မောနေယျအကျင့် 
***********
မောနေယျ ကောလာဟလကို ကြွေးကြော်တာလည်း သုဒ္ဓါဝါသဗြဟ္မာကြီးတွေပင် ဖြစ်ကြတယ်၊ သုဒ္ဓါဝါသ ဗြဟ္မာကြီးများဟာလူတို့ရဲ့ လမ်းခရီးမှာ လှည့်လည်ပြီး ခုနစ်နှစ်လွန်မြောက်လျှင် ရဟန်းတော်တစ်ပါးဟာ ဘုရားရှင်နှင့် အတူတကွ မောနေယျအကျင့်ကို မေးလိမ့်မယ်လို့ကြွေးကြော်ကြသတဲ့၊ သည်လို ကြွေးကြော်ခြင်းကို မောနေယျ ကောလာဟလကို့ ခေါ်တယ်”





“မောနေယျအကျင့်အမေးမှာကို ဗြဟ္မာများကခုနစ်နှစ်ကြိုတင်ပြီး ဘာကြောင့် ကြွေးကြော်ကြရတာလဲ ဘုရား”

“သည်အမေးကို တော့ မေနေယျအကျင့်မြတ်ရဲ့ကြီးကျယ်ပုံကို ပြောပြမှ သဘာကျလိမ့်မယ်၊ ဒါကြောင့် မောနေယျအကျင့်အကြောင်းကို ပြောကြဦးစို့ရဲ့”

“မှန်ပါ - မိန့်တော်မူပါဘုရား”

“မောယျေဆိုတာ သဒ္ဒါနည်းအားဖြင့် (မုနိနောဣဒံ မောနေယျံ) လို့ ဝိဂြိုဟ်ဆိုရမယ်၊ မြန်မာလိုတော့ ရဟန်းမြတ်ရဲ့ ဥစ္စာလို့ဆိုလိုတယ်၊ မောနေယျအကျင့်ဆိုတာ ရဟန်းတိုင်း အကျင့်နိုင်ဘူး၊ အမြတ်ဆုံး မုနိဖြစ်သူသာ ကျင့်နိုင်တယ်၊ဘုရားရှင်ရဲ့ သာသနာတော်မှာ မောနေယျအကျင့် ကျင့်နိုင်တဲ့ ရဟန်းဟာ နှစ်ပါး မပေါ်ဘူး၊ တစ်ပါးတည်းသာပေါ်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျင့်ဖို့ခဲယဉ်းလွန်းလို့ ဖြစ်တယ်၊ ဘယ်လောက်ခဲယဉ်းတယ်ဆိုတာကို သုတ္တနိပါတ်၊ပါဠိ၊ ၃၈၈-က ထုတ်နုတ်ပြောပြဦးမယ်”

နာလကသုတ် မောနေယျအကျင့်မြတ်ကို လျှောက်ထားတဲ့ပုဂ္ဂိုလ်အမည်ကတော့နာလကဖြ စ်လို့ သည်သုတ်ကို နာလကသုတ်လို့ခေါ်တယ်၊ နာလကဆိုတာ ကာဠဒေဝီလခေါ်တဲ့ အသိတ ရသေ့ကြီးရဲ့တူဖြစ်တယ်၊ အသိတ ရသေ့ကြီးရဲ့နှမက မန္တာနီပုဏ္ဏေးမတဲ့၊ မန္တာနီပုဏ္ဏေးမရဲ့ သားက ယခု နာလကဖြစ်တယ်၊ အသိတရသေ့ဟာ သမာပတ် ရှစ်ပါးကိုရတဲ့သုဒ္ဓေါဒနမင်းကြီးရဲ့ ဆရာဖြစ်တယ်။

အခါတစ်ပါး တာဝတိ ံသာကို နေ့သန့်ရန်ကြွသွားတဲ့အခါနတ်အများ ရွှင်မြူးနေတာတွေ့လို့ အကြောင်းမေးမြန်းကြည့်တော့ ကပိလဝတ်ပြည် နန်းတော်အတွင်းမှာဘုရားအလောင်းဖွားမြင်ကြေ ာင်း ပြောကြားတဲ့အတွက် ဝမ်းမြောက်ဝမ်းသာနှင့် ကပိလဝတ်နန်းတွင်းကိုပြန်ကြွလာပြီး သားရတာနာဖွားမြင်တာ ဟုတ်မဟုတ် မေးမြန်းတယ်၊ ဟုတ်မှန်ကြောင်း သုဒ္ဓေါဒနမင်းကြီးကပြန်ပြောတော့ ထိုမင်းသားငယ်ကို ငါကြည့်လိုက်တယ်ပြောလို့ သားတော်ကို ယူဆောင်စေပြီး မင်းကြီးရဲ့ရင်ခွင်မှာ ထားကာ ရသေ့ကြီးကို ရှိခိုးဖို့ လက်နှစ်ဖက်ယှက်စေရာမှာ အလောင်းမင်းသားရဲ့ဖဝါးအစုံဟာ ရုတ်တရက်ပျံတက်ပြီး ရသေ့ကြီးရဲ့ ဦးထပ်ပေါ်မှာ တည်သတဲ့။

သည်လို အံ့ဖွယ်သရဲကို မြင်တဲ့အတွက်ရသေ့ကြီးရော, ခမည်းတော်ရော အလောင်းမင်းသားကို ရှိခိုးကြတယ်၊ အဲသည်နောက် ရသေ့ကြီးဟာမင်းသားရဲ့ လက္ခဏာကြီးငယ်ကိုကြည့်ပြီး ဧကန်ဘုရားဖြစ်မည့် ပုဂ္ဂိုလ်ပေပဲ၊ ငါဟာ သက်တော်ထင်ရှားဘုရားကို ဖူးရဦးမှာပါလားလို့ ဝမ်းသာတဲ့စိတ်နဲ့ ပြုံးရယ်တယ်၊ အဲသည်နောက် မိမိရဲ့ အာယုပရိစ္ဆေဒကိုကြည့်တော့ဘုရားမဖြစ်မီ ကွယ်လွန်မည်ကိုမြင်လို့ ငိုပြန်သတဲ့၊ သုဒ္ဓေါဓနမင်းကြီးက အကြောင်းမေးလျှောက်တော့ရသေ့ကြီးက သူ့ဉာဏ်မှာ ထင်တာကို ပြန်လည်ပြောပြပြီး နှမရဲ့သား နာလကိုခေါ်ကာ ရသေ့ကြီးက“ယနေ့ဖွားသော သားဟာ အသက်(၃၅)နှစ်မှာဧကန်ဘုရားဖြစ်လိမ့်မယ်၊ ဘုရားဖြစ်တဲ့အခါ ကိလေသာမြူမကပ်ဘဲ တရားကျင့်နိုင်အောင် ယနေ့ပင်သင်ရဟန်းပြုပေတော့” လို့ မိန့်တော်မူတယ်၊ နာကလလည်း ငါ့ဦးရီးဟာအကျိုးလိုလို့ ငါ့ကို ပြောတာပဲလို့ ယုံကြည်ပြီး အဲသည်နေ့မှာပင် ဣသိပဗ္ဗဇ္ဇအဖြစ်ဖြင့်ရဟန်းပြုခဲ့တယ်။

မောနေယျအကျင့်ဟာ အလွန်မြင့်လွန်းတဲ့အတွက်ဘုရားတစ်ဆူတွင် တစ်ဦးတည်းသာ ကျင့်နိုင်တယ်၊ မောနေယျအကျင့်ကို ပြင်းပြင်းထန်ထန်ကျင့်လျှင်ခုနစ်လသာအသက်ရှ ည်တယ်၊ အလယ်အလတ်ကျင့်လျှင် ခုနစ်နှစ်သာအသက်ရှည်တယ်၊ ခပ်ညံ့ညံ့ကျင့်လျှင်၁၂-နှစ်သာ အသက်ရှည်တယ်၊ နာလကမထေရ်ကတော့ ဘုရားထက် ၂၃-နှစ်စောပြီး တောထွက်ခဲ့တယ်၊ ဘုရားပွင့်တော်မူပြီးဓမ္မစကြာ တရားဟောတော်မူတယ်၊ ဓမ္မစကြာဟောပြီး ခုနစ်ရက်မြောက်သော နေ့မှာ နာလကဟာ ဘုရားထံသွားရောက်တွေ့ဆုံပြီး မောနေယျအကျင့်ကို လျှောက်ထားတယ်။

မောနေယျအကျင့်

မြတ်စွာဘုရား - တပည့်တော်သည် အိမ်ရာမထောင်သောရဟန်းဖြစ်ပါတယ်၊ ဆွမ်းခံစားသူဖြစ်ပါတယ်၊ တပည့်တော်မေးလျှောက်ပါရစေ၊ မောနေယျအကျင့်မြတ်ကိုဟောတော်မူပါဘုရား။

မောနေယျအကျင့်သည် ပြုနိုင်ခဲ၊ ကျင့်နိုင်ခဲသောအကျင့်ဖြစ်သည်၊ ထိုအကျင့်ကို ငါဟောမည်၊ သင်သည် မိမိကိုယ်ကို အားထားပြုလော့ -

(၁) မိမိအားဆဲရေးသူနှင့် ရှိခိုးသူကိုထပ်တူရှုရည်၊ ဆဲရေးခံရသော် စိတ်ပြစ်မှားမှုမရှိအောင် စောင့်ရှောက်ရမည်၊ ရှိခိုးခံရသော်တက်ကြွမှုမရှိအောင် ကျင့်ရမည်။

(၂) ကာမဂုဏ်တို့ကို ပယ်စွန့်၍ မေထုန်မှရှောင်ကြည်ရမည်။

(၃) ငါသည် ချမ်းသာကိုအလိုရှိသကဲ့သို့သတ္တဝါတို့လည်း ချမ်းသာကို အလိုရှိကုန်၏ဟု မိမိကိုယ်ကို ဥပမာပြု၍ သတ္တဝါတို့ိကို မသတ်ရာ၊ မသတ်စေရာ။

(၄) ပုထုဇဉ်သည် ပစ္စည်းလေးပါး၌ ကပ်ငြိ၏၊တဏှာချောက်သည် နက်ရှိုင်း၏၊ ပညာဖြင့် လိုချင်မှုလောဘကိုပယ်စွန့်၍ နက်ရှိုင်းသော ချောက်မှကျော်တက်ရာ၏။

(၅) နှိုင်းယှဉ်ပိုင်းခြားအပ်သောဝမ်းရှိရာ၏၊ အလိုနည်းရာ၏၊ တဏှာဟူသော မွတ်သိတ်မှုမရှိခြင်းကြောင့် ငြိမ်းစေ၏။

(၆) မောနေယျ အကျင့်ကျင့်သော ရဟန်းသည်ဆွမ်းခံပြီးလျှင် တောသို့သာ ပြန်သွား၏၊ သစ်ပင်ရင်း၌ ထိုင်၍သော်လည်းကောင်း၊ ရပ်၍သောလည်းကောင်းနေရာ၏။

(၇) ထိုရဟန်းသည် ဈာန်လေ့လာသူ,တည်တံ့သူ, တော်၌ပျော်မွေ့သူ ဖြစ်ရာ၏၊ သစ်ပင်ရင်း၌ ဈာန်ဝင်စားရာ၏။

(၈) ဆွမ်းခံ၍သာ စားရာ၏၊ ပင့်ဖိတ်၍လှူသောဆွမ်း,ရွာမှဆောင်ယူ၍ လှူသောဆွမ်းတို့ကို မနှစ်သက်ရာ။

(၉) ဒါယကာတို့နှင့် ရောနှောမနေရာ၊ မြတ်သောစကားရှိသည်ဖြစ်၍ နိမိတ်ဝိညတ်နှင့် ယှဉ်သော စကားကို မဆိုရာ။

(၁၀) တစ်စုံတစ်ခုသော ပစ္စည်းကိုရလျှင်ကောင်း၏၊မရလျှင်လည်း ကောင်း၏ ဟု ရ-မရ နှစ်ပါး၌ပင် တုန်လှုပ်ခြင်းမရှိရာ။

(၁၁) မအပ်ပါပဲလျက်နှင့် အယောင်ဆောင်ကာအနည်းငယ်လှူခြင်းကိုလ ည်း မရှုတ်ချ၊ မေးလှူသူကိုလည်း မထီမဲ့မြင် မပြုရာ။

(၁၂) မဂ်ရကြောင်း အကျင့်ကို သုခပဋိပဒါစသည်အယုတ်အမြတ်ရှိ၏ဟု ဘုရားရှင်ဟောတော်ူ၏၊ သို့သော် တစ်ခုတည်းသော မဂ်ဉာဏ်ဖြင့် နိဗ္ဗာန်သို့နှစ်ကြိမ်သော်ကား မရောက်၊ ကိလေသာတို့ တစ်ပြိုင်နက် မကုန်ရကား နိဗ္ဗာန်ဟူသော ကမ်းသို့တစ်ကြိမ်သာ ရောက်သည်လည်း မဟုတ်။

(၁၃) အကြင်ရဟန်းအား ပျံ့နှံ့သောတကဏှာမရှိ၊ တဏှာအလျဉ်ပြတ်ပြီးသော ထိုရဟန်းအား ရာဂစသည်ကြောင့် ဖြစ်သော ပူပန်မူမရှိ။

(၁၄) မောနေယျရဟန်းသည် သင်တုန်းသွားဥပမာရှိသူဖြစ်ရာ၏၊အာစောက်ကို လျှာဖြင့် ထိကပ်ပြီး ဝမ်း၌ စောင်းစည်းသူဖြစ်ရာ၏။

(၁၅) မတွန့်ဆုတ်သောစိတ်ရှိရာ၏၊ များစွာမကြံရာ၊ တဏှာအညှီကင်းသူ, တစ်စုံတစ်ခုသောဘဝ၌ မမှီသူ, အကျင့်မြတ်လျှင် လဲလျောင်းရာရှိသူဖြစ်ရာ၏။

(၁၆) တစ်ဦးတည်းကျင့်ရမည်၊ ကမ္မဋ္ဌာန်းအာရုံ၌အားထုတ်နိုင်ရမည်၊ တစ်ဦးတည်းနေထိုင်ခြင်းသည် မောနမည်၏၊ တစ်ဦးတည်းမွေ့လျော်နိုင်မှအရပ်မျက်နှာတို့၌ ထင်ရှားလတ္တံ။

(၁၇) ဘုရားကို မြတ်နိုးသူသည် ဈာန်ဝင်စားမှု၌မြတ်နိုး၏၊ ကာမကို စွန့်ကုန်သော ပညာရှိတို့၏ ကြွေးကြော်သံကြား၍ ဟိရီကို လည်းကောင်း,သဒ္ဓါကိုလည်းကောင်း၊ အတိုင်းထက်အလွန် ပြုရာ၏။

(၁၈) မြစ်ငယ်ချောင်းငယ်တို့သည်ချောက်အကြား၌ အသံမြည်လျက် စီးသွားကုန်၏၊ မြစ်ကြီးတို့သည် တိတ်ဆိတ်ငြိမ်သက်စွာ စီးဆင်းကုန်၏၊စကားကို ဤမြစ်ဥပမာဖြင့် သိလော့။

(၁၉) ရေမပြည့်သောအိုးသည် အသံမြည်၏၊ရေပြည့်အိုးကား အသံမမြည်၊ သူမိုက်သည် ရေမပြည့်သောအိုးနှင့် တူ၍ ပညာရှိကား ရေပြည့်အိုးနှင့်တူ၏။

(၂၀) ဘုရားရှင်သည် အကြောင်းအကျိုးနှင့်ပြည့်စုံ၍၍အစီးအပွားနှင့်စပ် သော စကားကို များစွာမြွတ်ဆို၏၊ ဤသို့မြွတ်ဆိုခြင်းကား တရားကိုသိတော်မူသည်ဖြစ်၍သာများစွာ မြွတ်ဆိုတော် မူခြင်းဖြစ်၏။

(၂၁) တရားကိုသိသောသူသည် စောင့်စည်းအပ်သောစိတ်ရှိ၏၊ စကားကိုများစွာမဆို၊ ထိုပုဂ္ဂိုလ်သည် အရဟတ္တဖိုလ် ရထိုက်၏၊ ရလည်းရ၏။

ယခုပြောခဲ့တာက မောနေယျအကျင့် အကျဉ်းချုပ်ဖြစ်ပါတယ်၊ သည်အကျဉ်းချုပ်မျှကို လေ့လာရုံနှင့် မောနေယျအကျင့်ဟာ ဘယ်လောက်ဆင့်အဆန်းမြင့်တဲ့အကျင့်ဆိုတာ အလွန်သိသာပါတယ်၊ သည်လောက် အဆင့်အတန်းမြင့်တဲ့ အကျင့်ကို အလွန်ထက်သန်သောလုံ့လဝီရိယဖြင့် ကျင့်တော်မူတဲ့ နာလကမထေရ်ဟာ သစ်တစ်ပင်ရင်းမှာ နှစ်ရက်မနေဘူး၊ တစ်ရွာတည်းမှာနှစ်ကြိမ်ဆွမ်းမခံဘူး၊ သည်တောမှ ထိုတော, သည်တောင်မှ ထိုတောင်, သည်သစ်ပင်မှ ထိုသစ်ပင်,သည်ရွာမှ, ထိုရွာ လှည့်လှည်ရင်း တရားကျင့်တော်မူတာဟာ ခုနစ်လ လွန်မြောက်တော့ အရဟတ္တဖိုလ်တည်ပြီးမိမိရဲ့အသက် အပိုင်းအခြားကို ဆင်ခြင်ကြည့်လိုက်တော့ အသက်တမ်းကုန်ပြီဆိုတာကို သိတဲ့အတွက်ကိုယ်စင်ကြယ်အောင် ရေချိုးတော်မူတယ်၊ ရေချိုးတော်မူပြီးတဲ့နောက် သင်းပိုင်းကို ဝတ်,ဒုကုဋ်ခါးပန်းတို့ကို ရိုသေစွာ ဝတ်ရုံတော်မူတယ်၊ ပြီးတော့မှ တစ်ခုသော မြင်းသီလာတောင်ကိုမှီကာဘုရားရှင်ရှိရာ ရည်မှန်းပြီး ဦးထိပ်ထက်လက်အုပ်ချီကာ မတ်တက်ရပ်လျက်ပင် ပရိနိဗ္ဗာန် ဝင်စံတော်မူသတဲ့။

အရှင်နာလက ပရိနိဗ္ဗာန်စံဝင်ကြောင်းဘုရားရှင်သိတော်မူတဲ့အ တွက် ပရိနိဗ္ဗာန်စံရာဌာနကို သံဃာတော်များနှင့်တကွ ဘုရားရှင်ကိုယ်တော်တိုင်ကြွပြီး သည်လောက် ကြီးကျယ်မြင့်မြတ်တဲ့အတွက် မောနေယျအကျင့် မပွင့်ထွန်းမီ ခုနစ်နှစ်ကာလကြိုတင်ပြီး ဗြဟ္မာများက ကြွေးကြော်ကြရခြင်းဖြစ်တယ်”

“ မှန်ပါ - သဘောပေါက်ပါပြီ ဘုရား၊ သဓု- သာဓု - သာဓု ''
***ကောက်နုတ်ချက်*** နိုင်ငံတော် သြဝါဒါစရိယ၊ မြန်မာစာသြဝါဒါစရိယ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဒေဝိန္ဒာဓိပတိ (ထီးချိုင့်မြို့ -တည်တောဆရာတော်ကြီး) ယနေ့ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ အတွဲ(၂) (စာမျက်နှာ ၁၉၆ - ၂၀၁) မှ ကောက်နုတ်ပူဇော်ပါသည်။

.
"ထေရဝါဒ ရနံ့" မှပြန်လည်ရေးသားပူဇော်ပါသည်။

-------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ