(လူ့ဘဝနေလျက်က လူ့ဘ၀ သေနေခြင်း) နှင့် (နေ နှင့် လူသား)
********************
လူဟူသောဝေါဟာရစကားသည် မနုဿဟူသောပါဠိ စကားမှပင် ဆင်းသက်လာ၏။
ထိုမနုဿကို အဓိပ္ပါယ် ဖော်ကြည့်သော်…..
• အကျိုးရှိ အကျိုးမဲ့ကို သိပိုင်နေခြင်းသည် မနုဿ၊
“အတ္ထာ နတ္ထံ မနတိ ဇာနာတီတိ မနုဿော”
• အပြစ်ရှိ အပြစ်မဲ့ များကိုသိပိုင်နေခြင်းသည် မနုဿ၊
“ကုသလာ ကုသလံ မနတိ ဇာတာတီတိ မနုဿော”
ထိုသို့ အကျိုးနှင့်အပြစ်ကို စိစစ်ခွဲခြားနိုင်လေသူ၌ အကျိုးမရှိ အပြစ်မဲ့ မျိုးများကိုသာ အားထုတ်၍ အကျိုးမဲ့ အပြစ်ရှိသူများကိုကား ရှောင်ရှားသွားနိုင်တော့ရကား….
ကောင်းကျိုးစေတနာ အရှိန်သတ္တိများ၏ တွန်းပင့်အားများကြောင့်
ကြွေးကင်း နောက်ကြောင်းရှင်းဖြင့် သွားလမ်းသာနေခြင်းကြောင့်
အလံတံခွန်တို့သည် လေ၏ပင့်အား၊ ပင်ကို၏ ပေါ့ပါးအားများကြောင့် ကောင်းကင်ဝယ် တလွင့်လွင့် တလူလူ တက်နေသည့်ပမာ
လူ့အဆင့်နိမ့်မှ လူ့အဆင့်မြင့်သို့ တလူလူတက်ခွင့်ရသွားစေပြီ။
လူ့ဘဝမှ နတ်ဘဝတို့သို့ တလွင့်လွင့် တလူလူ တက်ခွင့်၇သွားပြီ။
လူ့ဘဝမှ ဗြဟ္မာဘဝတို့သို့ တလွင့်လွင့်တလူလူ တက်ခွင့်၇သွားပြီ။
ဤသည်ပင်လျှင်လူ၏ သရုပ်အဓိပ္ပါယ်မှန်တည်း။
ထိုသရုပ်ကိုစံထားလျက်က သင့်ကိုယ်သင် အဖြေထုတ်သင့်ပြီ။
(၁) သင်သည် မွေးကင်းစမှ ဆယ်နှစ်အတွင်း အမှတ်မဲ့ (အမှားအကျင့်နှင့် အမှတ်ရှိ (အမှန်ကျင့်) ဘယ်ဒင်းလုပ်မိ သနည်း။
(၂) တစ်ဖန် ပျော်ချိန်ပါးချိန်ဖြစ်သော အပျိုဖော် လူပျိုဖော် ဘဝအတွင်း၌လည်း အမှတ်မဲ့ နှင့် အမှတ်ရှိ ဘယ်ဒင်း လုပ်မိသနည်း။
(၃) ထိုမှတစ်ဆင့် ခြေချော် လက်ချော် လင်ကောင်ပေါ် မယားကောင်ပေါ်သွားသော အိမ်ထောင်ကျစ ဘဝတွင် လည်း အမှတ်မဲ့နှင့် အမှတ်ရှိ ဘယ်ဒင်းလုပ်နေမိသနည်း။
(၄) ထိုမှတစ်ဆင့် သားသမီးရ အိမ်ထောင်တာဝန်ပိကျနေသော ကာလအတွင်းမျိုးတွင်လည်း အမှတ်မဲ့နှင့် အမှတ်ရှိ ဘယ်ဒင်းလုပ်မိနေသနည်း။
(၅) ထိုမှ တစ်ဆင့် သားသမီးတို့ ကြည့်ပျော်ရှုပျော် ရှိလာချိန် ကာလ သားဇော သားမာန်၊ သမီးဇော သမီးမာန်ထ နေသောကာလမျိုးတွင်လည်း အမှတ်မဲ့ နဲ့ အမှတ်ရှိ ဘယ်ဒင်းပြုကျင့်နေမိသနည်း။
(၆) ထိုမှ တစ်ဆင့် ထိုသားထိုသမီးတို့သည် သားချင်းတော်တွေထက်သွေးချင်းစပ်သို့ တပ်မက်သွားသည်က တစ်ကြောင်း၊ ဆွေမျိုးထက် ငွေမျိုးမက်သွားသည်က တစ်ကြောင်းများကြောင့်….
မိဘကျောပေး အကြိုက်ပေးရာနောက် ကောက်ကောက်ပါသွား၍ သားပစ် သမီးပစ် အဘိုးအဘွားချည်းကျန်ရစ်ခဲ့ သောအခါမျိုးတွင်လည်း အမှတ်မဲ့နှှုင့် အမှတ်ရှိ ဘယ်ဒင်းပြုကျင့်နေမိသနည်း။
ဤကား အသက်တမ်းဖြင့် ပိုင်းခြားစစ်မေးထားခြင်း။ တစ်ဖန်ထိုအရွယ်အားလုံးတို့၏ အချိန်များတွင် လည်းတစ်ရက်တာ၏ အချိန်ပိုင်းသည် နေ့နှင့်ည ဟူ၍ နှစ်မျိုးရှိချေရာ….
ညဉ့်သည် အိမ်မောကျ ကာလမျိုးများသာဖြစ်ရကား အမှတ်မဲ့ လူ့အသိဉာဏ်မဲ့အချိန်များချည်း ဖြစ်နေပါသည်။ သို့ကြောင့် ထိုညဉ့်ဟူသည့်ရက်တစ်ဝက်ကို လူူစားရင်းထဲမှ ပယ်ဖျက်ရပါတော့မည်။
လူဟူသောအမည်နဲ့မလိုက်ဖက်တော့ခြင်း။ အထက်တက်ပိုင်ခွင့်အရှိန် သတ္တိများလုံး၀ ကင်းမဲ့နေတော့ခြင်းများ ကြောင့်တည်း။
တစ်ဖန်ကျန်နေ့တစ်ဝက်တွင်လည်း …..
နိုးထစဝယ် အမှတ်မဲ့ နှင့် အမှတ်မိ ဘယ်ဒင်းဖြင့်ထသနည်း။
(အမှတ်မဲ့က သညာသိ အစွဲသိ အကူဖြင့် လှုပ်ရှားမည်။
အမှတ်မိက ပညာသိ ကွဲသိ အကူဖြင့်လှုပ်ရှားမည်။)
ထိုမှ တစ်ဆင့် အိပ်ရာသိမ်း မျက်နှာသစ် စသည်ပြုစရာကိစ္စအားလုံးတို့၌လည်း အမှတ်မဲ့နှင့် အမှတ်မိ ဘယ်ဒင်းလုပ်မိနေသနည်း။
တစ်ဖန် မိမိတို့ ဝမ်းစာရှာဖြစ်စေ ပညာရှာဖြစ်စေ အလုပ်ခွင် မဝင်မှီကာလများရှိ နံနက်စာစီမံ၊ နံနက်စာစား၊ စသည်များ၌လည်း အမှတ်မဲ့ နှင့် အမှတ်သိ ဘယ်ဒင်းဖြင့် ဆောင်ရွက်နေသနည်း။
နေနှင့်လူသား
------------
နေဝင်သွားပြီ။
လူတို့သည် သွေးကလည်း အေး အရေးကလည်း အခြေမပေးတော့သည်က တစ်ကြောင်း မွေးညင်းပေါက်များ တစ်စတစ်စ ပိတ်သွားကြပြီဖြစ်ရကား ဝမ်းတွင်းနေ အပူနှင့် အပုပ်များ ပြင်ပသို့ မတိုးဦးခေါင်းသို့သာ ဆောင့်တိုး ထိုးသည်က တစ်ကြောင်း ၊ ထို့ကြောင့် အိပ်စက်သွားကြရ၏။
– အပူအပုပ်အားကြီးသူက အအိပ်ပိုကြီးမည်။
– အပူအပုပ် နည်းပါးသူက အအိပ်နည်းမည်။
ညဉ့်အိပ်ချိန်ဝယ်……
တစ်နေ့တာ သွင်းယူထားသော အပူအပုပ်များကို ဘဝင်လေမထ ကိလေသာလည်း မကြွခြင်းကြောင့် ဝင်လေ နှင့် ထွက်လေ နှစ်ရပ်တို့သည် နှာသီးမှ ချက်တိုင်၊ တစ်ဖန် ချက်တိုင်မှ သည် နှာသီးသို့ ပုံမှန်ရှုသာရှိုက် သာခွင့်ရနေကြပါသည်။ ထိုစဉ်……
ထွက်လေ ဝင်လေဝယ် ဝမ်းတွင်းအောင်း အပူအပုပ်ဟောင်းများကို စုပ်ထုတ်သွားပြီ။
ဝင်လေဝယ် ပြင်ပရှိ လေကောင်းလေသန့်များကို ထည့်သွင်းပေးနေပြီ။
သို့ကြောင့် ကိုယ်ကောင်ကြီးသည် တစ်စတစ်စ အပူမှ အအေးသို့ပြောင်းလဲလာပြီး နွမ်းရာမှလည်း လန်းလာနေပါသည်။ ထိုမှတစ်ဆင့်….
အပူအပုပ်ကင်း၍ ဝမ်းသန့်ရှင်းလာသော်၊
အနွမ်းကုန်သွားပြီး အလန်းချည်းပုံကျလာသော်၊
ထိုအချိန်သည် လူသားတို့နိုးကြားချိန်တည်း။
အကယ်တိတိ…..
အပူအပုပ်တို့ကလည်း မကုန်သေးမီ၊ အလန်းကလည်း မပုံသေးမီ အချိန်တွင် တစ်စုံတစ်ခုသော အသံမျိုးအနှိုး များကြောင့် လန့်နိုးနိုးသွားက စိတ်လည်းမကြည် ကိုယ်လည်းမအီမသာပင်။
၎င်းသဘာဝယုတ္တိများကို ထောက်ဆ၍ လူသားတို့၏ အိပ်ရာထလန်းဆန်း တက်ကြွလာခြင်းများသည်…..
အိပ်၍ အားရှိသွားခြင်းမဟုတ်၊
ဝင်လေ ထွက်လေမှန်၍ အပူအပုပ်ကင်းစင် သွားခြင်းကြောင့်သာ။
ဤကားနေဝင်ချိန်ကာလ လူသားတို့သဘာဝများပေတည်း။
နေထွက်လာပြီ။
(က) ထိုနေသည် ထွက်စဝယ် မပူသေး၊ လူတို့လည်း အေးအေးဆေးဆေး။
(ခ) နံနက် (၈)နာရီခန့်ဝယ် နေပူစပြုလာ၏။ လူတို့လည်း လှုပ်ရှားစပြုလာကြပြီ။
(ဂ) နေ့လယ်ဝယ် နေကားပူပြင်းလှပြီ၊ လူတို့လည်း အလုပ်ဝယ်အပူတပြင်း။
(ဃ) နေစောင်းသွားရာ အပူကျလာပြီး လူတို့လည်း နားစပြုလာကြပြီ။
(င) ညနေ (၅) နာရီခန့်ဝယ် နေရောင်ပင် ညှိုးပြီး လူတို့လည်း အလုပ်သိမ်းကြလေပြီ။
ထိုသို့သော နေ၏ ကျီစယ်ကစားခြင်းကို ခံနေရချိန်မျိုးတို့၌လည်း သင်သည် အမှတ်မဲ့ နှင့် အမှတ်ရှိ ဘယ်ဒင်းလုပ် နေမိသနည်း။
ဤ ကား အချိန်ပိုင်းဖြင့် မေးစစ်ထားခြင်း။
အထက်ပါ အရွယ်စစ်တမ်း အချိန်စစ်တမ်း နှစ်ရပ်တို့ိုစေ့စေ့စပ်စပ် သုံးသပ်လျှင် အမှတ်မဲ့များကသာ ဖုံးလွမ်းထား ပါသည်ကို တွေ့ကြရပါမည်။
အမှတ်မဲ့နောက်ဝယ် ရာဂ၊ ဒေါသ စသည်ကြိုက်စွဲ မကြိုက်စွဲ ကိလေသာ အခုအခံများ များစွာပါဝင်နေသည်ကို သတိပြုပါလေ။
(က) ဒါနဟူသော ကောင်းမှုများသည် ငါ့ပစ္စည်းဟူသော ရင်ဝကိုစူးဝင်နေသည့် ဒိဋ္ဌိ တဏှာ အရိုးစွပ် အသွားတပ် ဓားကို ဆွဲနှုတ်ရာ လက်နက်ဖြစ်ခြင်းကြောင့် စွန့်လွတ်ခြင်းကို တာဝန်ယူရ၏။
(ခ) သီလ ဟူသော ကောင်းမုှများကလည်း မြင်ရာ ကြားရာစသည်များမှ အမှတ်မဲ့ သတိလွတ်နေစဉ် အမည်ပြော၍ အစွဲ ကိုနှိုး အကောင်းပြော၍ အကြိုက်ကိုဆွနေပါသည်ကို တားဆီးရာလက်နက် ဖြစ်ခြင်းကြောင့် စောင့်စည်းမှုဣန္ဒြေကို တာဝန် ယူရ၏။
သို့တစေလည်း ……
အမှတ်မဲ့သမား၏ ဒါနမှု၊ သီလမှု လမ်းထားသည် ငါစွဲလည်းမကင်း၊ စောင့်စည်းခြင်းလည်း မပါရှိစေရာ အစွဲ၏ ဆွဲငင်အား ကို မရုန်းနိုင်ရကား အဘယ်မှာ လူဖြစ်ပါအံ့နည်း။
အမှတ်မဲ့၏ ဒါနသည် လှူရာဝယ် အသိစိတ်မကပ်တတ်။
ကပ်သော်မှ ငါ၊ ဝတ္ထု၊ ပုဂ္ဂိုလ် တစ်ခုခုပေါ်ဝယ် နားနေတတ်လှ၏။
သို့ကြောင့် ဘုရားရှင် ဝတ်ပြုစဉ် သြကာသ တစ်ပုဒ်လုံးဆုံးသည်အထိ ဘုရားရှင်ထံ စိတ်မှန်မှန်မရောက်တတ်။
ဆွမ်းတော်ကပ်စဉ် “အရဟတာဒိ” အစချီ ဆွမ်းတော်ကပ် တစ်ပုဒ်လုံး ဆုံးသည်အထိ ဘုရားထံ စိတ်ပြည့်မ ရောက်တတ်။
သည့်အတူ သံ ဃဒါန ဆွမ်းလောင်းလှူရာ ဆွမ်းကျွေးရာစသည် ကောင်းမှုစုံ အကုန်ပြုရာ၌လည်း ကိုယ်နှင့်စိတ် တစ်ထပ်တည်းမကျခြင်း၊ ငါဝတ္ထု ပုဂ္ဂိုလ်များသို့ ငြိကပ်နေခြင်းများကြောင့် ကောင်းမှုစစ်စစ်ကား မဖြစ်နိုင်ပြီ။
သို့ဆိုသော် အမှတ်မဲ့ လူသားတို့၏ တစ်နေ့တာပြုကျင့်မှုသည် မကောင်းမှုဖြစ်စေ ကောင်းမှုပင်ဖြစ်စေ မြစ်ခြေမပါ သော သစ်ပင်များ ပမာ ရှင်သန်ရန် အလွန်ခက်ပါမည်။ အညွန့်ထွက်ရန် ပွင့်ရန်သီးရန်များလည်း ဝေးနေမည်သာ ဖြစ်ပါမည်။ သို့ကြောင့် တလူလူ တလွင့်လွင့် တက်ခွင့်သာသောလူသားဟူ၍ မဆိုသာပြီ။
အမှတ်မဲ့ လူသားတို့၏ ထိုတစ်နေ့တာသည် မသိမှု မောဟနှင့် တကွသော ကိလေသာလောင်းရိပ်မိနေတော့ခြင်း ကောင်းလမ်းပါဆိုးလမ်းပဲဟူ၍ သဲသဲကွဲကွဲ သိပိုင်မှုမရှိတော့ခြင်း။
ထိုအချက် နှစ်ချက်ကို ထောက်ဆလျက်……
လူစာရင်းထဲမှ ပယ်ဖျက်ရပါမည်။ လူပင်ဖြစ်လျက် လူသက်ကင်းသူများဟူ၍ ကမ္ပည်း ရေးထိုးရပါတော့မည်။
မဟာဗောဓိမြိုင်ဆရာတော်
source: https://www.facebook.com/san.dar.7165
---------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment