ဒိဋ္ဌာသဝကြောင့်၊)
မိမိတို့၏ဘုံဘဝ၌ တပ်မက်မောသော ဘဝတဏှာ (ဘဝါသဝကြောင့်၊)
နေ့စဉ် မြင် ကြား နံံ စား ထိ တွေး ရလေသမျှအာရုံအမျိုးမျိုး၊ ကာမဂုဏ်ကိုမြတ်နိုးသော
(ကာမာသဝကြောင့်၊)စိုးရိမ်ပူဆွေး ငိုကြွေးမည်တမ်းခြင်း၊ကိုယ် စိတ်ဆင်းရဲြံခင်း၊ ပြင်းစွာပင်ပန်းမှု့
တို့ဖြစ်ရခြင်းသည်လည်းဆင်းရဲစင်စစ်ဧကန်ဖြစ်ပေ၏။

၅။(အပိယေဟိ သမ္ပယောဂေါပိ ဒုက္ခော)-
မချစ် မနှစ်သက်အပ်သောအာရုံ သတ္တဝါ သင်္ခါရ တို့နှင့် ပေါင်းသင်းဆက်ဆံကြရ၍-
၆။(ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော)-
ချစ်ခင် နှစ်သက်အပ်သောအာရုံ သတ္တဝါ သင်္ခါရ တို့နှင့် ကွေကွင်းကြရ၍-
စင်စစ် ဒုက္ခသစ္စာ ဆင်းရဲစွာ၏။
၁။စိတ်ဆင်းရဲရခြင်း(စေတသိကဒုက္ခ)
၂။ကိုယ်ဆင်းရဲရခြင်း(ကာယိကဒုက္ခ) ဟူသောဆင်းရဲနှစ်ပါးဖြစ်ရခြင်းကို ဤရုပ်နာမ်ခန္ဓာကပင်လျှင်
ခံစားရပေသဖြင့် ဆင်းရဲစင်စစ်ဧကန်ဖြစ်ပါပေ၏။

၇။(ယံပိစ ္ဆံနလဘတိ ပမ္ပိဒုက္ခံ)-
၁။မရကောင်းသော အရာဝတ္ထုကို တောင့်တခြင်း၊
၂။မရထိုက်သောဝတ္ထုကို လိုချင်ခြင်း၊
၃။ထိုတောင့်တအပ်သော ဝတ္ထုတို့သို့ မရောက်ခြင် ၊မရခြင်း၊
ရထားသောခန္ဓာသည်ကား မရပ်မစဲ တသဲသဲ တလှုပ်လှုပ် တသုတ်သုတ် တရွရွ ဖြစ်မြဲတိုင်းဖြစ်၍
ပျက်မြဲတိုင်းပျက်နေသောကြောင့် မိမိတို့တောင့်တတိုင်း အလိုရှိတိုင်း ဖြစ်၍မလာပဲ
မအိုချင်ပဲလျက်အိုရ၊မနာချင်ပဲလျက်နာရ၊မသေချင်ပဲလျက်သေရ၊သည်ကိုတွေ့မြင်ကြငြား
သတ္တဝါအများသည် ကိုယ် စိတ်နှစ်ဖြာ ပူဆာငြိုှးနွမ်း ပင်ပန်းဆင်းရဲ ဒုက္ခပဲဟု တောင့်တတိုင်း
မပြည့်စုံသည့်အဖြစ်သည် ဒုက္ခသစ္စာ ဆင်းရဲစွာသောတရားပေတည်း။

၈။(သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ)-
ဒုက္ခဝတ္ထု ဆင်းရဲစု၏ အထုအထည် ဧရာနယ်ကား ငါးပါးသောအစွဲအလမ်းကြောင့်ဖြစ်သည့်-
ဤခန္ဓာငါးစု အစုအပုံတို့သာတည်း။
ဤခန္ဓာသည် ဆင်းရဲလုံးစုံ ဒုက္ခဘုံသာတည်း။ဆင်းရဲပင်ရင်းအမှန်ဖြစ်၏။
မည်သည့်ဆင်းရဲတစ်ခုမျှ ခန္ဓာအစုမှလွတ်သည်မရှိ၊မမြဲအနိစ္စ ဒုက္ခဆင်းရဲ အိုပွဲ နာပွဲ သေပွဲမြားမြောင် မဆုံးအောင် တွေ့ရမည်မှာ လွန်သေချာသဖြင့် ခန္ဓာငါးစု ဖြစ်ရှိမှု့သည်
သက်သာရာမရ၊ချမ်းသာဟုမရှိသဖြင့် စင်စစ် ဒုက္ခသစ္စာသာတည်း။ဆင်းရဲ၏ပင်ရင်း အစွဲအလမ်း၏
အာရုံ ဖြစ်သော ဤခန္ဓာငါးပါးဖြစ်ခြင်းဇာတိသည် ဥပါဒါနက္ခန္ဓာတို့၏ အစဆင်းရဲတည်း။
ရင့်ခြင်း အိုခြင်းသည် ဥပါဒါနက္ခန္ဓာတို့၏အလယ်ဆင်းရဲတည်း။
သေခြင်းပျက်ခြင်းသည် ဥပါဒါနက္ခန္ဓာတို့၏ အဆုံးဆင်းရဲတည်း။
အစမထင်သောသံသရာကာလမှ နိဗ္ဗာန်မရမချင်း မဆုံးနိုင်သောဆင်းရဲသည် ဤအစွဲအလမ်းကြောင့်
ဖြစ်သော ရသောခန္ဓာငါးပါးပင်တည်း။
ဆင်းရဲအစုဖြစ်သော ဤသည့်ခန္ဓာကို “သံခိတ္တေန ဥပါဒါနက္ခန္ဓာ ဒုက္ခာ”ဟု
မြတ်စွာဘုရားဟောတော်မူခြင်းဖြစ်ပါသည်။

credit to: https://www.facebook.com/ukyi.soe.1
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ