ဝိတက်၊ ဝိစာရ၊ အဓိမောက္ခ အကြောင်း
*******************************
ဝိတက်အကြောင်း
----------------------
ကြံစည်ခြင်းသဘောသည် ဝိတက်တည်း။ ထို့ကြောင့် “ထိုထိုကြံစည်၊ ဝိတက်မည်ရှင့်”ဟု ဆိုခဲ့သည်။ ဤကြံစည်ခြင်းကို “စိတ်ကူးခြင်း=စဉ်းစားခြင်း”ဟုလည်း ခေါ်ကြသည်။ 



ဤဝိတက်သည် ကာမဝိတက်၊ ဗျာပါဒဝိတက်၊ ဝိဟိ ံသာဝိတက်ဟု မကောင်းဝိတက် ၃-မျိုး၊ နေက္ခမ္မဝိတက်၊ အဗျာပါဒဝိတက်၊ အဝိဟိ ံသာဝိတက် ဟု အကောင်း ဝိတက် ၃-မျိုးအားဖြင့် ၆-မျိုးပြား၏။

ကာမနှင့် နေက္ခမ္မဝိတက်
-------------------------
ရူပါရုံ သဒ္ဒါရုံ စသော ကာမဂုဏ်အကြောင်းအရာ ကာမဂုဏ်အမူကိစ္စတို့ကို ကြံစည် စိတ်ကူးခြင်း။ ပစ္စည်းဥစ္စာ ရှာဖွေမူကို ကြံစည်စိတ်ကူးခြင်း စသော လောဘနှင့် မကင်းသော ကြံစည်စိတ်ကူးခြင်း “ကာမဝိတက်”ဟု ခေါ်သည်။

 တောထွက်ဖို့၊ ရသေ့ရဟန်းပြုဖို့၊ လှူဒါန်းဖို့၊ ဥပုသ်သီလ ဆောက်တည်နေဖို့၊ တရားအားထုတ်ဖို့စသော လောဘတဏှာမှ လွတ်ကင်းသော ကြံစည်ခြင်းကို “နေက္ခမ္မဝိတက်”ဟု ခေါ်သည်။


ဗျာပါဒနှင့် အဗျာပါဒဝိတက်
----------------------------
ဗျာပါဒဟူသည် သူတစ်ပါးကို ပျက်စီးစေလို သေစေလိုသော ဒေါသတည်း။ ထိုဒေါသနှင့် ယှဉ်သော အကြံကို “ဗျာပါဒဝိတက်”ဟုခေါ်၏။ 

အဗျာပါဒဟူသည် ဒေါသနှင့် ဆန့်ကျင်ဘက်ဖြစ်သော မေတ္တာတည်း။ ထိုမေတ္တာနှင့် စပ်ယှဉ်သောအကြံ (သတ္တဝါအများကို ချမ်းသာစေလို ချမ်းသာအောင် ပြုလုပ်လိုသောအကြံ) များကို “အဗျာပါဒဝိတက်”ဟု ခေါ်သည်။

ဝိဟိ ံသာနှင့် အဝိဟိ ံသာဝိတက်
-------------------------------
ဝိဟိ ံသာဟူသည် သူတစ်ပါးကို ညဉ်းဆဲလို နှိပ်စက်လိုသော ဒေါသတည်း။ ထိုဒေါသနှင့် ယှဉ်၍ ရိုက်ပုတ် သတ်ဖြတ်ဖို့ရန် ကြံစည်ခြင်း။ တစ်နည်းနည်းဖြင့် ဆင်းရဲဒုက္ခရောက်သွားအောင် ကြံစည်ခြင်းများကို “ဝိဟိ ံသာဝိတက်”ဟုခေါ်၏။ 

အဝိဟိ ံသာဟူသည် ထိုဝိဟိ ံသာ(ဒေါသ) ဆန့်ကျင်ဘက်ဖြစ်သော ကရုဏာတည်း။ 
ထိုကရုဏာနှင့် ယှဉ်၍ ဒုက္ခိတ သတ္တဝါများကို ဒုက္ခမှ ကယ်ဆယ်ဖို့ရန် ကြံစည်စိတ်ကူးခြင်း၊ တစ်နည်းနည်းအားဖြင့် ဒုက္ခမှလွတ်ကင်းအောင် ပြုရန် ကြံစည်ခြင်းကို “အဝိဟိ ံသာ ဝိတက်”ဟုခေါ်၏။ မကောင်းသော ဝိတက်များကို ရှောင်ရှား၍ ကေင်းသော ဝိတက် ၃-ပါးကိုသာ ဖြစ်စေကြပါကုန်။

ဝိစာရအကြောင်း
----------------
အာရုံတစ်ခုခုကို အထပ်ထပ် အလီလီ သုံးသပ်ခြင်း သဘောသည် ဝိစာရတည်း။ ဝိတက်သည် အာရုံတစ်ခုသို့ စိတ်ရောက်၍ နေအောင် ကြံစည်ပါသော်လည်း ထိုအာရုံအပေါ်၌ ကြာရှည်စွာမတည်။ အခြားအာရုံကိုလည်း ဆက်လက်ကြံစည်၏။ 

ဝိစာရကား ဝိတက်အစွမ်းကြောင့် ရောက်ရှိနေသော အာရုံကို တော်တော်နှင့် မလွတ်စေဘဲ အထပ်ထပ် ပွတ်တိုက်သကဲ့သို့ ထိုအာရုံကို ထပ်ကာထပ်ကာ အာရုံပြုသည်။ ဤသို့ အထပ်ထပ် အာရုံပြုခြင်းကိုပင် ထိုအာရုံကို သုံးသပ်ပွတ်တိုက်သလို ဖြစ်နေသောကြောင့် “အလီလီသုံးသပ်၊ ဝိစာရ မှတ်လော့”ဟု ဆိုခဲ့ပေသည်။

အဓိမောက္ခအကြောင်း
-------------------------
ဆုံးဖြတ်ခြင်းသဘောသည် အဓိမောက္ခတည်း။ ကိစ္စတစ်ခုခုကို ပြုလိုသောအခါဖြစ်စေ၊ အာရုံတစ်ခုခုကို အမှားအမှန် ဝေဖန်သော အခါဖြစ်စေ ဤဆုံးဖြတ်ချက်ချတတ်သော အဓိမောက္ခသဘောပါရပေသည်။ သူတစ်ပါးက လိမ်သည်ကို ယုံရာ၌လည်း သဒ္ဓါမဟုတ်၊ ဤ အဓိမောက္ခဖြင့် အမှားကို ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။
------------
မဟာဂန္ဓာရုံဆရာတော်၏ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှ
မေတ္တာရိပ်မှ စာစီဓမ္မဒါနပြုပါသည်။
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ