ကိုယ်ကျင့် အဘိဓမ္မာ ”
★★★★★★★★★★★★
အသိသည် အသိသာ၊ အကျင့်မဟုတ်၊
သိတိုင်းမကျင့်လျှင် သိနေရုံဖြင့် အကျိုးမရ။
ကျမ်းစာတို့တွင် သိအောင်သာ ညွှန်ပြနိုင်၏။
ကျင့်၍ မပေးနိုင်ကြ။
ယခုကာလ စာပေလိုက်စားသူ၊
အဆုံးအမများများ ခံရသူတို့သည်
အသိ မနည်းလှချေ။


သို့သော် ထိုသိသူများတွင်
အထိုက်အလျောက် စောင့်စည်းသူ
သတိထားသူကား
အလွန်နည်းပါးလှ၏။

ထိုကဲ့သို လူစားတွေပေါများနေသော
ဤလောကဝယ်
လူကောင်းသူကောင်းများပင်
စိတ်ထားကောင်းဖို့ခဲယဉ်းလေတော့သည်။

မှန်၏_ ဒါန ပြုရာမှာပင်
ပကာသနဒါနတွေ ပေါများရကား
ဒါန စစ်စစ်ပြုလိုပါလျက်
ပတ်ဝန်းကျင်အခြေအနေကြောင့်
မိမိလည်း ပကာသန ဒါန ကိုသာပြုရသဖြင့်
သူတော်ကောင်းစစ်စစ်တို့၏ သွားရာလမ်းကြောင်းဖြစ်သော
ဒါနပါရမီလမ်းကို ဖြောင့်တန်းအောင် မလိုက်နိုင်တော့။

ထိုပကာသနဒါန ပြုသူများလည်း
ပကာသန ဒါန၏ အကျိုးမရကြောင်း
(ရသော်လည်း အကျိုးနည်းကြောင်း)ကို
သိကြ၏။
သို့သော် ပကာသနကို မက်သော တဏှာ၏ စနက်ကြောင့်
သိပါလျက်နှင့် မသိသူတို့၏ အလုပ်ကိုပင် လုပ်ကြရလေတော့သည်။

ဒါနပြုရာ၍ ကျောင်းဆောက်မှု၊ ဘုရားတည်မှု၊
အလှူကြီးပေးမှုစသည်တို့ဖြင့် ကြီးကျယ်သော ဒါနလည်းရှိ၏။
ဆွမ်း၊ သင်္ကန်း ၊ဆေး အစရှိသည်တို့ဖြင့်လည်းကောင်း၊
မရှိဆင်းရဲသားတို့အား စွန့်ကျဲပေးကမ်းမှု စသည်တို့ဖြင့်လည်းကောင်း၊
အနည်းအပါးဒါနလည်းရှိ၏။
သူတစ်ပါးလာရောက် နှောက်ယှက်သောကြောင့်ဖြစ်စေ၊
စေတနာပျက်ဖွယ်တွေ( စိတ်ထားမတက်သူ၊ ဉာဏ်မရှိသူမှာ)
များလှ၏။ ထို့ကြောင့် ထိုသို့ဒါန အကြီးအကျယ် လှူရာ၌
မိမိကိုယ်တိုင် စွမ်းနိုင်သမျှ စဉ်းစားရုံသာမက
မိတ်ကောင်းဆွေကောင်း ဆရာကောင်းတို့နှင့်တိုင်ပင်ကာ
ပုဂ္ဂိုလ်ကောင်းများကို ရွေးချယ်၍ ပြုလုပ်ထိုက်ကြပေသည်။

အနည်းငယ်ပြုသော ဒါနတို့ကား
ခွေးတိရစ္ဆာန်များကို
ကျွေးမွေးရခြင်းသည်ပင်
အကျိုးများလှပြီဖြစ်သောကြောင့်
အလှူခံပုဂ္ဂိုလ်ကို မရွေးချယ်သော်လည်း အရေးမကြီးလှ။
အချို့အရာ၌ သံဃိက ဒါန မြောက်အောင်
စိတ်ထား၍ အချို့အရာဝယ်လှူဖွယ်ဝတ္ထုများ၌
မတွယ်တာဘဲ မုတ္တစာဂီဖြစ်အောင်
စွန့်လွှတ်ပေးကမ်းလှူဒါန်းရာ၏။
[မုတ္တ= မတွယ်တာဘဲ လွတ်လွတ်ကျွတ်ကျွတ် + စာဂီ= စွန့်ကျဲ ပေးကမ်းလေ့ရှိသူ ]
အလှူခံပုဂ္ဂိုလ်၌လည်း မတွယ်တာ၊
လှူဖွယ်ပစ္စည်း၌လည်း မတွယ်တာ၊
နောက်ဘဝ၌ လူနတ်စည်းစိမ်ကို မတွယ်တာ မတောင့်တဘဲ
နိဗ္ဗာန်ကို မျက်မှောက်ပြုလျက်
လွတ်လွတ်ကျွတ်ကျွတ်လှူဒါန်းသူ ” ဟု ဆိုလိုသည်။

(ကျေးဇူးတော်ရှင် ဆရာတော်ဘုရား အရှင်ဇနကာဘိဝံသ )

source: https://www.facebook.com/mawkon.thakhin.1
-------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ