ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ 
******************

နမော ဇိနဿ
အတ္တာ ဟဝေ ဇိတံ သေယျော။
(ဓမ္မပဒ)


          ခန္ဓာကိုယ်ထဲ၊ ဘောလုံးပွဲ၊
          ဆင်နွှဲတတ်ပါစေ။
          စိတ်ဘောလုံးမှာ၊ ကန်စရာ၊
          ပတ်ချာလှည့်၍နေ။
          အဖြူအသင်း၊ အမည်းသင်း၊
          နှစ်သင်းယှဉ်ပြိုင်နေ။
          အဖြူအသင်း၊ ပေါ့ဆခြင်းကြောင့်၊
          ညံ့ဖျင်းသွားကာ၊ အမည်းသာ၊
          များစွာဂိုးသွင်းနေ။
          ဂိုးရှုံးပြန်က၊ အပူရ(အပါယ်ကျ)၊
          ဒုက္ခပင်လယ်ဝေ။
          အဖြူအသင်း၊
          စိတ်အားတင်းသော်၊ အနိုင်ပေါ်၊
          ရွှင်ပျော်အားတက်ပေ။
          အမည်းအသင်း၊ ဂိုးပြန်သွင်းက၊ လုံ့လကိုတွန်း၊
          သတိစွမ်း၊ဂိုးဖမ်းတတ်ပါစေ။
          ဒါနတစ်ဖြာ၊သိက္ခာ ၃-ပါး၊
          စွမ်းအားကို ညှစ်၊
          ကြိုးစားတက်ရင်း၊သတိခင်း၊
          ဂိုးသွင်းလိုက်ပါလေ။
          ဆင်းရဲမလို၊ ချမ်းသာလိုသူ၊
          အဖြူသင်းသာ၊နိုင်သင့်ပါ၊
          ကောင်းစွာကြိုးစားလေ။
          ကိုယ့်ကိုကိုယ်နိုင်၊ စွမ်းအားပိုင်၊
          ကြံ့ခိုင်မြင့်မြတ်ပေ။
          စွမ်းရည်ဒိုင်းဆု၊ ရအောင်လု၊
          ကောင်းမှုပိုင်ပါစေ။
          မိမိတို့ရဲ့ခန္ဓာအစဉ်မှာ နေ့စဉ် နေ့တိုင်း အဆိုးနှင့်အကောင်း        အားချင်းယှဉ်ပြိုင်လုနေရတာကိုပဲ ဥပမာစကားအနေနဲ့တင်စားပြီး ‘ခန္ဓာကိုယ်ထဲ ဘောလုံးပွဲ’လို့ ပြောတာပါ။ ခန္ဓာကိုယ်ထဲက အဆိုးနှင့် အကောင်းပြိုင်တဲ့ပွဲလို့ဆိုလိုပါတယ်။ လောကဘောလုံးပွဲဟာ မြင်ရသူကို တက်ြွကသွားစေတတ်တယ်။
          ‘ဘောလုံးပွဲ’ဆိုတဲ့ စကားဟာ ကြားရသူကို နိုးကြား ထက်သန် သွားစေနိုင်တယ်။သူများတွေ နှစ်သင်း ယှဉ်ပြိုင်နေကြတာကို  မြင်ရရင်လည်း ကိုယ်နှင့်ဆက်စပ် သက်ဆိုင်တဲ့ အသင်းကိုပဲ အနိုင်ရ စေချင်တယ်။ ဒါဆို ကိုယ်နှင့် မဆက်စပ် မသက်ဆိုင်တဲ့တစ်ဖက် အသင်းကို ရှုံးစေချင်တယ်ပေါ့။ ကိုယ့်ဘက်အသင်းနှင့် သူ့ဘက် အသင်း ယှဉ်ပြိုင်ရရင်လည်း ကိုယ့် ဘက် အသင်းကပဲ အနိုင်ရချင် တယ်။ ဒါဆို သူ့ဘက်အသင်းကို တော့ ရှုံးစေချင်တယ်ပေါ့။ ကိုယ့် ဘက် အသင်းအနိုင်ရဖို့ကိုလည်း သဲသဲမဲမဲ စွဲစွဲမြဲမြဲ ဇွဲလုံ့လအကုန်ထုတ် ကြိုးစားတတ်တယ်။
          စကားစပ်မိလို့ ပြောရဦးမယ်။ ဦးပဥ္စင်း ကျောင်းသားဘဝတုန်းက ယှဉ်ပြိုင်ခဲ့ရတဲ့ ဘောလုံးပွဲအကြောင်းပါ။ တစ်ချိန်တော့ ကိုယ့်ရဲ့ သတ္တမ တန်းအသင်းနှင့်ဟိုဘက်ဆဋ္ဌမတန်း အသင်းနှစ်သင်း ဘောလုံးယှဉ်ပြိုင် ကစားဖို့ ဆရာတွေက စီစဉ်ပေးကြပါ တယ်။ ဦးပဥ္စင်းဟာ ငယ်ငယ်တုန်း ကစ ကာယဗလ မဖွံ့ဖြိုးပါဘူး။ ပိန်ပိန်ပုပု သေးသေးကလေးပါ။ ကစားဖော်ကစားဖက် သတ္တမတန်း ကျောင်းသားတွေက ပြောကြတယ်။ ‘သာမောင် ပါရင်တော့ တို့ဘက်က ရှုံးပြီးသားပါကွာ၊ သာမောင်က စာသာ တော်တာပါကွာ၊ သူများနှင့် ကာယချင်းယှဉ်ရင်တော့ အပျော့ အညံ့သမားပါ’တဲ့။ကိုယ့်ဘက်မှာ ပိန်တိန်တိန် ပုတုတု ပိစိကွေး ကလေးတစ်ယောက် ပါလာတာ နဲ့များ အားလျှော့လိုက်ကြတာ။
          ဒီတော့ ကိုယ်ကလည်း အရေး ကြုံလာရင် သက်လုံကောင်းဖို့ စိတ် ခွန်အားကို အစွမ်းကုန် မြှင့်လိုက် ပါတယ်။
          “ေအောင်မယ် ငါ့ကိုများ၊ ပိစိ ကွေးကလေးဆိုပြီး အထင်သေးနေ ကြတာကိုး၊ ငါ့ရဲ့စိတ်ခွန်အားရော၊ ရုပ်ခွန်အားပါ အကုန်ထုတ်သုံးလိုက် ရင် ဘာလို့ ကိုယ့်ဘက်ကမနိုင်ဘဲ နေရမှာလဲ။ တာဝန် ရောက်လာမှ တော့ ကျေအောင်ထမ်းဆောင်ရုံပဲ” လို့ စိတ်ကိုအားတင်းပြီး အစွမ်းကုန် ကြိုးစား ကန်ပါတယ်။ ဒိုင်လူကြီး က အချက်ပေးလိုက်တယ်ဆိုရင်ပဲ မနားတမ်းကန်တော့တာပဲ။ ကိုယ့်ကို စိတ်မချ အားမရလို့ နောက် တန်းတွေမှာ မထားဘဲ ရှေ့တန်းမှာ တင်ထားကြတယ်။ ဒါကကို ကိုယ့် အစွမ်းပြဖို့ အခွင့်ကောင်း ဖြစ်နေ တယ်။
          ဟိုဘက်အသင်းက လှိမ့်ကန် လာတဲ့ဘောလုံးကိုလည်း အရဲစွန့်ပြီး တားဆီးတိုက်ဖျက်တယ်။ ဟိုဘက် အသင်းက တိုက်ဖျက် တားဆီး နေတဲ့ကြားထဲကပဲ သတိ, ဝီရိယ ကြီးကြီးထားပြီး လိမ္မာပါးနပ်      ဖျတ်လပ်စွာနဲ့ ဘောလုံးကို ဟိုဘက် အရောက် သယ်ဆောင်သွားတယ်။ အရှောင်အတိမ်းအကွေ့အကောက် နည်းတွေနဲ့ ကြိုးကြိုးစားစားလှိမ့် ကန်တယ်။ ဟိုဘက်အသင်းကလူတွေဟာ ကိုယ့်ထက် ရုပ်ခွန်အား သာလွန်ကြပေမဲ့ ကြိုးစားမှုကတော့ ကိုယ့်ကိုမီလိမ့်မယ် မထင်ပါဘူး။ ကိုယ်က တာဝန်စိတ်နဲ့ မဖြစ်မနေ သွက်သွက်လက်လက် ကြိုးစားတာကိုး။ ဒါကြောင့် ပွဲစလို့ မကြာမီ ကိုယ်က ဟိုဘက်ဂိုးကို တစ်ဂိုး သွင်းနိုင်သွားတယ်။
          ကိုယ်က တစ်ဂိုးသွင်းပြနိုင်ပြီလဲ ဆိုရော ပွဲကြည့်သူတွေရော၊ ကစားဖက်တွေကရော ဝိုင်းပြီး ကောင်းချီးပေးကြတော့တာပဲ။
          ‘‘ဟေ့ သာမောင်၊ မင်း မပိန် ဘူးကွ၊ ဝတယ်ဟေ့၊ မပုဘူးကွ၊ ရှည်တယ်ဟေ့။ မသေးဘူးကွ၊ကြီး တယ်ဟေ့။ ဘာလဲကွ-ယောက်ျား၊ နိုင်ရမယ်ဟေ့၊ ဆက်ကြိုးစားကွ” တဲ့။ တစ်ဂိုးရှုံးသွားတော့ ဟိုဘက် အသင်းက ပိုပြီး ကြိုးစားလာတာ တွေ့ရတယ်။ ကိုယ့်ဘက်အသင်းကလည်း နိုင်လက်စပေါ်လာတော့ ပိုနိုးကြားတက်ကြွလာတယ်။ ကိုယ် ကလည်း အရှိန်မပျက် ဆက် ကြိုးစားလိုက်တာ လူရှည်ကြီးတွေ ကြားထဲမှာ လူပုကလေး ညပ်ညပ် သွားပေမဲ့ စိတ်ဇွဲ ထက်သန်လွန်းလို့ နောက်တစ်ဂိုး ထပ်သွင်းလိုက်နိုင်ပြန်တယ်။ ဟိုဘက်အသင်းက တစ်ဂိုးမှ ပြန်မချေပနိုင်ပါဘူ။ ကိုယ်တစ်ယောက်တည်းပဲ ဂိုးသွင်း လိုက်တာ ကိုယ့်ရဲ့ သတ္တမတန်း အသင်းက ဆဋ္ဌမတန်းအသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
          ကိုယ်က ဘောလုံးပွဲ သိပ်ဝါသနာမပါလှပေမဲ့ ကျရာတာဝန်ကို ကျေပွန်အောင် မဖြစ်မနေ ထမ်းဆောင်ပေးနိုင်တဲ့အတွက် ဂုဏ်ယူ ဝမ်းမြောက်ခဲ့ရပါတယ်။ အချိန်စေ့လို့ ဘောလုံးပွဲပြီးသွား တာနဲ့ ကစားဖက် သတ္တမတန်း ကျောင်းသားတွေက မိမိကို တစ်ယောက် တစ်လှည့် ပခုံးပေါ်တင် ထမ်းပြီး “သာမောင်ရာ၊ မင်း ဒီလောက် စွမ်းလိမ့်မယ်လို့ ငါတို့ မထင်မိခဲ့ဘူး။ မင်းကယ်လိုက်လို့ ငါတို့အတန်းက နှစ်ဂိုး- ဂိုးမရှိနဲ့ နိုင်သွားတာ။ မင်းရဲ့အစွမ်းကို ငါတို့ အားလုံး ချီးမွမ်းအံ့ဩတယ်ဟေ့” လို့ ဝိုင်းပြီး ချီးကျူးကြတော့တာပဲ။ သူတို့ ချီးမြှင့်တဲ့ဆုကလည်း ဒါပါပဲ။ ဒါက မှတ်မှတ်ရရ ကျောင်းသားဘဝ က ကိုယ့်ရဲ့ စွန့်စားမှုနဲ့အနိုင်ရခဲ့တဲ့ ဘောလုံးပွဲပါ။
          နေ့စဉ် အဆိုးနဲ့အကောင်း အားချင်းလုပြီးယှဉ်ပြိုင်နေရတဲ့ မိမိ ခန္ဓာထဲက ပြိုင်ပွဲမှာလည်း ကိုယ် နှင့်ဆိုင်တဲ့ ကိုယ်ပိုင်ပွဲအစစ်ဖြစ်တာကြောင့် ကိုယ်ကပဲ အမြဲနိုင်အောင် မဖြစ်မနေ ကြိုးစားနေဖို့ အထူး လိုအပ်မှာပါ။

ကိုယ့်ဘောလုံးပွဲ နိုင်အောင်နွှဲ
          ကိုယ့်ခန္ဓာကိုယ်ထဲက ပွဲကမှ တကယ့်ပွဲပါ။ ကိုယ့်ခန္ဓာက ဘောလုံး ကွင်းကြီးပေါ့။ ကိုယ့်စိတ်က ကန်စရာ ဘောလုံးဆိုပါတော့။ စိတ်ဘောလုံး က ခြေနဲ့ကန်ဖို့ မပြောနဲ့၊ လက်နဲ့ တောင် ကိုင်လို့ မရဘူး။ မျက်စိနဲ့ တောင် မြင်ရတာ မဟုတ်ဘူး။ ဝီရိယခြေထောက်နဲ့ ဒီဘက်က ကန် လိုက်ရင် ဟိုဘက်ကို ပတ်ချာလှည့် ပြေးသွားတယ်။ ဟိုဘက်က ကန် လိုက်ပြန်တော့ ဒီဘက်ကို ပတ်ချာ လှည့်ပြေးလာခဲ့ပြန်တယ်။  ဖမ်းလို့ ထိန်းလို့ တော်တော်ခက်ခဲသား။တစ်နေ့ကုန်လို့တောင် ကိုယ့်စိတ် ဘယ်ကိုရောက်နေမှန်း ဘယ်နေရာ နေမှန်း ဘာလုပ်နေမှန်း သိဖို့ သိပ် ခက်တယ်။ မြန်လိုက်တာလည်း မပြောနဲ့။
          သရဏဂုံလေး တစ်ခေါက် ဆုံးအောင်တောင် ရွတ်လို့ အဆင် မပြေချင်၊အမည်းသင်းက ဝင်ဖျက်၊ မေတ္တာလေးတစ်ခေါက်ပို့တာတောင် အစအဆုံး မချောမောချင်၊အမည်း သင်းဖျက်တာ ခံရတယ်။ ၅-မိနစ် ပြည့်အောင်တောင် ခန္ဓာÓာဏ်စိုက် ဝိပဿနာ ရှုလို့ မရချင်၊ အမည်း သင်းကဝင်ဖျက်လို့ ပျက်ပြယ်လည် သွားတယ်။ သတိက အမည်းကို အဖြူ ပြောင်းပေးနေရမှာပဲ။
          အကုသိုလ်အဆိုးဆိုတဲ့ အမည်း အသင်းက  တစ်ဘက်, ကုသိုလ် အကောင်းဆိုတဲ့ အဖြူသင်းက တစ်ဘက်၊ အဲဒီအသင်း နှစ်သင်းဟာ စိတ်ဘောလုံးကို အားချင်း ယှဉ်ပြိုင် လုနေကြပါတယ်။ အမည်းသင်းဘက်မှာ အတန်း (၃) တန်း ရှိပါတယ်။ ကိုယ်, နှုတ်နဲ့ လွန်ကျူးတဲ့ ဝီတိက္ကမကိလေသက ရှေ့တန်း၊ စိတ်ထဲမှာ ထြွကသောင်းကျန်းတဲ့ ပရိယုဋ္ဌာနကိလေသာ က အလယ် တန်း၊ မျိုးမပြုတ်သေးလို့အမြစ်တွယ်နေတဲ့ အနုသယကိလေသာ က နောက်တန်းပေါ့။
          ကွင်းထဲမှာ လှုပ်ရှားနေတဲ့ လောဘç ဒေါသ, မောဟ ဦးစီးတဲ့ ကိလေသာတွေဟာ အားကလည်းကောင်း၊ သံသရာရှည်ခဲ့လှပြီ ဆို တော့ သမ္ဘာကလည်း ရင့်၊ ရှုပ် လည်း ရှုပ်ပေါ့။မောဟက ဂိုးပေါက် ကစောင့်တဲ့ ဂိုးသမား၊ဂိုးပေါက်ကို မမြင်ရအောင် ဖုံးအုပ်ထားတယ်။ ရှုပ်ပွနေပေမဲ့ တစ်သင်းလုံးက ထောင်ထောင် မောင်းမောင်း အားကောင်း မောင်းသန်တွေပါ။
          အဖြူသင်းဘက်မှာလည်း အတန်း ၃-တန်းပဲ။ ရှေ့တန်းမှာ ဝိပဿနာပညာ သိက္ခာ၊ အလယ် တန်းမှာ သမာဓိသိက္ခာ၊ နောက် တန်းမှာတော့ သီလသိက္ခာပေါ့။ ကွင်းလယ်ထဲမှာ လှုပ်ရှားဖန်တီးနေ ကြတာက သဒ္ဒါ၊ ဝီရိယ၊ သတိ၊ သမာဓိ၊ ပညာဆိုတဲ့ ဗိုလ် (၅)ပါး တွေပါ။ ဂိုးပေါက်က စောင့်နေတဲ့ ဂိုးသမားက သတိပဲ။
          အဖြူသင်းနှင့် အမည်းသင်း အားချင်းယှဉ်ကြည့်ရင် အဖြူသင်း က အမည်းသင်းထက် အဆများ စွာ အားကောင်းပါတယ်။ကုသိုလ်ဆိုတာ အကုသိုလ်ကို ပယ်နိုင်တဲ့ ပဟာယကတရားပါ။ မီးကို ငြှိမ်း သတ်ပေးရတဲ့ ရေလိုပေါ့။ အမည်း အသင်းက အဖြူအသင်းလောက် အားမကောင်းပါဘူး။ အကုသိုလ်ဆိုတာ ကုသိုလ်နဲ့ပယ်သတ်ခံရတဲ့ ပဟာတဗ္ဗတရားပါ။ ရေနဲ့ငြှိမ်းသတ် ခံရတဲ့ မီးလိုပေါ့။
          လောကမှာ မီးလောင်ရင် ရေ နဲ့ ငြှိမ်းသတ်ရပေမဲ့ ရေက များ လည်း များမှ၊ လက်လည်း ဦးမှ မီးကိုနိုင်တာပါ။ မီးက များလို့    လက်ဦးသွားခဲ့ရင် မီးကပဲ ရေကို နိုင်တော့မှာပေါ့။ ရေက မီးကို အရှုံး ပေးရမှာပါ။ ပြီးတော့ လူ့ဆန္ဒက မီးကိုပဲ အနိုင်ပေးချင်တယ် ဆိုရင် လည်း မီးကပဲ ရေကိုနိုင်မှာပါ။ မီးဘက်က လူက ဝင်ကူလိုက်တာ ကိုး။ လက်တွေ့ အမြင်အားဖြင့် ကြည့်လိုက်ရင် မီးဖိုချောင်ထဲမှာ နေ့စဉ်ချက်ပြုတ်နေကြတာဟာ မီးက ရေကို အနိုင်ပေးနေတဲ့ ပွဲတွေပဲ။ မီးက ရေကို နိုင်မှပဲ ထမင်းဟင်း စားရမှာကိုး။
          အကုသိုလ်နှင့် ကုသိုလ်မှာ လည်း ဒီအတိုင်းပဲ။ အကုသိုလ်ကို ကုသိုလ်နဲ့ ပယ်သတ်ရပေမဲ့ ကုသိုလ် က များလည်းများမှ၊ လက်လည်း ဦးမှ အကုသိုလ်ကို အနိုင်ရမှာပါ။ အကုသိုလ်က များလို့ လက်ဦးသွားခဲ့ရင် အကုသိုလ်ကပဲ ကုသိုလ်ကို နိုင်တော့မှာပါ။ လူ့ဆန္ဒကအကုသိုလ်ကိုပဲ အနိုင်ပေးချင်တယ်ဆိုရင် လည်း အကုသိုလ်ကပဲ ကုသိုလ်ကို နိုင်နေတော့မှာပါ။ ပုထုဇဉ်ဆိုတာ ကိလေသာနှင့် အတူနေရတာကိုပဲ ပျော်စရာလို့ ထင်ချင် ထင်နေတတ် တာကိုး။
          အဖြူအသင်းက အမည်း အသင်းထက် အားကောင်းပေမဲ့ သတိလွတ်တိုင်း မေ့လျော့ပေါ့ဆမှုတွေ များလွန်းပါတယ်။ ပစ္စုပ္ပန် ကိုတန်ဖိုးမထားဘဲ ဟိုရွှေ့ဒီရွှေ့နဲ့လည်း အချိန်ဆွဲချင်တယ်။တကယ်   လုပ်တော့လည်း လေးလေးစားစား စိတ်ပါလက်ပါ မလုပ် ချင်ဘူး။     ပြီးစလွယ် အပေါ်ယံ ရှော်ရွှတ်ရွှတ်ပဲ လုပ်ချင်တယ်။ မေ့တော့ ဖျင်းလာ တယ်။ လျော့တော့ ညံ့လာတယ်။ ဒီတော့ အမည်းအသင်းက ခေါင်းထောင်ပြီး အနိုင်ကျင့်ချင်လာတယ်ပေါ့။
          အဖြူအသင်းက စိတ်မပါတပါ နဲ့ ပွဲစလာပြီဆိုရင် အမည်းအသင်း က ဝင်ဖျက်တော့တာပဲ။
          “ဟဲ့ အဖြူအသင်း။ မင်းလို လှုပ်တုတ် လှုပ်တုတ်ကို ငါတို့ မကြောက်ဘူးဟေ့။ ငါတို့က အခုမှ စတာ မဟုတ်ဘူး။ အစမထင် သံသရာကစ ထုံနေခဲ့ပြီဖြစ်လို့ သမ္ဘာ ရင့်နေပြီကွ။ ငါတို့က တစ်ချက်      နှစ်ချက်လောက် ကန်လိုက်ရင်ပဲ မင်းတို့ လဲကျပြီး ရှုံးကုန်မှာပါ”လို့ ဆိုပြီး လောဘ, ဒေါသ, မောဟ ခေါင်းဆောင်တဲ့ အမည်းသင်းက အဖြူအသင်းဘက်ကို လှိမ့်ကန်တော့တာပဲ။
          အဖြူအသင်းမှာ သတိ အား နည်းနေတော့ သဒ္ဓါ ဝီရိယ သမာဓိ ပညာတို့ကလည်း အားပျော့ကုန်တယ်။ အမည်းအသင်းရဲ့ကန်ချက် တွေကို ဘာတစ်ခုမှ မခုခံနိုင်တော့ ဘူး။သွင်းလာသမျှဂိုးတွေကိုလည်း သတိဂိုးသမားက မိအောင် မဖမ်းနိုင်တော့ဘူး။ ဒီတော့ အမည်းသင်းဘက်က အမည်းဂိုးတွေ တစ်ဂိုးပြီး တစ်ဂိုး အဆက်မပြတ်သွင်းချလိုက် တယ်။ သတ်တဲ့ ဂိုးတွေ၊ခိုးတဲ့ ဂိုးတွေ၊ မှားတဲ့ဂိုးတွေ၊ ဖောက်ပြန်တဲ့ ဂိုးတွေ၊ လိမ်ညာတဲ့ဂိုးတွေ၊ မူးရူး တဲ့ဂိုးတွေ၊ မိုက်ရိုင်းတဲ့ဂိုးတွေ၊  ပြဿနာအရှုပ်ဂိုးတွေ၊ ကမ်းကုန်အောင် မိုက်တဲ့ အဆိုးဂိုးတွေ ဆက်ကာဆက်ကာသွင်းတော့တာပဲ။
          အဖြူအသင်း ဂိုးတွေရှုံးတော့ အပူတွေရ၊ အပါယ်ကိုတောင်ကျပြီး ဒုက္ခတွေ အဆုံးအစမရှိ ပင်လယ် ဝေနေရတတ်ပါတယ်။ ကြံစည် သလို မပြီး၊ လုပ်သလို မအောင်မြင် အစစအရာရာမှာ ပူလောင်ဆင်းရဲ ပင်ပန်းနေတတ်တယ်။ ဒီတော့မှ အဖြူအသင်း သတိပြန်ရလာတတ် တယ်။ သတိက နှိုးဆော်ပေးလိုက် တော့ အဖြူတစ်သင်းလုံး နိုးကြား တက်ကြွလာရတယ်။
 အဖြူအသင်း ဂိုးပြန်သွင်း
          အဖြူအသင်း အားတက်လာ တာနဲ့ အမည်းသင်းကိုပြောတယ်။
          “ဟဲ့ အမည်းအသင်း၊ နင်တို့ က သမ္ဘာရင့်ဝါရင့်တွေ ဖြစ်ပေမဲ့ ဘာစည်းကမ်းမှ မရှိဘူးကွ၊ စိတ် ဘောလုံးကို အစီအစဉ်မရှိ၊ လမ်း ကြောင်းမရှိ၊ ဦးတည်ချက် မရှိဘဲ ထင်ရာလျှောက်ရမ်းကန်နေကြတာ၊ နင်တို့ အရမ်းသမားတွေကို ငါတို့ လုံးဝ မကြောက်ဘူးကွ၊ တကယ် စိတ်ပါလက်ပါ စည်းကမ်းတကျ ကန်ရင် ငါတို့က ဧကန်နိုင်ပြီးသားပါ”လို့ဆိုပြီး အမည်းအသင်းဘက်ကို မနားတမ်း အဆက်မပြတ် တရစပ်ကန်ချလိုက်တာ၊အဖြူအသင်းက အမည်းအသင်းကို ကောင်းမှုဂိုး တွေ အပြတ်နိုင်သွားတော့ ပျော်ရွှင် အားတက် ကြည်နူးလို့မဆုံးပေါ့။ ကုသိုလ်ရတာလောက် ဝမ်းသာစရာ ကောင်းတဲ့အရာ ဘာမှမရှိဘူး လေ။
          အဖြူအသင်းဘက်က သတိလွတ်လို့ မျက်ခြည် ပြတ်တာနဲ့ အမည်းအသင်းဘက်က အဖြူအသင်းဘက်ကို လှိမ့်ကန်လာပြန်တာပဲ။ သတိအားနည်းလာတော့ သဒ္ဓါ စတဲ့ အကောင်းတရားတွေ မှာ ခုခံတိုက်ဖျက်အား လျော့လာတယ်။ ဒီတော့ အမည်းသင်း ကန် အား ပြင်းထန်လာတာပေါ့။ အဖြူ သင်းဘက်မှာရှိတဲ့ ပညာရှေ့တန်းကို ဖြတ်ကျော်ထိုးဖောက်၊ သမာဓိ အလယ်တန်းကိုပါ ဖြတ်ကျော်တိုး ဝင်လာတယ်။ သီလနောက်တန်းကိုပါ ဖြတ်ကျော်ဖောက်ဖျက်ပြီး မကောင်းမှုဒုစရိုက်ဂိုးတွေ အဆက် မပြတ်သွင်းဖို့ အရှိန်နဲ့အဟုန်နဲ့ပြေးလာတယ်။
          အမည်းသင်းက သီလနောက် တန်းကိုပါ ဖောက်ဖျက်ဖြတ်ကျော် ဖို့ ပြေးလာတော့ သတိဂိုးသမားက -
          “ဟေ့ အမည်းသင်း၊ သီလမှ မရှိတော့ဘူးဆိုရင် ဒီလူဟာ ဘာမှ တန်ဖိုးမရှိတော့ဘူးကွ၊ အသေ အလဲ ခုခံကာကွယ်ရလိမ့်မယ်”ဆို ပြီး စိတ်ဘောလုံးကို တက်ဖမ်းလိုက်ပါတယ်။ ဝီရိယနှင့်တွဲပြီး ရှေ့တိုး ဖမ်းလိုက်တာပါ။ ဂိုးသမား အဖမ်းကောင်းလို့ အဖြူသင်းဘက်ကို အမည်းသင်း ဂိုးမသွင်းနိုင်တော့ပါဘူး။
          သတိဂိုးသမားက လောဘ၊ ဒေါသ၊ မောဟ ပါတဲ့ စိတ်ကို “လောဘ, ဒေါသ, မောဟပါတဲ့စိတ်ပဲ”လို့ အမိအရဖမ်းပြီး ‘ဘာပါတဲ့ စိတ်ပဲ ဖြစ်ဖြစ်၊ ဖြစ်ပြီး ပျက်သွားတာဖြစ်လို့ အနိစ္စချည်းပဲ”လို့ ဉာဏ် ဖော်ရှုလိုက်တယ်။ သတိက စိတ်ကို၊ သဒ္ဓါ ဝီရိယ သမာဓိ ပညာ စတဲ့ အကောင်းတရားတွေလက်ထဲ အချိတ်အဆက်မိသွားအောင် စိတ်ကိုထည့်အပ်လိုက်တယ်။ ဒီတော့မှ အဖြူသင်း အရှိန်ရလာပြီး အမည်း အသင်းဘက် ပြေးတက်လာတယ်။
အဖြူသင်းဟာ အရှိန်အဟုန် မြှင့် ပြီး ဝီတိက္ကမကိလေသာရှေ့တန်း၊ ပရိယုဋ္ဌာနကိလေသာအလယ်တန်း၊ အနုသယကိလေသာနောက်တန်းတွေကို အဆင့်ဆင့် ဖြတ်ကျော်လို့ ဒါနဂိုးတွေ သီလ သမာဓိ ပညာ ဆိုတဲ့ သိက္ခာ ၃-ပါးဂိုးတွေ တစ်ဂိုးပြီး တစ်ဂိုး အဆက်မပြတ်သွင်းလိုက်ပါတယ်။
          အမည်းသင်းဘက် ဂိုးသမား မောဟက ဂိုးပေါက်မမြင်ရအောင် ဖုံးအုပ်ကာကွယ်ထားပေမဲ့ အဖြူ သင်းဘက် သတိ, ဝီရိယ, သမာဓိ, ဉာဏ်တို့က သိပ်ကောင်းတော့ ဂိုးပေါက်ကို ထိုးဖောက်ပြီး ကောင်းမှု ဂိုးတွေရအောင် သွင်းနိုင်ပါတယ်။
          ဘယ်သူမဆို အပူဆင်းရဲကို မလိုချင်ကြဘူး။ ငြိမ်းအေးချမ်းသာမှုကိုပဲ လိုချင်ကြတယ်။ ဒါဆိုရင် အဖြူအသင်းက အမည်းအသင်းကို အမြဲအနိုင်ရနေအောင် သတိထား ပြီး မနေမနား ကြိုးစားနေရုံပေါ့။  ကိုယ့်ဟာကိုယ်အနိုင်ယူရတဲ့ပွဲဟာ လောကအောင်ပွဲတွေထဲမှာ အမြင့် မြတ်ဆုံးပဲ။ ဘယ်သူ့ထံမှ ပြန်မအပ်ရတဲ့ ပါရမီအနှစ်တရား စွမ်းရည် ဒိုင်းဆုကြီးကိုရမှပဲ စိတ်အေးရမယ် လေ။ ဆိုးလိုက်ကောင်းလိုက် ခဏ ခဏ ပြောင်းလဲနေတတ်တဲ့ ကိုယ် တစ်ယောက်တည်းကို နှစ်မျိုးခွဲပြီး ဘောလုံးပွဲလို့ စကားနဲ့ တင်စား ပြောဆိုတာပါ။
နည်းလမ်းမှန်မှ အောင်ပွဲရ
          နေပူချိန်မှာ၊ သစ်ရိပ်မှာ၊
          ခိုတာ အေးချမ်းလှ။
          မိဘဆရာ၊ အရိပ်မှာ၊
          ပိုကာ အေးချမ်းလှ။
          ဗုဒ္ဓမြတ်စွာ၊ သာသနာ၊
          ကြုံတာ ပိုအေးလှ။
          တရားရိပ်မွန်၊ ခိုလှုံပြန်၊
          ဧကန် အေးချမ်းလှ။
          ကောင်းဆိုးနှစ်ဖုံ၊ ယှဉ်ပြိုင်ပုံ၊
          အကုန်နားလည်ရ။
          ခန္ဓာကိုယ်ထဲ၊ ဘောလုံးပွဲ၊
          မလွဲအောင်နိုင်ကြ။
          ကိုယ့်စိတ်ကိုယ်တွန်း၊
          လုံ့လစွမ်း၊
          နည်းလမ်းမှန်မှ အောင်ပွဲရ။
                   ဆရာတော် ဦးနန္ဒဆိုတဲ့ ဘုန်းကြီး တစ်ပါးရှိတယ်။ မေတ္တာ, ကရုဏာလည်း အားကြီးတယ်။ ခန္တီ တရားလည်း အမြဲ လက်ကိုင်သုံးတယ်။ သိက္ခာလည်း ပြည့်ဝတယ်။ ကိုယ့်ထံ ရောက်လာသူ အားလုံး ဘဝနေနည်းတတ်အောင် သင်ပေးတယ်။ ခဏတစ်ဖြုတ်ရောက်လာ သူကိုလည်း အတိုလေးတွေ သင်ပေးလိုက်တယ်။ သာသနာနှင့် တကယ်တွေ့ခွင့်ရအောင် လုပ်ပေးလိုက်တယ်။ ဟုတ်တယ်လေ။ နေပူထဲ သွားနေရသူဟာ လမ်းဘေးက အရိပ်ကောင်းတဲ့ သစ်ပင်ရိပ် မှာ ခဏခိုလှုံလိုက်ရရင်ပဲ အတော် အေးသွားတာ။ သစ်ပင်ရိပ်ထက် မိဘရိပ်က ပိုအေးတယ်။ မိဘရိပ် ထက် မေတ္တာ ကရုဏာ သိက္ခာ ပြည့်ဝတဲ့ ဆရာသမားကောင်းရဲ့ အရိပ်ခိုရတာက ပိုအေးချမ်းတယ်။ ဆရာသမားရိပ်ထက် တရားရိပ် သာသနာရိပ်ဟာ အအေးချမ်းဆုံး ပါ။ တရားနှင့်သာသနာနှင့်တွေ့သူသာ ခုရော နောင်ပါ တကယ် စိတ်အေးကြရပါတယ်။
          တစ်နေ့တော့ ၁၀-နှစ်သား အရွယ် ကျောင်းသားလေး မောင်သောင်းနိုင်ကို ရှင်ပြုဖို့ ဆရာတော် ဦးနန္ဒထံ လာအပ်တယ်။ ဆရာတော်က ကျောင်းသားလေးရဲ့ ဝါသနာ စရိုက်ကို မသိမသာအကဲခတ်တယ်။ ကျောင်းသားလေး ဘောလုံးကန် ဝါသနာပါမှန်း ဆရာတော် သိသွားတယ်။ အဝတ်ကလေးကို လုံးလို့ပဲဖြစ်ဖြစ် သစ်သီးလေးတစ်လုံးလုံးကိုပဲဖြစ်ဖြစ် သူတစ်ယောက်တည်း ဘောလုံးလို ကန်ကန် ကစားနေတာ တွေ့ရတယ်။
          ဘောလုံးကန် ဝါသနာပါတဲ့ မောင်သောင်းနိုင်အတွက် ဆရာတော်က ကျောင်းသားလေးဘဝက အစ သာသနာ့အသိတွေသွင်းပေးပါတယ်။ သာမဏေဆိုင်ရာ သိသင့်တာတွေ သိအောင် သင်ပေးပြီးတာနဲ့ ကိုရင်ဝတ်ပေးလိုက်တယ်။ ရှင်သောမလို့ ဘွဲ့အမည်ပေးထားလိုက်တယ်။ ကိုရင် တစ်ပါးတည်းကို ဆရာတော်က စိတ်ပါလက်ပါ စာပေပို့ချ သင်ပြပေးတယ်။ မပျင်း မရိဆုံးမသွန်သင်လမ်းညွှန်မှုလည်း ပေးတယ်။ တစ်ပါးတည်း ရှိတော့ကော ဘာဖြစ်လဲ။ သာသနာဟာ သာသနာပဲ။ ပြန့်အောင် ဖြန့်ရမှာ ပဲလေ။
          နာရုံလေးနဲ့ အေးချမ်းစေတဲ့ တရား၊ ကျင့်လိုက်ရင် ကျင့်နိုင် သလောက် ငြိမ်းအေးချမ်းသာစေ နိုင်တဲ့တရား၊ တစ်ယောက်တည်းပဲ ဖြစ်ဖြစ် ဖြန့်ပေးရမယ်။ သူ့နောက် မှာ တရားကျေးဇူးပြုခံရမယ့် ပရိသတ်တွေ အများကြီး ရှိနေတယ်လေ။ လောကစီးပွားရေးသမားလို အလုပ်သမား ဘယ်နှယောက်ရှိရင် ဘယ်လောက်ရမယ်ဆိုတဲ့အတွက်မျိုးနဲ့တွက်လို့ မဖြစ်ဘူး။ အဲဒီ      တစ်ယောက်တည်းရဲ့ နောက်မှာ သာသနာ ပြန့်အားနှုန်းက အများကြီးပဲ။
          ဘောလုံးဝါသနာပါတဲ့ ကိုရင် လေးသောမကို ဆရာတော်ဦးနန္ဒ က ဘောလုံးနည်းပြသင်တန်းတွေ ပေးနေတယ်။
          “လာကွာ ကိုရင်လေး၊ တစ်နေ့ တစ်နေ့ စာတစ်ပုဒ်ပဲ ကျက်၊ ဘာမှ ဝန်မလေးဘူးကွ”
          စာကျက်ခိုင်းတယ်။ စာတက် ခိုင်းတယ်။ သင်ပြပေးတယ်။ ရိုက် လည်းမရိုက်၊ ဆူလည်းမဆူ၊ငေါက် လည်း မငေါက်၊ အားပေးစကား လေးတွေသာ ပြောပေးတယ်။
          “ကဲ-ကိုရင်လေး ကျက်ပြီးတဲ့ စာ ပြန်ပြပါဦးကွ”
          ကိုရင် စာတစ်ပုဒ် အလွတ်ပြန် ပြနိုင်တော့ -
          “ဟာ-ကိုရင်လေး သိပ်Óာဏ် ကောင်းတာပဲ။ စာခဏလေး ရပါ လားကွယ်”
          သာသနာဆိုတာ ဒီလို အားပေး မှ စည်ပင်မှာပေါ့.။
          “ကိုရင်ရယ်၊ တစ်နေ့ တစ်ပုဒ် တည်း ကျက်နေရင် သင်နေရင် ကိုယ့်ရဲ့ကံနှင့်ဉာဏ်ကို မထီမဲ့မြင် လုပ်ရာရောက်တယ်ကွ၊ ဟေ့-ကံ တွေ ဉာဏ်တွေ မင်းတို့ ဘယ်လောက်ပဲ ကောင်းကောင်း ငါ အကုန်ထုတ်မသုံးနိုင်ဘူး၊ ချန်ထားရလိမ့်မယ် လို့ မထီမဲ့မြင် လုပ်ရာ ရောက်တယ်”
          “တစ်နေ့ (၁၀)ပုဒ်၊ အပုဒ်(၂၀) ရနိုင်လောက်တဲ့ကံတွေ ဉာဏ်တွေ ပါလျက်သားနဲ့ တစ်ပုဒ်တည်းသာ ကျက်နေရင် ကျန်တဲ့ ကံကောင်း ဉာဏ်ကောင်းတွေကို မထီမဲ့မြင် လုပ်ပြီး ဖြုန်းပစ်တာနှင့် တူတယ် ကွ”
          ဘုန်းကြီးက အပြောလည်း ကောင်း၊စည်းရုံးရေးလည်းကောင်းတယ်။ ဒါ့ကြောင့် တစ်နေ့ (၁၀)ပုဒ် အပုဒ် (၂၀) တိုးတိုးကျက်တယ်။ ဆရာ အားပေးကောင်းတော့      စိတ်ဓာတ်ဖွံ့ဖြိုးစည်ပင်တာကိုး။
          ပြီးတော့ စာသိနဲ့မပြီးသေးလို့ အကျင့်ပါ ထည့်ပေးတယ်။ အိုးထဲ ပုံးထဲ ထည့်ထားတဲ့ စပါး၊ ပဲ၊ နှမ်း တွေဟာ အဖုံးအပိတ်မရှိရင် ပိုးဝင် ကိုက်တတ်သလို စာသိသာ ရှိပြီး အကျင့် မရှိရင် ကိလေသာပိုး ဝင်ကိုက်တာ ခံရတတ်တယ်။
          ဒါကြောင့် လုံခြုံအောင် ပဋိပတ် အဖုံးအပိတ်ပါ ထည့်ပေးတယ်။ ကိုရင်လေးသောမ ကျောင်းသား ဘဝက ဘောလုံးဝါသနာပါတယ် ဆိုတာ သိထားတော့ ဘုန်းကြီးက ဘောလုံးစကားနဲ့ သိမ်းသွင်းစည်းရုံး လိုက်တယ်။
          ဘုန်းကြီးက ညပိုင်း ရောက် တော့ -
          “လာဟေ့ ကိုရင်၊ ဘောလုံး ကန်ရအောင်ကွ”လို့ ခေါ်လိုက် တယ်။ ကိုရင်က -
          “ဟယ် ငါ ကိုရင်ဖြစ်နေပါပြီ။ ဘုန်းကြီးက ဘောလုံးကန်ဖို့ ခေါ် နေတယ်။ ဘယ်သူနှင့်ကန်ရမှာပါ လိမ့်။ ဘုန်းကြီးနှင့်သာ ကန်ရရင် တော့ ငါရှုံးမှာ”
          ကလေးဆိုတော့ ကလေးတွေး တွေးတာပေါ့။ ဘုန်းကြီးခေါ်တော့ ကိုရင် သွားတယ်။
          “လာ-ကိုရင်၊ တင်ပျဉ်ချိတ် ထိုင်စမ်းကွာ၊ ခါးလေး ဖြောင့်ဖြောင့် ထား၊ ခေါင်းလေး မတ်မတ်ထား၊ မျက်စိလေးလည်း မှိတ်ထား၊ နှာ သီးဖျားမှာ အသိစိတ်စိုက်ထား၊ဝင်လေ ဝင်လာရင် ဝင်တယ်လို့သိ၊ ထွက်လေ ပြန်ထွက်လာရင် ထွက် တယ်လို့ သိ၊ ဝင်တုန်းထွက်တုန်း လေး သိအောင် လုပ်နေရုံပဲကွ၊ ဘာမှမခက်ဘူး”
          ခန္ဓာဘောလုံးကန်နည်း သင်ပေးတယ်။
          ကိုရင်လေး တစ်ချက်နှစ်ချက် လောက်မှတ်၊ တစ်မိနစ် နှစ်မိနစ် လောက် မှတ်ပြီးတာနဲ့ -
          “ကဲ-ကိုရင်၊ တစ်ဂိုးနိုင်သွား ပြီ၊ တော်ပြီ”လို့ ပြောလိုက်တယ်။ ဘောလုံးသမားကို ဘောလုံးစကား နဲ့ ပြောတော့ အားတက်သွားတာ ပေါ့။ ညစဉ် နည်းနည်းစီ တိုးတိုး ခိုင်းတယ်။ ၅-မိနစ်ပြည့်ရင် ‘တစ် ဂိုးနိုင်ပြီ’လို့ ပြောတယ်။ နောက်ည တွေရောက်တော့ ၁၀-မိနစ်ပြည့် အောင် အမှတ်ခိုင်းပြီး ‘ဂိုးနိုင်ပြီ’ လို့ပဲ ပြောတယ်။ ကိုရင်က အနိုင် ဂိုးချည်း ရနေတော့ ပျော်နေတာ ပေါ့။
          တစ်နေ့တော့ ဘုန်းကြီးက စမ်းကြည့်တယ်။
          “လာဟေ့ ကိုရင်၊ ဘောလုံး ကန်ရအောင်၊ ကဲ-ထိုင်ကွာ၊ မနေ့ တုန်းကအတိုင်း မှတ်ကွာ”
          တစ်ခွန်းပဲ ပြောတယ်။ ကိုရင်လည်း မှတ်နေလိုက်တာ၊ နာရီဝက် လောက် ကြာသွားပေမဲ့ ဘုန်းကြီး က တစ်ခွန်းမှမပြောဘူး။ ခါတိုင်း ဆို (၅)မိနစ် (၁၀)မိနစ်လောက် ရှိရင် ဂိုးနိုင်ပြီလို့ပြောတယ်။ အခု ဆို ကြာလှပြီ၊ ဘာမှ မပြောဘူး။  ညောင်းလာပြီ။ ကိုက်လာပြီ။ ထုံ ကျဉ်လာပြီ။ တော်တော်အခံရခက် နေပြီ။
          “ဘုန်းကြီးဘုရား၊ ဘုန်းကြီး ဘုရား”
          ငိုသံပါလေးနဲ့ခေါ်လာတယ်။
          “ဟေ-ဘာလဲ ကိုရင်၊ အနား မှာရှိပါတယ်ကွယ့်”
          “တပည့်တော် ညောင်းလှပြီ ဘုရာ့”
          “ဟဲ့ - ကိုရင်၊ ဂိုးနိုင်ပြန်ပါပြီ ကောဟ”
          “မဟုတ်ဘူး ဘုရား၊ တပည့် တော် ဂိုးရှုံးပြီဘုရာ့”
          “ဘယ်နှဂိုးရှုံးတာလဲဟဲ့”
          “အများကြီးဘုရား”
          “အများကြီး မရှုံးစေနဲ့လေ။ တင်းထား တင်းထား ညောင်းတာ ညောင်းမှန်းသိရင် ဂိုးနိုင်တယ်ခေါ်တာပေါ့ကွ”
          “ကြည့်စမ်း ကိုရင်၊ နာရီဝက် ကလေး ထိုင်တာတောင် ဒုက္ခတွေ ပြလာပြီ၊ ဒီဒုက္ခက အခုမှ စတာ မဟုတ်ဘူး၊ ကြာလှပြီ၊ ပြောင်းလဲပြီး ဖုံးဖိထားလို့ မသိချင်ယောင် ဆောင်နေလို့ မသိရတာ၊ အခု ငြိမ ပြီး  အကဲခတ်ကြည့်လိုက်တော့ ပေါ်လာတာပဲ။ ဒီဒုက္ခတွေ လွတ်ဖို့၊ မလွတ်သေးခင် ခံနိုင်ရည်ရှိဖို့ တရား အလုပ်လုပ်တာကွဲ့၊ မလျှော့နဲ့ ယောက်ျားပီပီ တင်းတင်းရင်းရင်း ကြိုးစားစမ်းပါ”
          “ကိုရင် လောကဘောလုံးပွဲ ကိုသာ စိတ်ဝင်စားရမှာမဟုတ်ဘူး၊ ခန္ဓာဘောလုံးပွဲကိုလည်း စိတ်ဝင်စားမှ ဖြစ်မယ်။ ခန္ဓာကဘောလုံးကွင်း ကွဲ့၊ စိတ်က ဘောလုံး၊ကိလေသာ က အမည်းအသင်း၊ တရားကအဖြူ အသင်း၊ သဒ္ဓါ စတဲ့ တရား အဖြူ သင်းက ကိလေသာအမည်းသင်းကို နိုင်အောင်ကန်နိုင်မှ အပူငြိမ်းပြီး ဒုက္ခကိုပါ အနိုင်ယူ လွှမ်းမိုးသွားမယ်။ တစ်စတစ်စ အဖြူသင်းက ချည်း နိုင်နေအောင် နေ့တိုင်း တိုးတိုးပြီး ကြိုးစားပေးစမ်းပါကွယ်”
          ဘုန်းကြီးက  ကိုရင်လေးကို အသိရော အကျင့်ပါ စည်းရုံးပေးတယ်။ လမ်းညွှန် သွန်သင်ပေးတယ်။ တိုတို ချုံးပြောလိုက်တော့ ဆရာသမားကောင်းရဲ့အေးမြတဲ့ အရိပ်ကိုခိုလှုံခွင့်ရလို့ အသိအကျင့် ဘက်စုံ မြင့်သွားတယ်။ အရွယ်ရောက်တော့ ရဟန်းခံ၊ ကြီးလာတော့ ‘ဆရာတော်ကြီး ဦးသောမ၊ ဆရာတော်ကြီးဦးသော’နဲ့ စာလည်းတတ်၊ အနေအထိုင်လည်း ကောင်း၊ အကျင့်သိက္ခာလည်း     ပြည့်ဝ၊အဟောအပြော အသင်အပြ လည်း ကျွမ်းကျင်တဲ့ ထိပ်တန်း သာသနာပြုပုဂ္ဂိုလ်ကြီး ဖြစ်သွားတယ်။ ခန္ဓာဘောလုံးပွဲမှာ အနိုင်ရသွားတယ်ပေါ့။

တိပိဋကယောဆရာတော်
 Venerable Kovida Siri 
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ