သေခြင်းက လူတွေဆီကို
လာနေတာ မဟုတ်ဘူး …

လူတွေက သေခြင်းဆီကို
သွားနေကြတာ …




ဘယ်သေမင်းကမှ လာပြီး သတ်မှာ မဟုတ်ဘူး
ကိုယ်တိုင် သွားပြီးတော့ကို
အသတ်ခံကြရမှာ …

သတ်ဖို့လာနေတာ မဟုတ်ဘူး
သေဖို့ သွားနေကြတာ …

ဒီခရီးမှာ
သေခြင်းက ဘယ်နားက စောင့်နေလဲ ဆိုတာတော့
ဘယ်သူမှ အသေအချာ မသိနိုင်ဘူး …

အသေအချာ သိနိုင်တာကတော့ …

- ဒီခရီးကို အရပ်အနား မရှိ
အမြဲသွားနေရတယ် ဆိုတာရယ်
- တစ်ချိန်ထက် တစ်ချိန်
ပို နီးနီးလာတယ် ဆိုတာရယ်
ဒီ နှစ်ချက်ပါပဲ …

( ၁ ) အချိန်တိုင်း သွားနေတယ်
( ၂ ) ပို နီးနီး လာတယ်

#အ;ချိန်တိုင်း_သွားနေတယ်_ဆိုတာကို

မြတ်စွာဘုရားက
တောင်ကျမြစ်တစ်စင်းနှင့် ဥပမာပေးတယ် …
“ နဒီပဗ္ဗ တေယျူ ပမံ ဇီဝိတံ မနုဿာနံ ”

❝ လူတွေရဲ့အသက်ဆိုတာ
တောင်ကျမြစ်နှင့်တူတယ် ❞ တဲ့

တောင်ကျမြစ် ဆိုတော့
ရိုးရိုးမြစ်တွေလို အေးအေးဆေးဆေးစီးနေတာ
မဟုတ်ဘူး …

အရှိန်အဟုန်နဲ့
မြန်မြန်ဆန်ဆန် စီးနေတာ …

စဉ်းစားကြည့် …

ပင်လယ်ဆီကိုသွားနေတဲ့သူ့ရဲ့ ခရီးဟာ
တစ်စက္ကန့်လောက်တောင် ရပ်နားလို့မရဘူး
အချိန်တိုင်း စီးနေရတယ် …

လူတွေရဲ့ အသက်ကလည်း ဒီတိုင်းပဲ …

သေခြင်းဆီကိုသွားနေရတဲ့ ဒီခရီးကို
ရပ်ထားလို့မရဘူး …

အချိန်တိုင်း သွားနေရတဲ့
တောင်ကျမြစ်တွေလိုပဲ …

#ပို_နီးနီးလာတယ်_ဆိုတာကိုတော့

မြတ်စွာဘုရားက
သားသတ် ရုံသွား နွားမများနဲ့ ဥပမာပေးတယ် …
“ ဂေါဝဇ္ဈူပမံ ဇီဝိတံ မနုဿာနံ ”

❝ လူတွေရဲ့အသက် ဆိုတာ
သားသတ်ရုံဆီကို
အဆွဲခံရတဲ့ နွားမများနဲ့တူတယ် ❞ တဲ့ …

အဲ့ဒီနွားမတွေရဲ့
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ
အသတ်ခံရခြင်းနှင့် ပိုပို နီးလာတယ် …

အဲ့လိုပဲ…

လူတွေရဲ့ အသက်ကလည်း
တစ်ချိန်ထက် တစ်ချိန် သေခြင်းနဲ့ ပိုပို နီးလာတယ် …

- မနှစ်ကထက် ဒီနှစ် ပိုနီးလာတယ်
- အရင်လကထက် ဒီလ ပိုနီးလာတယ်
- မနေ့ကထက် ဒီနေ့ ပိုနီးလာတယ်
- ခုနကထက် အခု ပိုနီးလာတယ်

သိပ်မကြာခင်
ဒီလူတွေအားလုံး သေကြရမှာ
ဒီလူတွေအကုန်လုံး ပျောက်သွားကြမှာ …

နောက်လူတွေနဲ့ အစားထိုးထိုးနေတော့
လောကက ပုံမပျက် သွားနေတယ်လို့
ထင်ကြရတာ …

တကယ်တော့
လောကက ပုံမပျက် သွားနေတာ မဟုတ်ဘူး
ပုံပျက် ပန်းပျက် သွားနေတာ …

#သစ္စာ_ရွှေစည်_ဆရာတော်
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ