ကောင်းအောင်ပြင်ဖို့ဆိုရင်။
=============
မြတ်စွာဘုရား သာသနာတော်နဲ့ ကြုံတွေ့တဲ့အချိန်မှာမှ မိမိကိုယ်ကို ကောင်းအောင်
မပြင်လိုက်နိုင်ဘူးဆိုရင် နောင် ကောင်းအောင်ပြင်ဖို့ဆိုတာ တော်တော်ခဲယဉ်းသွားလိမ့်မယ်။
လောကမှာ ရုပ်ကိုပြုပြင်ကြတာတော့ ခေတ်ကာလမရွေး၊ ဒေသမရွေး ပြုပြင်နေကြတာပဲ။
လူတွေက မိမိရဲ့ ရုပ်ခန္ဓာကိုယ် မလှ,လှအောင်၊ မဝ,၀အောင်ဆိုတာ နေ့စဉ်နဲ့အမျှ ပြင်နေကြ
ပါတယ်။


အပြင်ပန်း ရုပ်ခန္ဓာကိုယ်ကြီး လှဖို့အတွက် လူတိုင်း ကြိုးစားနေကြပါတယ်၊ သပ်ရပ်သန့်
ရှင်းမှုဆိုတဲ့ အနေအထားထက် ကျော်လွန်ပြီးတော့ လှဖို့ပဖို့ဆိုတဲ့အဆင့်ထိ ရောက်လာပါတယ်။
လူဆိုတာ သန့်သန့်ရှင်းရှင်း၊ သန့်သန့်ပြန့်ပြန့် နေသင့်ပါတယ်။ အလှပြင်တာနဲ့ သန့်ရှင်းအောင်
နေတာ မတူပါဘူး။ သန့်ရှင်းအောင်နေတယ်ဆိုတာ ကိုယ့်ခန္ဓာကို အညစ်အကြေးတွေ မကပ်ရုံ၊
သင့်တော်ရုံ သန့်ရှင်းပြီးတော့နေတာပါ၊ ဒါ အလှပြင်တာမဟုတ်ပါ။
သန့်ရှင်းမှုက ကျန်းမာရေးအတွက်လည်းပဲ အထောက်အကူပြုပါတယ်၊ အသိဉာဏ်ဖွံ့ဖြိုး
ဖို့အတွက်လည်းပဲ အထောက်အကူပြုပါတယ်။ ညစ်ပတ်နေမယ် ဆိုလို့ရှိရင်လူက ရောဂါလည်း
ရနိုင်ပါတယ်။ စိတ်ကြည်လင်မှုကိုလည်း မဖြစ်စေနိုင်ပါ။ စိတ်စွမ်းအားတွေပါ ကျသွားတတ်ပါ
တယ်။ ရုပ်ခန္ဓာကိုယ်နဲ့ နာမ်တရားဆိုတာ ဆက်စပ်နေတာမို့ သန့်ရှင်းမှုတော့ လုပ်ရပါမယ်။
သန့်ရှင်းမှုထက် ကျော်လွန်ပြီးတော့ အလှပြင်တာမျိုးကျတော့ တစ်ဖက်စွန်း ရောက်သွား
ပါပြီ။ မလှ, လှအောင် မရှိတာကို အရှိလုပ်တာမျိုးပါ။ အခုခေတ်မှာ မရှိတာကို အရှိလုပ်တာ
တော်တော်များပါတယ်။ ကိုယ့်မှာ အမေမွေးတုန်းက ဆံပင်ကလေးက အနက်ရောင်ကလေးရှိတာ၊
အဲဒါ ရွှေဝါရောင်ရှိချင်တယ်။ တခြားအညိုရောင်ရှိချင်တယ်၊ ရောင်စုံရှိချင်ကြပါတယ်။
လောကလူတွေဟာ ကိုယ့်ခန္ဓာကိုယ်ကိုလှဖို့ပဖို့ ပြင်ကြတယ်။ သို့သော် အကျင့်စရိုက်တွေ
ကိုကျတော့ မပြင်ကြပါ။ စိတ်နေသဘောထားတွေကို မပြင်ကြပါ။ စိတ်တိုတတ်တဲ့လူက “ ငါ စိတ်တို
တတ်တယ်နော် ” ဆိုပြီး ဂုဏ်တောင်ယူနေကြသေးတယ်။ “ ငါ့လာမစမ်းနဲ့၊ ငါ့စိတ်ကမရဘူး ” လို့
ပြောကြပါတယ်။ ဒါပေမယ့် ပြင်ဖို့ စိတ်မဝင်စားကြပါ။ လောဘကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်
စားကြပါ၊ ဒေါသကြီးတဲ့သူကလည်း ပြင်ဖို့ စိတ်မဝင်စားကြပါ၊ မသိမလိမ္မာ မောဟကြီးနေတဲ့သူက
လည်း ပြင်ဖို့စိတ်မဝင်စားကြပါ၊ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်လေ့လာကြည့်ပြီး ကိုယ်ဘာတွေ ဝါသနာ
ပါတယ်ဆိုတာ ပြင်ဖို့ကျတော့ စိတ်မဝင်စားကြပါ။
မြတ်စွာဘုရား ကိုယ်တိုင်ကိုက ခန္ဓာကိုယ်ကို သန့်ရှင်းအောင် လုပ်ရမယ်လို့ ဟောတဲ့နေရာ
အင်မတန်မှနည်းတယ်၊ မရှိသလောက်ပဲ။ “ သစိတ္တ ပရိယောဒပနံ ” ကိုယ့်စိတ်လေးကို ကိုယ်ဖြူစင်
အောင်လုပ်ပါလို့ပဲ ဟောထားပါတယ်၊ စိတ်ဖြူစင်မှုက အဓိကကျပါတယ်၊ ဒါကြောင့် စိတ်ဖြူစင်မှုကို
အရေးပေးပြီးတော့ လုပ်ကြရမှာ ဖြစ်ပါတယ်။
ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေအပေါင်းတို့ကလည်း မိမိကိုယ်ကိုမိမိ အလေးထား၍၊ မိမိ
ရဲ့ပတ်ဝန်းကျင် လောကကြီးကို အလေးထား၍၊ မြတ်စွာဘုရား ဟောကြားတဲ့ အမှန်တရားတွေကို
အလေးထား၍ အလေးအနက် ဆင်ခြင်စဉ်းစားပြီးတော့ ကိုယ့်ကိုယ်ကို ကောင်းအောင်ပြင်ကြတယ်။
ကောင်းအောင်ပြင်တယ်ဆိုတာ မကောင်းတဲ့စရိုက်တွေ ကောင်းလာအောင်၊ အကုသိုလ်တွေ ဖယ်နိုင်
အောင် ကြိုးစားတယ်၊ ကုသိုလ်တွေကို တိုးပွားလာအောင် ကြိုးစားတယ်၊ အကုသိုလ်မှန်သမျှရှောင်လို့၊
ကုသိုလ်မှန်သမျှ မိမိသန္တာန်မှာ ပြည့်စုံစေအောင်၊ စိတ်ဖြူစင်အောင် ထားနိုင်အောင် ကြိုးစားအားထုတ်
ကြတယ်။ အဲဒီလို အားထုတ်ခြင်းသည်သာလျှင် မှန်ကန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလိုလုပ်မှ သာလျှင်
“ လူ့ဘဝတစ်ခု ရလာရကျိုး၊ ဘုရားသာသနာတော်နဲ့ ကြုံတွေ့ရကျိုး၊ တို့တစ်တွေ လူဖြစ်ရကျိုးနပ်မှာ ”
လို့ ကိုယ်စီကိုယ်စီ သဘောကျပြီးတော့ ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူနိုင်ကြပါစေသတည်း။ ။
{သာသနာတော်နှစ် ၂၅၅၄ ခုနှစ်၊ ကောဇာ သက္ကရာဇ် ၁၃၇၂-ခုနှစ်၊ ပြာသိုလပြည့်ကျော်(၆)ရက်၊
(၂၅-၁-၂၀၁၂) ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ သုမင်္ဂလာလမ်း၊
ကေတုမာလာရိပ်သာ မိသားစုတို့၏ ပဉ္စမအကြိမ်မြောက် ဆင်ယင်ကျင်းပပြုလုပ်အပ်သည့် ဓမ္မသဘင်
အခမ်းအနား၌ အရှင်နန္ဒမာလာဘိဝံသ( Ph,D) ဟောကြားသော ” အလေးထား၍ စဉ်းစားဆင်ခြင်
ကောင်းအောင်ပြင် “တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }

(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘဝသံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
ဦးသိန်းဝေ။
http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ