ဘုန်းကံဟူသည် အဘယ်နည်း.... မင်္ဂလာရှိသောနေ့သစ်များကို မည်သည့်အရာက မွေးဖွားဖန်တီးပေးနိုင်ပါသနည်း။ 

 မိမိဘဝသည် မိမိ မျှော်လင့်သလို ဖြစ်မလာခြင်း အတွက် မည်သူတွင် တာဝန်ရှိပါသနည်း။

 အတွေးဆိုးဝင်လာလျှင် မည်သို့ နှိပ်ကွပ်ဖယ်ရှား မည်နည်း။




ဘုန်းကံ
******
ဘုန်းကံ ဟူသည် အကျင့်စရဏနှင့်အလုပ်၌သာ တည်သည်။ ကိုယ်ကျင့်သိက္ခာကောင်းမွန်သော်       ဘုန်းကံ ကြီးမားမည်။ ကုသိုလ်မှုပြုသော် ဘုန်းကံ ကြီးမားမည်။ မင်္ဂလာရှိမည်။ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်း သော် ဘုန်းကံနိမ့်မည်။ အကုသိုလ်မှုပြုသော် ဘုန်းကံ နိမ့်မည်။ အမင်္ဂလာဖြစ်မည်။

မိမိ၌သာ တာဝန်ရှိ
*************
လူသည် မိမိနှလုံးသားထဲက စေတနာ၊ကံ၊ဉာဏ်၊ ဝီရိယတို့ကို အားကိုးရပေလိမ့်မည်။ မိမိ၏ဘဝကို မိမိ ကိုယ်တိုင်ဖန်တီးသည်။ မိမိ၏ဘဝသည် မိမိမျှော်လင့် ထားသလိုမဖြစ်ခြင်းအတွက် မိမိ၌သာ တာဝန်ရှိပါ၏။

မင်္ဂလာရှိသောနေ့သစ်
***************
 နေ့သစ်တစ်ခုကို အစပျိုး, အိပ်ရာမှ နိုးသည်နှင့် ဤတစ်နေ့တာအတွင်း စိတ်ကောင်းနှင့် ယှဉ်၍ ကြံ တွေးမည်၊ ပြောဆိုမည်၊ ပြုလုပ်မည်ဟုအဓိဋ္ဌာန်ချမှတ် ၍ ယင်းအဓိဋ္ဌာန်အတိုင်း ကာယကံ၊ ဝစီကံ၊ မနောကံ တို့ကို ဖြစ်ပွားခွင့်ပြုလျှင် ယင်းနေ့သစ်သည် မင်္ဂလာ အပေါင်း ခညောင်းကာ ကျက်သရေရှိသောအချိန်အခါ ကောင်း ဖြစ်ပါ၏။ ကောင်းသောကံသုံးပါးကသာလျှင် မင်္ဂလာရှိသောနေ့သစ်များကို မွေးဖွားစေပါလိမ့်မည်။

အတွေးဆိုးဝင်လာလျှင်
*****************
မိမိ၏စိတ်အတွင်းသို့ ညစ်နွမ်းသောအတွေးများဝင် လာလျှင် ညစ်နွမ်းမှန်းသိပါစေ။ မှားယွင်းသောအတွေး များ ဝင်လာလျှင် မှားယွင်းမှန်း သိပါစေ။ မကောင်း သောအတွေးများ စိတ်အတွင်း၌ အုံကျင်းဖွဲ့စçပြုသည် နှင့် သတိç ပညာဖြင့် မောင်းနှင်ထုတ်ပါ။

 ယင်းအတွေးဆိုးç အတွေးမှားများမှသည် ကာယကံ ဆိုး၊ ဝစီကံဆိုးများအဖြစ် အရောက်မခံခြင်းသည် ဗုဒ္ဓ ဓမ္မကို လက်တွေ့ကျင့်သုံးနေခြင်းဖြစ်ပါ၏။ တရားနှင့် အညီ နေထိုင်နေခြင်းဖြစ်ပါ၏။

အခြေခံကိုယ်ကျင့်တရား
****************
မိမိကိုအကြောင်းပြု၍ သူတစ်ပါးကို မထိခိုက်, မနစ်နာစေလိုသော စေတနာ နှလုံးသားဝယ် တည်ကိန်း စွဲမြဲနေလျှင် ငါးပါးသီလစောင့်ထိန်းရန် မခဲယဉ်းတော့ပါ။ မိမိကြောင့် သူတစ်ပါးတို့ နှလုံးစိတ်ဝမ်း ရွှင်လန်းချမ်းမြေ့ပါစေဟူသော စေတနာကောင်းအရင်းခံဖြင့် ပြောဆိုဆက်ဆံလုပ်ကိုင်ခြင်းသည် ကိုယ်ကျင့်တရား ပင်ဖြစ်ပါ၏။ ငါးပါးသီလဟူသော အခြေခံနိစ္စဓူဝ ကိုယ်ကျင့်သီလကိုမှ မြဲမြံစွာ စောင့်ထိန်းနိုင်ခြင်း မရှိလျှင် ဝိပဿနာဘာဝနာပွားများခြင်းဟူသော အထက်အဆင့် ဘာသာရေးကျင့်စဉ်ကို အကျိုးရှိအောင် ဆောင်ရွက်နိုင် မည်မဟုတ်ပါ။

 မှန်ကန်သောသဘောတရား
*********************
ဗုဒ္ဓဝါဒ၌ အမျှော်ဖြင့် မြှူဆွယ်မှု၊ အကြောက်ဖြင့် ခြောက်လှန့်မှုတို့အတွက် နေရာမရှိပါ။ မိမိလုပ်သော အလုပ်၊ မိမိ၏စေတနာ၊ မိမိ၏အပြုအမူဆောင်ရွက်ချက် တို့ဖြင့်သာ မိမိ၏ဘဝကို ကောင်းအောင် ဆိုးအောင် လုပ်နိုင်စွမ်းရှိသည်ဟူသောသဘောတရားကား တရား  မျှတ၏။ရိုးစင်းဖြောင့်မတ်၏။စိတ်ကောင်းနှလုံးကောင်း ရှိသော လူသားတိုင်း လက်ခံနိုင်သောသဘောတရား လည်း ဖြစ်၏။

ဦးနှောက်နှင့်နှလုံးသား
**************
လူသည် နှလုံးသားလည်း လှရမည်။ ဦးနှောက် လည်း မြင့်မားရမည်။ သို့မှသာ မိမိအကျိုး၊ သူတစ်ပါး အကျိုးကိုဆောင်ရွက်နိုင်သော လူတော်လူကောင်းဖြစ် ပေမည်။ ထိုနှစ်ခုတွင် တစ်ခုသာရွေးချယ်ရမည်ဆိုလျှင် မူ နှလုံးလှခြင်းကိုသာ တန်ဖိုးထားသင့်ပါ၏။

သိမှုနှင့်ရှိမှု
********
ဓမ္မကို သိမြင်မှုဖြင့် လောဘကို မထိန်း ချုပ်နိုင်သော် ရှိမှုတွေနောက် မောပန်းတကြီးလိုက်ရင်း လိုက်၍ မဆုံးစဉ်မှာပင် ဘဝနိဂုံး အဆုံးသတ်ရတတ်ပါ၏။ ရှိမှုတွေနောက်ကိုလိုက်ရင်း သိမှုမဲ့ဖြင့် ချုပ်ငြိမ်းရ သောဘဝသည် တန်ဖိုးရှိပါမည်လော။

လမ်းကောင်းလမ်းမှန်
***************
မည်သည့်ဆင်းရဲဒုက္ခနှင့်ကြုံဆုံစေ၊ မိမိ၏ရုပ်နာမ် ခန္ဓာကို ရတနာ သုံးပါးအား အပ်နှင်းလျက် သီလကို စွဲမြဲစွာ ဆောက်တည်ပြီး မိမိ၏ လုံ့လဝီရိယနှင့် ဉာဏ် အားကို အစွမ်းကုန် အသုံးချလျက် ဆင်းရဲဒုက္ခမှ     လွတ်မြောက်အောင် အားထုတ်ကြိုးပမ်းသွားခြင်းသည် လမ်းကောင်းလမ်းမှန်ဖြစ်ပါ၏။ မမြဲသောသင်္ခါရ လောကဝယ် အခက်အခဲများ၊ ဆုံးရှုံးမှုများ၊ ဆင်းရဲဒုက္ခ တွေ့ကြုံမှုများသည်လည်း အမြဲမရှိတတ်ပါချေ။

ကာကွယ်ရေးတာဝန်
**************
မကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံမှုတို့ ကို မပြုဖြစ်အောင် သတိဖြင့်ရှောင်ကြဉ်ခြင်းသည် မိမိ ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်သလို သူတစ်ပါး တို့ကိုလည်း ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်ပါ၏။လူသားမှန်သမျှ မိမိကိုယ်ကို ကာကွယ် စောင့်ရှောက် ရန်တာဝန်ရှိသကဲ့သို့ မိမိ၏အပြုအမူကြောင့် သူတစ်ပါး တို့ စိတ်ဒုက္ခမရောက်စေရန် စောင့်စည်းရမည့် တာဝန် လည်းရှိပါ၏။

မင်းနန်(မော်ကျွန်း)
#ဓမ္မလမ်းညွှန်စာစုမွန် မှ ကူးယူဖော်ပြပါသည်။
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ