ဘဝဟူသည် အကျဉ်းထောင်
********************
ဘုရားရှင်က “ဘဝဟူသည် အကျဉ်းထောင်သာဖြစ်၏” ဟု မိန့်တော်မူ၏။ မှန်၏။ မိမိတို့တတွေသည် ဘဝအကျဉ်းထောင်ထဲ၌ အကျဉ်းချခံနေရသော ဘဝအကျဉ်းသားများသာ ဖြစ်ကြလေ၏။သေချာစဉ်းစားကြည့်။ တဏှာထားရာနေ၊ တဏှာစေရာသွား၊ တဏှာအမိန့်နာခံ၊ တဏှာခိုင်းသမျှ အကုန်လုပ်နေရသော တဏှာ၏ကျွန်၊ ဘဝအကျဉ်းသားတွေသာ ဖြစ်၏။ လောဘ၊ ဒေါသ စသောတစ်ထောင့်ငါးရာ ကိလေသာတွေ၏ အမိန့်အာဏာအောက်မှာ မလွတ်မလပ် ကျဉ်းကျပ်စွာ နေနေရသော အကျဉ်းသားတွေသာဖြစ်၏။ မြတ်စွာဘုရားရှင်က “တဏှာဒါသော- သတ္တဝါအားလုံးသည် တဏှာ၏ကျေးကျွန်တွေချည်း သာတည်း”ဟု မိန့်တော်မူ၏။ ကျေးဇူးတော်ရှင် တောင်မြို့ဂန္ဓာရုံဆရာတော်ဘုရားက “ တဏှာစေရာ မနေသာဖွေရှာဆက်ရမည်” ဟု မိန့်တော်မူ၏။
နံနက်မိုးလင်းက ညနေ နေဝင်မိုးချုပ်သည့်တိုင်အောင် တောင်ကလူက မြောက်သွား၊ မြောက်ကလူကတောင်သွား၊ အရှေ့ကလူက အနောက်သွား၊ အနောက်ကလူက အရှေ့သွား။ ကားနှင့်တစ်မျိုး၊ရထားနှင့်တစ်ဖုံ၊ စက်ဘီးနှင့်တစ်မျိုး၊ ခြေကျင်တစ်သွယ်၊ ကိုယ့်ဇောနှင့်ကိုယ် မောရမှန်းမသိ၊ ပန်းရမှန်း မသိ၊ သွားလာလှုပ်ရှား လုပ်ကိုင်ရှာဖွေနေကြခြင်းသည် မည်သူက စေခိုင်းထားပါသနည်း။ တဏှာကစေခိုင်းထားခြင်း ကြောင့်သာ ဖြစ်၏။ လူ၏ ပင်ကိုယ်သဘောသည် ကောင်းသောသဘောရှိ၏။ ကောင်းသောကုသိုလ်ကြောင့် လူဖြစ်လာရသဖြင့် လူ၏ပင်ကိုယ်ဗီဇသည် ကောင်း၏။ သို့သော် ကိလေသာ၏ လွှမ်းမိုး ချုပ်ချယ်မှု၊ ကြိုးကိုင်ချယ်လှယ်မှု၊ ကိလေသာအလိုကျပုံသွင်းခံရမှုတို့ကြောင့် လူအများစုသည် ပင်ကိုယ်ဗီဇ ပျောက်သွား၏။ ပင်ကိုယ်ဗီဇ ပျောက်သွားသောအခါ လူစိတ် ပျောက်သွား တော့၏။
လူစိတ်နှင့်သာ လူလုပ်ရပါက ကောင်းသောအလုပ်ကိုသာ လုပ်မည်ဖြစ်၏။ သို့သော် လူသည် လူစိတ်အမြဲရှိသည်မဟုတ်။ ကိလေသာ အချုပ်အချယ်အောက်က လွတ်နေသည့် အခိုက်သာ လူစိတ် ဝင်၍ ကိလေသာ အချုပ်ချယ်အောက် ပြန်ရောက်သွားသောအခါ လူစိတ်ပြန်ပျောက်သွား၏။ လူစိတ် ဝင်သောအခါ ကောင်းသောအလုပ်၊ လူ့အလုပ်ကို လုပ်၏။ လူစိတ် ပျောက်နေသော အခါ မကောင်း သောအလုပ်၊ လူ့အလုပ်မဟုတ်သည်ကို လုပ်၏။ တစ်ပါးကျွန်ဘဝ၊ အချုပ်ချယ်ခံဘဝမှာ ကိုယ့်သဘောနှင့်ကိုယ် နေရသည်မဟုတ်။ ကိုယ့်သဘော နှင့်ကိုယ် အိပ်ရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် စားရသည်မဟုတ်။ ကိုယ့်သဘောနှင့်ကိုယ် လုပ်ရသည်မဟုတ်။ အရာရာ သခင်အလိုကျ၊ သခင်စိတ်တိုင်းကျသာဖြစ်ရလေ၏။
ဘုရားရှင်၏ နှုတ်ခပတ်တော် နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံသည် အကျယ်အားဖြင့် ဓမ္မက္ခန္ဓာရှစ်သောင်းလေးထောင် ရှိ၏။ အကျဉ်းအားဖြင့် ဝိမုတ္တိရသ တစ်မျိုးတည်းသာရှိ၏။ ဝိမုတ္တိရသ ဟူသည်ကိလေသာ အချုပ်အချယ်တို့မှ လွတ်မြောက်ခြင်းကို ခေါ်၏။ရဟန္တာပုဂ္ဂိုလ်များ ရဟန္တာဖြစ်သွားသောအခါ “ အနုပါဒါယ အာသဝေဟိ စိတ္တာနိ ဝိမုစ္စိသု” ဟုပါဠိတော်မှာ ဆို၏။ အဓိပ္ပါယ်က ဥပါဒါန်အစွဲ ပြုတ်၍ အာသဝေါတရားတွေမှ စိတ်အစဉ်လွတ်မြောက်သွားပြီဟု ဖြစ်၏။ ရဟန္တာဖြစ်ခြင်းဟူသည် ဘဝအကျဉ်းထောင် က လွတ်မြောက်သွားခြင်းဖြစ်၏။ ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ မိမိ စိတ်အစဉ်သည် အာသဝေါတရားတွေက လွတ်မြောက်ဖို့လို၏။ အာသဝေါနှင့် ကိလေသာ အတူတူပင်ဖြစ်၏။ လောဘ၊ ဒေါသ၊ မောဟ စသော အကုသိုလ်တရားများပင်ဖြစ်၏။ ကိလေသာ အာသဝေါကင်းဖို့အတွက် အစွဲကင်းဖို့လို၏။ အစွဲ ဟူသည် ဥပါဒါန်ဖြစ်၏။ တဏှာပစ္စယာ ဥပါဒါနာဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရ၏။ တဏှာက တွယ်တာ၏။ သာယာ၏။ တပ်မက်၏။ တဏှာ၏ ထိုသို့ တွယ်တာမှု၊ သာယာမှု၊ တပ်မက်မှုကြောင့် အစွဲ ဥပါဒါန်ဖြစ်ရ၏။ တဏှာ မည်သူ့ကြောင့် ဖြစ်ရသနည်းမေးလျှင် ဝေဒနာ ပစ္စယာ တဏှာ ဟုဆိုသည့်အတိုင်းဝေဒနာကြောင့် တဏှာဖြစ်ရ၏။ ခံစားမှုကြောင့် တဏှာဖြစ်ရ၏။
မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဒွါရခြောက်ပါးလုံးက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားဟူသော အာရုံခြောက်မျိုးလုံးကို ခံစား၏။ ထိုခံစားမှုတွေကြောင့် တဏှာ ဖြစ်ရ၏။ ဒုက္ခီ သုခံ ဝတ္ထယတိ- ဆင်းရဲတော့ ချမ်းသာကို တောင့်တ၏။ ချမ်းသာ ချင်၏။ ဒုက္ခဝေဒနာကြောင့် တဏှာဖြစ်ရ၏။ သုခီ ဘိယျောပိ ဣစ္ဆတိ- ချမ်းသာသူက ပို၍တိုး၍ ချမ်းသာ ချင်၏။သုခဝေဒနာကြောင့်လည်း တဏှာ ဖြစ်ရပြန်၏။ ဝေဒနာနိရောဓာ တဏှာနိရောဓော – ဝေဒနာချုပ်မှသာ တဏှာချုပ်မည် ဖြစ်၏။ တဏှာနိရောဓာ ဥပါဒါနာ နိရောဓော – တဏှာ ချုပ်လျှင် စွဲလမ်းမှုဥပါဒါန်တွေ ချုပ်မည်ဖြစ်၏။ စွဲလန်းမှု ဥပါဒါန်တွေချုပ်လျှင် ကိလေသာအာသဝေါ အချုပ်အချယ်တွေမှ ကင်းလွတ်မည်ဖြစ်၏။ ကိလေသာအာသဝေါ အချုပ်အချယ်တွေက ကင်းလွတ်ဖို့၊ ဘဝအကျဉ်းထောင်က လွတ်မြောက်ဖို့ ဝေဒနာချုပ်ဖို့ လို၏။ အာရုံတွေကို မခံစားဖို့ လို၏။ အာရုံတွေ၏ အရသာကို မခံဖို့ လို၏။သုံးဆောင်ခံစား ဆိုသည့်နေရာမှာ သုံးဆောင်တာက တစ်မျိုး၊ ခံစားတာက တစ်မျိုးဖြစ်၏။ စားစရာ၊ဝတ်စရာ၊ နေထိုင်စရာ၊ ဆေးဝါးဓာတ်စာ သုံးဆောင်တာကတော့ သုံးဆောင် ရမည်ဖြစ်၏။ မသုံးဆောင်၍ မဖြစ်။ အရသာကို မခံစားဖို့သာ လို၏။
ထို့ကြောင့် ဘုရားရှင်က ဒိဋ္ဌေ ဒိဋ္ဌမတ္တ – မြင်လျှင် မြင်ကာမျှထား၊ သုတေ သုတမတ္တ – ကြားလျှင် ကြားကာမျှထား၊ မုတေ မုတမတ္တ – မွှေးလျှင် နံလျှင် မွှေးကာမျှ နံကာမျှ၊ စားသောက်လျှင်စားသောက်ကာမျှ၊ ထိတွေ့လျှင် ထိတွေ့ကာမျှထား။ ရှေ့ဆက်မခံစားနှင့်ဟု မိန့်တော်မူ၏။ ထိုသို့ မရှိမဖြစ်၊ မသုံးဆောင်မဖြစ် အာရုံတွေကို သုံးဆောင်သည့်အခိုက် အရသာ မခံစားဘဲနှင့် ရှုမှတ်နိုင်လျှင် ဝေဒနာချုပ်၍ တဏှာပြုတ်မည်ဖြစ်၏။ တဏှာပြုတ်လျှင် အစွဲဥပါဒါန် လည်း ပြုတ်မည်ဖြစ်၏။ အစွဲ ဥပါဒါန်တွေပြုတ်လျှင် ကိလေသာအချုပ်အချယ်တွေ လွတ်မည်ဖြစ်၏။
ကိလေသာအချုပ်အချယ် တွေက လွတ်လျှင် ဘဝအကျဉ်းထောင်ကလည်း လွတ်ပြီဖြစ်၏။
#အရှင်သံဝရာလင်္ကာရ(ဓမ္မပိယဆရာတော်)
-------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment