❝ အခွင့်အရေးကို အသုံးချတက်ပါစေ ❞
သံသရာ၀ဋ်က လွတ်ကင်းဖို့
တရားဓမ္မတွေကို
မြတ်စွာဘုရားက
ဟောပေးခဲ့ပါတယ်။
ထိုဟောထားတဲ့
တရားဓမ္မတွေကိုကျင့်ဖို့
အခွင့်အလမ်း မရရှိတဲ့
ပုဂ္ဂိုလ်တွေ
ရှိကြပါတယ်။
လောကမှာ
လူဖြစ်လာသော်လည်း
အခွင့်အရေးဆုံးရှုံးနေတဲ့
ပုဂ္ဂိုလ်တွေက
အများကြီးပါ။
သံသရာလည်နေကြတဲ့ အထဲမှာ
လူတိုင်းလူတိုင်း အခွင့်ကောင်း
ရရှိနေကြတာ
မဟုတ်ပါ။ အခွင့်ကောင်းမရတဲ့
ပုဂ္ဂိုလ်တွေ
အများကြီးရှိပါတယ်။
အခွင့်အရေးဆိုတာနဲ့ပတ်သက်ပြီး
ပြောရရင်
အခွင့်အရေးဆိုတာ အမျိုးမျိုးရှိပါတယ်။
ဆိုပါစို့-
တယ်လီဗစ်ရှင်းကြည့်ချင်တယ်ဆိုရင်
အိမ်မှာတယ်လီဗစ်ရှင်းရှိပေမယ့်
လျှပ်စစ်မီးမရှိဘူး။
လျှပ်စစ်မီးကမလာဘူးဆိုရင် ကြည့်လို့မရပါ။
လျှပ်စစ်မီးလာတဲ့အခါမှ ကြည့်လို့ရပါတယ်။
အခွင့်အရေးဆိုတာ အမြဲတမ်း မရှိပါ။
ဟို ယခင်က လျှပ်စစ်မီးနဲ့ ဝေးကွာတဲ့
တောရွာတွေမှာ လျှပ်စစ်မီးမပြောနဲ့
ကြယ်ကလေးတွေ လ,ကလေးတွေရဲ့
အလင်းရောင်နဲ့ နေကြရပါတယ်။
ကြယ်ရောင် လရောင်လေးတွေကို
အားကိုးပြုပြီးတော့ ညအခါမှာ
ခရီးသွားကြရပါတယ်။
ဟို ယခင်တုန်းက ဧရာ၀တီတိုင်းက
လူတွေဟာ...
ဒီရေ အတက်အကျကြည့်ပြီးတော့
လှေတွေနဲ့ ချောင်းတွေ မြောင်းတွေမှာ
ခရီးသွားကြရပါတယ်။
ဒီရေတက်ကျ ချိန်ကလေးကိုကြည့်ပြီး
သွားရမယ့်ခရီး မကိုက်ညီဘူးဆိုရင်
ခရီးဆက်မသွားဘဲ ဒီရေသင့်အောင်
စောင့်ဆိုင်းရပါတယ်။
လူ့ဘ၀ရနေကြတဲ့ ပုဂ္ဂိုလ်တွေလည်း
အခွင့်ကောင်း အမြဲတမ်း ကြုံတာမဟုတ်ပါ။
အခွင့်အရေးကြုံတဲ့ အခိုက်ကလေးမှာ၊
အခွင့်သာခိုက်ကလေးမှာ
ရသင့်ရထိုက်တာတွေကို ရအောင်ယူလိုက်မှ
အခွင့်အရေး ရနိုင်ပါတယ်။
အခွင့်အရေးဆိုတာ နောက်တစ်ခါ
ပြန်လာချင်မှ လာတတ်တာပါ။
အခွင့်ကောင်းဟာ ရံဖန်ရံခါမှသာ
ရောက်လာတတ်ပါတယ်။
တစ်ခါရောက်လာပြီးရင်လည်း
နောက်ထပ်ရောက်ချင်မှ
ရောက်လာတတ်တာပါ။
ရောက်လာတဲ့ အချိန်လေးမှာ
လုပ်ရင်လုပ်လိုက်၊ မလုပ်လိုက်ဘူးဆိုရင်
ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရပါမယ်။
ဒါကြောင့် လသာတုန်း ဗိုင်းငင်၊
အချိန်ရှိခိုက် လုံ့လစိုက်ရပါမယ်။
ထို့အတူပဲ...
သုံးဆယ့်တစ်ဘုံ သံသရာကြီးထဲမှာလည်း
သတ္တဝါရယ်လို့ဖြစ်လာပြီးတော့
အခွင့်ကောင်းလေးတွေ လက်လွတ်ဆုံးရှုံးပြီး
ဘယ်လိုမှအခွင့်မရတဲ့ ပုဂ္ဂိုလ်မျိုးတွေကတော့
၁။ ငရဲကျနေသူ
၂။ တိရစ္ဆာန် ဖြစ်နေသူ
၃။ ပြိတ္တာ ဖြစ်နေသူ
၄။ ရုပ်ခန္ဓာကြီးမပါတဲ့ ဗြဟ္မာ့ဘုံရောက်နေသူ
၅။ ဗုဒ္ဓသာသနာတော် မထွန်းကားတဲ့
နေရာမှာ လူဖြစ်နေရသူ
၆။ မိစ္ဆာဒိဌိ ဖြစ်သူ
၇။ အသိဉာဏ် ( I Q နိမ့်သူ) မရှိသူ
၈။ ဘုရားမပွင့်တဲ့အချိန်ခါ လူဖြစ်ရသူ ဆိုပြီး
“ရှစ်ယောက်”တောင် ရှိပါတယ်။
အခုအချိန်ဟာ ဗုဒ္ဓဘာသာ၀င် ဖြစ်တာရယ်၊
ဘုရားသာသနာတွင်း ဖြစ်တာရယ်၊
လမ်းကောင်းညွှန်ပြမယ့် ဆရာကောင်း
ရှိနေတာရယ်၊ ဝိပဿနာတရားအားထုတ်ဖို့
အသင့်တော်ဆုံးဖြစ်နေတာရယ်၊
ဒီလို ပြည့်စုံနေမှတော့...
ဒီဘ၀ ဒီခန္ဓာ ဇတ်သိမ်းပြီး,
အနည်းဆုံး အပါယ်လေးပါးလွတ်တဲ့
သောတာပန် အရိယာနွယ် ဖြစ်အောင်
တရားအားထုတ်တဲ့သူဟာ
အခွင့်ကောင်းကို ရအောင် အသုံးချယူသူ ဖြစ်ပါတယ်။
အရှင်နန္ဒမာလာဘိဝံသ (Ph.D)
ဟောကြားသော
ရှစ်ယောက်နှင့်တစ်ယောက် တရားတော်မှ
ကောက်နုတ်ရေးသားပူဇော်ပါသည်။
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment