လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် မသိ၊
ပညတ် ပရမတ် မသိ၊ ဖြစ်ပျက် မသိပဲ
အသက်တစ်ရာနေသော သူသည်
ယုတ်သော အသက်ရှင်ခြင်း ဖြစ်တယ်။

လူရယ်လို့ ဖြစ်ပြီး
နာမ်ရုပ်၊ ပညတ် ပရမတ်၊ ဖြစ်ပျက်ကို သိပြီး
အသက် တစ်ရက် ရှင်ရခြင်းသည်
မြတ်သော အသက်ရှင်ခြင်း ဖြစ်တယ်။

ခန္ဓာရယ်လို့...
ရလာတဲ့ (၃၁)ဘုံသားတွေဟာ
ခန္ဓာရှိခြင်းကြောင့် သေကို သေရတယ်။

မသေခင်မှာ သစ္စာသိအောင်
အားထုတ်ကြရမယ်။

ဒီခန္ဓာကြီးဟာ...
အကြောင်းတိုက်ဆိုင်လာတိုင်းးး

နာတယ်၊ ကျင်တယ်၊ အောင့်တယ်၊
ပူတယ်၊ အေးတယ် စသဖြင့်
ဖြစ်ပေါ်လာတာဟာ ဆင်းရဲတယ်။

ဆင်းရဲတဲ့အတွက်ကြောင့်
နှိပ်စက်ပြန်ပြီလို့ ဒီလို မှတ်ပါ။

ဘာကို နှိပ်စက်တာလဲဆိုရင်
ခန္ဓာကို နှိပ်စက်တာ...

စစ်ခနဲ နာတယ် ကျင်တယ် ဆိုရင်
နှိပ်စက်ပြန်ပြီလို့ သိပါ။

ဒီလို နှိပ်စက်တယ်ဆိုတာ ရုပ်ရဲ့သဘောပဲ။
ရုပ်ရဲ့ သဘောကိုက
ဖေါက်ပြန်တဲ့ သဘောရှိတယ်။

ဒါကြောင့် နာတယ်၊ ကျင်တယ်၊ အောင့်တယ်
ပူတယ်၊ အေးတယ် အစရှိသဖြင့်
ခန္ဓာမှာ ပေါ်လာတိုင်း
နှိပ်စက်ပြန်ပြီလို့ သိပါ။

ဖောက်ပြန်တာက ရုပ်။
ဖောက်ပြန်မှန်းသိတာက နာမ်။

ခန္ဓာမှာ နာတာ၊ ကျင်တာ
ပူတာ၊ အေးတာ ပေါ်တိုင်း
နှိပ်စက်ပြန်ပြီလို့ သိခြင်းသည်
ဓမ္မာနုပဿနာ အားထုတ်နေခြင်းပဲ။

ဓမ္မရဲ့သဘောလေးကို သိနေခြင်းပဲဖြစ်တယ်။

ဖောက်ပြန်တာက ရုပ်။ သိတာက နာမ်။

ရုပ်နာမ်ကို သိခြင်းကြောင့်
ငါ၊ ငါ့ခန္ဓာ ဆိုတာ မလာတော့ပါဘူး။

ငါ၊ ငါ့ခန္ဓာ ဆိုတာ
မလာတော့တဲ့အတွက်ကြောင့်
ဒိဋ္ဌိ ပြုတ်ပါတယ်။

ဒီတော့ ခန္ဓာမှာ ဖောက်ပြန်တိုင်း ဒုက္ခသစ္စာ။

ခန္ဓာဖေါက်ပြန်တာကို နှိပ်စက်ပြန်ပြီလို့
သိခြင်းသည် မဂ္ဂသစ္စာ။

ငါ၊ ငါ့ ခန္ဓာလို့ မလာတော့ပဲ
ဒိဋ္ဌိ ပြုတ်နေသောကြောင့်
သမုဒယသစ္စာ သေတယ်။

သမုဒယ တို့ရဲ့ ငြိမ်းရာ ချုပ်ရာသည်
နိရောဓသစ္စာ ဖြစ်တယ်။

သစ္စာလေးချက် ညီနေတယ်။

ဒါကြောင့် ခန္ဓာမှာ နာတာ၊ ကျင်တာ
အောင့်တာ၊ ကိုက်တာ
ပူတာ၊ အေးတာ စသဖြင့်
ပေါ်တိုင်း နှိပ်စက်ပြန်ပြီလို့ သိခြင်းသည်
ကိစ္စဉာဏ်ကို ရခြင်းဖြစ်တယ်။

ဒီတော့...
ငါနာတယ်၊ ငါကျင်တယ်လို့ မဖြစ်တော့ပဲ
ခန္ဓာ ဖေါက်ပြန်တာကို
ဉာဏ်နဲ့ သိပေးခြင်းကြောင့်
သမုဒယသစ္စာ သေပြီးးး
နိရောဓသစ္စာ ဆိုက်တယ်။

ဒီလို အမြဲတမ်း ရှုမှတ်နိုင်မယ်ဆိုရင်...

အချိန်တန်တော့...

ဓမ္မ က သူ့အလုပ် သူလုပ်ပြီး
မဂ်ဉာဏ် ဖိုလ်ဉာဏ် ဆိုက်ရောက်လို့
သောတာပန် တည်ပါလိမ့်မယ်။

ဒီလိုသိပြီး သေရင်တော့...
မြတ်သော အသက်ရှင်ခြင်း ဖြစ်ပြီး

ဒီလိုမသိပဲ သေရင်တော့...
ယုတ်သော အသက်ရှင်ခြင်းသာ ဖြစ်ပါတယ်။
--------
ဆရာတော် အရှင်သုနန္ဒ
ဟောကြားတော်မူသော
#ဗုဒ္ဓလမ်းစဉ်_ကျင့်စေချင် တရားတော်
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်