"မြတ်စွာဘုရား မိန့်တော်မူခဲ့သည့် သားသမီးသုံးမျိုး"

************************************
အတိဇာတံ အနုဇာတိ၊ ပုတ္တမိစ္ဆန္တိ ပဏ္ဍိတာ။
အဝဇာတံ နဣစ္ဆန္တိ၊ ယောဟောတိကုလဂန္ဓနော။



မြတ်စွာဘုရား ဟောတော်မူတယ်။

အတိဇာတ သားသမီးတစ်မျိုး၊
အနုဇာတ သားသမီးတစ်မျိုး၊
အဝဇာတ သားသမီးတစ်မျိုး ဆိုပြီး သုံးမျိုးဟောတော်မူခဲ့ပါတယ်။

၁။ အတိဇာတသားသမီး
မိဘများရဲ့ ကျေးဇူးတရားများကိုနားလည်သိရှိပြီး စွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့စောင့်ရှောက်တတ်၍ မိဘတို့ထက် အကျင့်သီလ အာစာရဂုဏ် လိမ်မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အတိဇာတ သားသမီးလို့ ခေါ်ပါတယ်။ အလွန်မြင့်မြတ်တဲ့ သားသမီးမျိုးပင်ဖြစ်၏။
ထင်ရှားအောင် ပြောရရင် သာသနာတော်မှာ ရှင်ရဟန်း အဖြစ်ဖြင့် မိဘ၏ ကျေးဇူးတရားများကိုပေးဆပ်နေသော သားသမီးမျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။
ရှင်ရဟန်းဆိုတည်းက သီလအားဖြင့် မိဘတို့စောင့်ထိန်းနေသော ငါးပါးသီလ ရှစ်ပါးသီလထက်၊ ၂၂၇သွယ်သော သိက္ခာပုဒ်များစောင့်ထိန်းနေခြင်းသည်ပင် အကျင့်သီလအားဖြင့် မြင့်မြတ်နေမည်သာဖြစ်၏။ ထိုသားသမီးမျိုးကို အတိဇာတ သားသမီးလို့ ခေါ်ပါတယ်။


၂။ အနုဇာတသားသမီး
မိဘများရဲ့ ကျေးဇူးတရားများကို နားလည်သိရှိပြီး စွမ်းနိုင်တဲ့အခါမှာ ပြန်ပြီးတော့ စောင့်ရှောက်တတ်၍ မိဘတို့နှင့် အကျင့်သီလ အာစာရဂုဏ် လိမ်မာရေးခြားပြည့်စုံတဲ့ သားသမီးမျိုးကို အနုဇာတသားသမီးလို့ ခေါ်ပါတယ်။
ဆိုလိုတာက မိဘများက ဒါနပြုခြင်း၊ သီလစောင့်ထိန်းခြင်း၊ တရားနာခြင်းစတဲ့ အကျင့်သီလများနှင့်ပြည့်စုံသလို သားသမီးများကလည်း မိဘများပြုကျင့်သကဲ့သို့ တန်းတူ ပြုကျင့်ခြင်း၊ မိဘကျေးဇူးတရားများကိုနားလည်သိရှိခြင်း၊စတဲ့ အကျင့်တွေနဲ့ပြည့်စုံတဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
(တနည်းအားဖြင့်) မိဘများက ရတနာသုံးပါးအားဆည်းကပ်ကိုးကွယ်ခြင်း၊ ကံ ကံ၏ အကြောင်းအကျိုးကို သက်ဝင်ယုံကြည်ခြင်း စတဲ့ ဗုဒ္ဓဘာသာဝင်ပီပီ သာသနာရဲ့ ရေသောက်မြစ်သဖွယ် ဖြစ်တဲ့ အကျင့်တရားတို့ပြည့်စုံသလို သားသမီးများကလည်း မိဘတို့နည်းတူ ထိုအကျင့်တရားများပြည့်စုံပြီး မိဘတို့ကျေးဇူးအား အထူးသိတတ်ပေးဆပ်တတ်တဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
မိဘများက မိဘကျင့်ဝတ်များနှင့် ပြည့်စုံသလို သားသမီးများကလည်း ဘာသာတူ လူမျိုးတူအချင်းချင်း ပေါင်းသင်းဆက်ဆံ အိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့ (စောင့်လေမျိုးနွယ်) စတဲ့ သားသမီးကျင့်ဝတ်များနှင့်ပြည့်စုံနေပြီး မိဘများနှင့် ကိုယ်ကျင့်သီလတူညီ အကျင့်တရားများနှင့် တန်းတူဖြစ်အောင် ကျင့်ကြံပြည့်စုံနေတဲ့ သားသမီးမျိုးကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
ထိုသားသမီးမျိုးဖြစ်အောင် ကျင့်ကြံကြပါလို့တိုက်တွန်းချင်ပါတယ်။

၃။ အဝဇာတသားသမီး
မိဘတို့၏ ကျေးဇူးတရားကိုမသိ၊ သိအောင်လည်းမကြိုးစား၊ကျေးဇူးတရားများကို ပေးဆပ်ရကောင်းမှန်း မသိသည့်အပြင် စာရိတ္တပိုင်းဆိုင်ရာ ပျက်စီးခြင်း၊
ထိုမှတဖန် မိဘတို့က မှန်ကန်သော အယူရှိသည့် သမ္မာဒိဋ္ဌိ ဗုဒ္ဓဘာသာဝင်ဖြစ်သော်လည်း သားသမီးများကတော့ မှားသော အယူဝါဒရှိတဲ့ မိစ္ဆာဒိဋ္ဌိများနှင့် ပေါင်းသင်းဆက်ဆံ အိမ်ထောင်ပြုခြင်း၊
မိဘများက ဗုဒ္ဓဘာသာဝင်ပီပီ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း၊ တရားနာခြင်း၊ စတဲ့ အကျင့်တရားများနှင့်ပြည့်စုံသော်လည်း သားသမီးများက သောက်စား မူးယစ်ပျော်ပါးခြင်း၊
မိဘတို့က မိဘကျင့်ဝတ်များနှင့်ပြည့်စုံသော်လည်း သားသမီးများက သားသမီးကျင့်ဝတ်များကို ဖျက်စီးခြင်း၊ (ဥပမာ) မိဘများက သူတို့ရဲ့ မိဘဘိုးဘွားများ လက်ထက်တည်းက စောင့်လေမျိုးနွယ်အပါအဝင်သားသမီးကျင့်ဝတ်များနှင့်ပြည့်စုံအောင်နေခဲ့ပြီး မိဘအဖြစ်သို့ရောက်ရှိတဲ့ အခါမှာလည်း မိဘကျင့်ဝတ်နှင့်ပြည့်စုံသော်လည်း၊
ယခုလက်ရှိသားသမီးများကတော့ သားသမီးကျင့်ဝတ်များ ဖောက်ဖျက်ခြင်း၊(ဥပမာ) စောင့်လေမျိုးနွယ်ဆိုတဲ့ သားသမီးကျင့်ဝတ်ကို စောင့်ထိန်းရမည်ဖြစ်သော်လည်း မစောင့်ထိန်းဘဲ ဘာသာခြားများနှင့် အိမ်ထောင်ပြုကာ ဘာသာခြား အယူကို လက်ခံကျင့်သုံးခြင်းစတဲ့ မိဘကျေးဇူးတရားများကို မသိရှိ မပေးဆပ်ခြင်း၊
မိဘများထက် ကိုယ်ကျင့်သီလထက်နိမ့်ကျခြင်း၊ မိဘပြောဆိုဆုံးမမှုကိုမခံယူဘဲ သောက်စားမူးယစ်ပျက်စီးနေခြင်း၊ အကျင့်စာရိတ္တများ ပျက်ပြားခြင်း၊ စောင့်လေမျိုးနွယ်စတဲ့ သားသမီးတို့ထိန်းသိမ်းအပ်သည့် ကျင့်ဝတ်ကို မထိန်းသိမ်းဘဲ အိမ်ထောင်ပြုမှု ပက်စက်ပြီး ဗုဒ္ဓဘာသာကို စွန့်လွှတ်ပြီး မိစ္ဆာအယူကို ခံယူခြင်းစတဲ့ အယူဝါဒ ပျက်စီးခြင်းစတဲ့ ပျက်စီးခြင်းများနှင့် ပျက်စီးပြီး ကိုယ်ကျင့်သီလ အောက်တန်းကျနေတဲ့ သားသမီးမျိုးကို အဝဇာတသားသမီးလို့ခေါ်ဆိုပါတယ်။
ဒါကြောင့် အားလုံးသော ဓမ္မမိတ်ဆွေများအနေနဲ့ မိဘတို့ထက်ကိုယ်ကျင့်တရားနိမ့်ကျပြီး ပျက်စီးခြင်းများနှင့် ပျက်စီချင်တိုင်းပျက်စီးနေတဲ့ အဝဇာတသားသမီးမျိုး မဖြစ်အောင် ထိန်းသိမ်းရပါမယ်။
မိဘများ မိဘဝတ်တရားများနှင့်ပြည့်စုံသလို သားသမီးများကလည်း သားသမီးကျင့်ဝတ်များနှင့်ပြည့်စုံအောင် မိမိနှင့်ဘာသာတူ လူမျိုးတူသူများနှင့်ပေါင်းသင်းဆက်ဆံ အိမ်ထောင်ပြုခြင်းစတဲ့ ကျင့်ဝတ်များကို စောင့်ထိန်းခြင်း၊
မိဘကျေးဇူးတရားများကို သိရှိနားလည်အောင်ကြိုးစားခြင်း၊ နားလည်သည့်အားလျော်စွာ ပြန်လည်ပေးဆပ်ခြင်း၊ မိဘတို့ကျင့်သုံးအပ်တဲ့ ဒါန သီလ သမာဓိ ပညာစတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ အကျင့်တရားများကို ကျင့်ကြံကြသလို မိမိတို့လည်း ကျင့်ကြံအားထုတ်နိုင်အောင် အတိဇာတသားသမီးမျိုး မဖြစ်နိုင်တောင်မှ အနုဇာတ သားသမီးမျိုးဖြစ်အောင် အဝဇာတ သားသမီးမျိုး မဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ကြပါလို့တိုက်တွန်းအပ်ပါသည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာပြီး လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ