ဥပေက္ခာစိတ်ထားနိုင်မှ ပတ်ဝန်းကျင်နဲ့အဆင်ပြေမယ်
**********************************
   မြင့်မြတ်သူတို့စံအိမ်ရဲ့ နောက် အရည်အသွေးတစ်ခုကတော့ “ပတ်ဝန်းကျင်နဲ့ အဆင်ပြေခြင်း”ဆိုတဲ့ အရည်အသွေးပါပဲ။ မြင့်မြတ်သူတို့ရဲ့စံအိမ်ဆိုတာ ပတ်ဝန်းကျင်နဲ့အဆင်ပြေရမယ်။
    အိမ်ကြီးအိမ်ကောင်းနဲ့မို့ အပေါ်ယံကြည့်လိုက်လို့ရှိရင်တော့ ခမ်းနားကြီးကျယ်ပါရဲ့၊ ဒါပေမယ့် ဟိုဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဒီဘက်အိမ်နဲ့လည်း ရန်ဖြစ်၊ ဟိုဘက်အိမ်နဲ့လည်းမတည့်၊ ဒီဘက်အိမ်နဲ့လည်းမတည့်၊ ဘာမဟုတ်တာနဲ့လည်း ပြဿနာလုပ်၊ ရန်ရှာ။



    အဲဒီလို ပတ်ဝန်းကျင်နဲ့ အဆင်မပြေဖြစ်နေတဲ့ အိမ်ဆိုရင်လည်း ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ ဘယ်လောက်ပဲ ရာထူးအဆင့်မြင့်မြင့် အဲဒီအိမ်ကို မြင့်မြတ်သူတို့ စံအိမ်လို့ မခေါ်နိုင်တော့ပါဘူး။ အဲဒီအိမ်မှာ နေတဲ့လူတွေကို အဆင့်အတန်းရှိတဲ့လူတွေလို့ မခေါ်နိုင်တော့ပါဘူး။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေအောင်နေနိုင်မှ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေလို့ ခေါ်နိုင်ပါတယ်။ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ အိမ်ကိုမှ မြင့်မြတ်တဲ့ စံအိမ်လို့ ခေါ်နိုင်ပါတယ်။

    အဲဒီလိုပါပဲ၊ စိတ်တည်းဟူသော အိမ်ဟာလည်း ပတ်ဝန်းကျင်နဲ့ အဆင်ပြေရပါမယ်။ စိတ်နဲ့အဆင်ပြေရမယ့် ပတ်ဝန်းကျင်ကတော့ အဆင်းမျိုးစုံ ရူပါရုံ၊ အသံမျိုးစုံ သဒ္ဒါရုံ၊ အနံ့မျိုးစုံ ဂန္ဓာရုံ၊ အရသာမျိုးစုံ ရသာရုံ၊ အတွေ့အထိမျိုးစုံ ဖောဋ္ဌဗ္ဗာရုံ၊ အတွေးအကြံ သဘောတရားမျိုးစုံ ဓမ္မာရုံဆိုတဲ့ အာရုံခြောက်ပါးပါပဲ။

    စိတ်ရဲ့ပတ်ဝန်းကျင်ဆိုတာ အဲဒီ အာရုံခြောက်ပါးပါပဲ။ စိတ်ဟာ အဲဒီ အာရုံခြောက်ပါးနဲ့ အဆင်ပြေအောင် ပေါင်းရမယ်။ စိတ်နဲ့ အာရုံခြောက်ပါးတည်းဟူသော ပတ်ဝန်းကျင်နဲ့ အဆင်ပြေတယ်ဆိုတာ အာရုံခြောက်ပါးကြောင့် စိတ်မှာ နှစ်သက်တဲ့ လောဘလည်းမဖြစ်၊ အမျက်ထွက်တဲ့ ဒေါသလည်းမဖြစ်၊ လောဘအစွန်း ဒေါသအစွန်း နှစ်ဖက်ကို မငြိကပ်ဘဲနဲ့ ဥပေက္ခာစိတ်နဲ့ သိရုံကလေး သိနေတာကို ပြောတာပါပဲ။

    မျက်စိနဲ့ အဆင်းတစ်ခုကို မြင်လိုက်ရလို့ ဒီအဆင်းဟာ နှစ်သက်စရာကောင်းတဲ့ အဆင်းပဲ၊ သာယာစရာကောင်းတဲ့အဆင်းပဲ ဆိုပြီးတော့ သာယာတပ်မက်ငြိကပ် တွယ်တာသွားလို့ရှိရင် လောဘဆိုတဲ့ အစွန်းကို ရောက်သွားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်မပြေတော့ဘူး၊ ဒီအဆင်းကတော့ နှစ်သက်ဖွယ်မကောင်းတဲ့အဆင်းပဲ၊ မုန်းစရာကောင်းတဲ့အဆင်းပဲဆိုပြီးတော့ ဒေါသစိတ်တွေ ဖြစ်နေတယ်ဆိုလို့ရှိရင်လည်း ဒေါသစွန်းကို ရောက်သွားတဲ့အတွက်ကြောင့် ပတ်ဝန်းကျင်နဲ့ အဆင်မပြေဘူးလို့ ခေါ်ရပါတယ်။

    မြင်ရတဲ့အဆင်းနဲ့ ပတ်သက်ပြီးတော့ လောဘလည်းမဖြစ်၊ ဒေါသလည်းမဖြစ်၊ ချစ်တဲ့စိတ်လည်းမဖြစ်၊ မုန်းတဲ့စိတ်လည်းမဖြစ်၊ အလယ်အလတ်ဥပေက္ခာစိတ်နဲ့ မြင်ရုံမျှ၊ မြင်မှန်းသိရုံမျှ၊ အဲဒီလို နေနိုင်တယ်ဆိုရင် ဒါဟာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာပါပဲ။
 
    မြင် မြင်ကာမျှ၊ ကြား ကြားကာမျှ၊ နံ နံကာမျှ၊ စား စားကာမျှ၊ ထိ ထိကာမျှ၊ သိ သိကာမျှ၊ အဲဒီလို “မျှ”ကလေးတွေနဲ့ပဲ နေသွားနိုင်တယ်ဆိုရင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေတာပဲ။ အဲဒီလို ပတ်ဝန်းကျင်နဲ့ အဆင်ပြေဖို့ဆိုတာကလည်း အထူးလုပ်နေရတာ မဟုတ်တော့ဘူး။ စိတ်မှာ သတိအစောင့်အရှောက် ချထားလိုက်လို့ရှိရင် အဆင်ပြေသွားတော့တာပါပဲ။

    စိတ်မှာ သတိအစောင့်အရှောက်ချတယ်ဆိုတာ မြင်လို့ ရှိရင် မြင်တယ်၊ ကြားလို့ရှိရင် ကြားတယ်၊ နံလို့ရှိရင် နံတယ်၊ နံတယ်ဆိုတဲ့ အထဲမှာ မွှေးတာလည်းပါတယ်နော်။ စားလို့ရှိရင် စားတယ်၊ ထိလို့ရှိရင် ထိတယ်၊ သိလို့ရှိရင် သိတယ်လို့ အဲဒီလို ဒွါရခြောက်ပါးမှာ အာရုံခြောက်ပါး ထိခိုက်လာတိုင်း လာတိုင်း မြင်ကြားတွေ့သိကာမျှနဲ့ ပြီးဆုံးသွားအောင်၊ ရပ်တန့်သွားအောင် ရှုမှတ်တာပါပဲ မိမိရဲ့ စိတ်မှာ သတိအစောင့်အရှောက်ချထားရင် ပတ်ဝန်းကျင်နဲ့ အဆင်ပြေပြီးသား ဖြစ်တာပါပဲ။

    တစ်ခါတုန်းက မထေရ်ကြီးတစ်ပါး တရားပွဲတစ်ခုမှာ တရားသွားဟောတယ်။ မထေရ်ကြီးကလည်း တရားဟော အလွန်ကောင်းတဲ့ မထေရ်ကြီးပါပဲ။ “အဘယ”မထေရ်လို့ခေါ်တယ်။ အဲဒီတရားပွဲမှာ သူ့ကို တရားဟောကောင်းတော့ ဒကာ၊ ဒကာမတွေက ပူဇော်ကြ၊ ချီးကျူးကြ၊ အဲဒါကို တောထွက် ရဟန်းအိုကြီးတစ်ပါးက မနာလိုဝန်တို ဖြစ်ပြီးတော့ တရားဟောဓမ္မကထိကမထေရ်ကြီးကို တရားဟောနေတုန်းမှာလည်း အောက်ကနေ အမျိုးမျိုးဆဲဆိုကြိမ်းမောင်းပြီးတော့ နေတယ်။
 
    “ဒီကိုယ်တော် ဘာတွေလျှောက်ပြီးတော့ ဟောနေတာလဲ၊ သူ့စိတ်ထင်တာတွေ လျှောက်ဟောနေတာပဲ”

    တရားပွဲပြီးတော့ ပြန်သွားတော့လည်း အဲဒီ ဆဲတဲ့ရဟန်းအိုကြီးနဲ့ တရားဟောတဲ့ “အဘယ”မထေရ်နဲ့က တစ်လမ်းတည်း အတူတူ သွားရတယ်။ နှစ်မိုင်လောက်ထိတော့ ခရီးအတူတူ သွားရတယ်။ တစ်လမ်းလုံးလည်းပဲ “အဘယ” မထေရ်ကြီးရဲ့ ရှေ့ကနေ အဲဒီရဟန်းအိုကြီးက အဘယမထေရ်ကြီးကို အမျိုးမျိုးဆဲဆိုကြိမ်းမောင်းပြီးတော့ သွားတယ်။

    အဘယမထေရ်ကြီးက ဘာမှ ပြန်မပြောပါဘူး။ နှစ်မိုင် လမ်းဆုံလမ်းခွလေးရောက်တော့ ဆဲတဲ့မထေရ်က ဘယ်ဘက်လမ်းသွားရမယ်။ အဘယမထေရ်က လက်အုပ်ကလေးချီပြီးတော့ အရှင်ဘုရား ကြွရမယ့်လမ်းက ဒီဘက်လမ်းပါဘုရားလို့ လမ်းလေးတောင် ညွှန်ပြလိုက်သေးတယ်။ ဒါပေမယ့် ရဟန်းအိုကြီးက မျက်စောင်းလေးတောင် ထိုးမကြည့်ပါဘူး။ ဘာသိဘာသာ မကြားသလိုနေပြီးတော့ သူ့လမ်းသူ ခြေဆောင့်ပြီးတော့ ထွက်သွားတယ်။

    တကယ်လို့သာ အဘယမထေရ်နဲ့ ကျောင်းချင်းတူတယ်ဆိုလို့ရှိရင် ဆက်ပြီးတော့ ဆဲဦးမှာပဲနော်။ လမ်းခွဲသွားပြီးတော့ ကျောင်းပြန်ရောက်၊ ခြေထောက်ကလေးဆေးပြီး ကွပ်ပျစ်ကလေးပေါ်မှာ အနားယူ အပန်းဖြေနေတဲ့အချိန်မှာ တရားပွဲမှာ ပါသွားတဲ့ အဘယမထေရ်ကြီးရဲ့ တပည့်က မေးတယ်။

    “အရှင်ဘုရား၊ အရှင်ဘုရားကို တရားဟောနေတုန်းမှာလည်း တစ်ချိန်လုံး ဆဲနေတယ်၊ အပြန်လမ်းတစ်လျှောက်လုံးလည်း တစ်ချိန်လုံး ဆဲနေတယ်။ အရှင်ဘုရားက ဘာမှပြန်မပြောဘဲ ငြိမ်နေတယ်၊ ပြန်မပြောဘဲ ငြိမ်နေတော့ အရှင်ဘုရားကို သူပြောတာဟုတ်လို့ ငြိမ်ခံနေတယ်လို့ ထင်သွားမှာပေါ့၊ အကြောင်းသင့်အကျိုးသင့်တော့ ပြန်ပြောဦးမှပေါ့။

    အဲဒီလိုပြောတော့ အဘယမထေရ်ကြီးက ........
    “ငါ့ရှင် ဆဲတဲ့တာဝန်က သူ့တာဝန်၊ သည်းခံတဲ့တာဝန်က ငါ့တာဝန်၊ ဆဲရမယ့်အလုပ်က သူ့အလုပ်၊ သည်းခံရမယ့် အလုပ်က ငါ့အလုပ်၊သူလည်း သူ့အလုပ် သူလုပ်တယ်၊ ငါလည်း ငါ့အလုပ် ငါလုပ်တယ်၊ သည်းမခံနိုင်စရာလည်း ဘာအကြောင်းမှ မရှိပါဘူး။ ဘာလို့လဲဆိုတော့ တရားဟောနေစဉ်မှာရော၊ တရားပွဲပြီးသွားလို့ အပြန်လမ်းတစ်လျှောက်လုံးမှာရော အမှတ်လွတ်နေတဲ့ အချိန်ဆိုတာ ငါ့မှာ တစ်ချိန်မှ မရှိဘူး။

    အထူးသဖြင့် လမ်းမှာ ခြေလှမ်းတိုင်း အမှတ် မလွတ်ပါဘူးကွယ်၊ ခြေလှမ်းတိုင်းမှာ အမှတ်သတိလေးပါနေတဲ့ အတွက်ကြောင့် ဆဲတာ၊ ဆိုတာကို အေးအေးဆေးဆေး သက်သက်သာသာနဲ့ သည်းခံနိုင်ပါတယ်၊ အထူးတလည်ကြီး ဆင်ခြင်တွေးတောပြီးတော့ သည်းခံနေရတာ မဟုတ်ပါဘူး။

    အဘယမထေရ်ကြီး မိမိရဲ့ စိတ်အစဉ်မှာ သတိအစောင့်အရှောက် ချထားတဲ့အတွက်ကြောင့် ဆဲခြင်းဆိုတဲ့ ပတ်ဝန်းကျင်နဲ့ တွေ့ရပေမယ့် ပြန်လည်တုံ့ပြန်မနေတော့ဘူး၊ ဆဲဆိုခြင်းကြောင့် ဒေါသလည်း မဖြစ်ဘူး။

    တရားဟောကောင်းလိုက်တာလို့ လမ်းမှာပြန်လာတဲ့ တခြားမထေရ်တွေကလည်း ချီးကျူးကြတာပါပဲ။ အဘယမထေရ်ကြီး တရားဟောကောင်းလိုက်တာ၊ ဘယ်အချက်ကလေးကတော့ ဘယ်လိုမိတယ်၊ ဘယ်ဥပမာလေးကတော့ ဘယ်လိုမိတယ်၊ စသည်ဖြင့် အဘယမထေရ်ကြီးတရားဟော ကောင်းတဲ့အကြောင်းကို ချီးကျူးနေတဲ့ အသံကို ကြားနေပေမယ့်လည်း အဘယမထေရ်ကြီး သဘောကျ နှစ်သက်တဲ့ လောဘ မဖြစ်ပါဘူး။ သာယာတဲ့စိတ် မဖြစ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်မှာ သတိအစောင့်အရှောက် ချထားလို့ပါ။ ဒါကြောင့် ဒီအရည်အသွေးဟာ အဓိကအကျဆုံးပဲ။

    မြတ်စွာဘုရားရှင်လက်ထက်တုန်းက လကုဏ္ဍကဘဒ္ဒိယ ဆိုတဲ့ မထေရ်တစ်ပါးရှိတယ်။ အဲဒီမထေရ်ကြီးက အရပ်ပုတယ်။ အတိတ်က ကံတစ်ခုရဲ့ အကျိုးဆက်အနေနဲ့ပေါ့။ အသက်ကတော့ ရှစ်ဆယ်ကျော်ပါပြီ။ အရပ်ကလေးပုနေတော့ ကိုရင်ငယ်လေးတွေ၊ ရဟန်းငယ်လေးတွေက မထေရ်ကြီးတွေ့တယ်ဆိုလို့ရှိရင် ပါးကလေးလိမ်ဆွဲလိုက်၊ ခေါင်းကလေးပုတ်လိုက်၊ ပါးစပ်ကလည်း “ဟာ ဘကြီး သာသနာ့ဘောင်ပျော်ရဲ့လား ဘာညာ”နဲ့ စကြတာပေါ့။ ကိုရင်တွေ ဦးပဉ္ဇင်းတွေက စပေမယ့် မထေရ်ကြီးက အပြုံးမပျက်ဘူး။ တည်တည်ငြိမ်ငြိမ်လေးပဲ၊ ဒေါသလည်း မထွက်ဘူး၊ စိတ်ဆိုးတဲ့ အမူအရာလည်း မပြဘူး။ အဲဒီသတင်းကို ရဟန်းတော်များက တရားပွဲမှာ ချီးကျူးနေတဲ့ အသံကြားတော့ မြတ်စွာဘုရားရှင်က ......
 
    “တစ်ခဲနက်ဖြစ်သော ကျောက်တောင်ကြီးဟာ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာက တိုက်ခတ်လာတဲ့ လေကြောင့် မတုန်မလှုပ်သလို အသိလိမ္မာဉာဏ်ပညာရှိတဲ့ ပုဂ္ဂိုလ်တွေဟာလည်း (မိမိရဲ့ စိတ်မှာ သတိအစောင့်အရှောက် အမြဲတမ်းချထားတဲ့ ပုဂ္ဂိုလ်တွေဟာလည်း) လာဘ်ရခြင်း၊ မရခြင်း၊ အခြံအရံရှိခြင်း၊ မရှိခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်းဆိုတဲ့ လောကဓံတရားရှစ်ပါးတို့ကြောင့် ဘယ်သောအခါမှ တုန်လှုပ်ခြင်း မရှိကြပါဘူး”။

    “ပတ်ဝန်းကျင်နဲ့ အဆင်ပြေ”ဆိုတဲ့ နေရာမှာ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားခေါ်တဲ့ အာရုံခြောက်ပါးနဲ့ ကြုံတိုင်းကြုံတိုင်း၊ ဆုံတိုင်းဆုံတိုင်း၊ လောဘ၊ ဒေါသအစရှိတဲ့ ကိလေသာသဘောတရားတွေ ဖြစ်ပွားမလာတာကလည်း တစ်ချက်၊ နောက်တစ်ခုက လောကဓံတရားရှစ်ပါးနဲ့ ကြုံတွေ့လာတဲ့အခါမှာ မတုန်လှုပ်ခြင်း၊ ဒါလည်းတစ်ချက်။

    ဘယ်လိုလောကဓံနဲ့ပဲ ကြုံတွေ့ကြုံတွေ့ မတုန်လှုပ်တော့ဘူးဆိုရင် အဲဒီလူရဲ့စိတ်ဟာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့စိတ်ဖြစ်နေပြီ၊ အဲဒီပုဂ္ဂိုလ်ရဲ့ စိတ်တည်းဟူသောအိမ်ဟာ ပတ်ဝန်းကျင်နဲ့ အဆင်ပြေတဲ့ အိမ်ကလေးဖြစ်နေပါပြီ။ လောကဓံဆိုတဲ့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေဖို့ကလည်း “ဖြစ်တိုင်းမှတ်ရှု၊ သတိပြု၊ စောင့်မှုအစဉ်ထား” ရုံပါပဲ။

    မြင့်မြတ်သူတို့စံအိမ်ရဲ့ နောက်အရည်အသွေးတစ်ခုကတော့ “အမှားအယွင်းကင်းစင်ခြင်း”ဆိုတဲ့ အရည်အသွေးပါပဲ။ မြင့်မြတ်သူတို့ရဲ့အိမ်ဟာ အမှားအယွင်းကင်းစင်ပါတယ်။

    အိမ်ကြီးကတော့ ခမ်းနားကြီးကျယ်ပါရဲ့၊ လုပ်နေတာက မကောင်းမှုဒုစရိုက်တွေ၊ လူ့အသိုင်းအဝိုင်းက လက်မခံတဲ့အလုပ်တွေ၊ တရားဥပဒေနဲ့ မညီညွတ်တဲ့အလုပ်တွေ၊ အဲဒီလိုမှားယွင်းတဲ့အလုပ်တွေ လုပ်နေတယ်ဆိုရင်လည်းပဲ အဲဒီအိမ်ကြီးဟာ ကျက်သရေမရှိတော့ဘူး။ သမ္မာအာဇီဝကျတဲ့အလုပ်၊ ပတ်ဝန်းကျင်က လက်ခံချီးကျူးတဲ့အလုပ်ကို လုပ်နေမှ တန်ဖိုးရှိတယ်၊ ကျက်သရေရှိတယ်၊ ဒါကြောင့် အိမ်ဟာ အမှားအယွင်းကင်းတဲ့အိမ် ဖြစ်ရမယ်။

    မိမိရဲ့ စိတ်ဟာလည်း အမှားအယွင်းကင်းသော စိတ်ဖြစ်ရမယ်။ အမှားအယွင်းဆိုတာ မိစ္ဆာဒိဋ္ဌိတွေကို ပြောတာပါ။ မှားယွင်းတဲ့အယူတွေ ကင်းရမယ်။ မိစ္ဆာဒိဋ္ဌိတရားတွေကတော့ ခြောက်ဆယ့်နှစ်ပါးတောင်ရှိတယ်။ အဓိကအားဖြင့်တော့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိ။

    သဿတဒိဋ္ဌိဆိုတာက သေသွားလို့ရှိရင် ရုပ်ခန္ဓာကြီးကသာ ကျန်ခဲ့တာ၊ စိတ်ကလေးက နောက်ဘဝကူးပြီးတော့ နောက်ဘဝခန္ဓာမှာ ထပ်ပြီးတော့ ဆက်သွားတယ်၊ သေပြီးလို့ရှိရင် အသက်ကောင် လိပ်ပြာကောင်ကလေးက မသေဘဲ နောက်ဘဝအသစ်မှာ ပြန်ဆက်ရှင်သန်တယ်လို့ ယူဆနေတဲ့ အယူအဆဟာ သဿတဒိဋ္ဌိပဲ၊ ဒါလည်း မှားယွင်းသော အယူအဆပဲ။

    ဥစ္ဆေဒဒိဋ္ဌိဆိုတာက သေရင်ပြီးတာပဲ၊ သေရင်ပျက်တာပဲ၊ ဘဝဆိုတာ ပုခက်နဲ့ အခေါင်းကြားပဲရှိတယ်၊ သေပြီးရင် ဘာမှမဟုတ်တော့ဘူး။ ဒီအယူအဆက ဥစ္ဆေဒဒိဋ္ဌိ၊ ဒီဒိဋ္ဌိနှစ်ခုကင်းရမယ်၊ ဒီဒိဋ္ဌိနှစ်ခုရှိနေရင် မိမိရဲ့ စိတ်ဟာ မှားယွင်းနေတဲ့စိတ်ပဲ။ မိမိရဲ့စိတ်အိမ်ဟာ အမှားအယွင်းရှိသော အိမ်ဖြစ်နေပြီ။

    ဝိပဿနာရှုပွားနေတဲ့ ယောဂီများကတော့ တရားရှုမှတ်လို့ ရုပ်တရား၊ နာမ်တရားရဲ့ အဖြစ်အပျက်ကို မြင်ပြီဆိုရင် ပျက်တာကို မြင်လို့ရှိရင် သဿတဒိဋ္ဌိစင်သွားတာပါပဲ။ “ရုပ်တရား၊ နာမ်တရား တွေဟာ ပျက်နေတာပါပဲလား၊ သေလို့ရှိရင် အသက်ကောင်၊ ဝိညာဉ်ကောင်လေး၊ နာမ်တရားလေးက နောက်ဘ၀ လိုက်သွားတယ်ဆိုတာ ဘယ်ဟုတ်ပါ့မလဲ၊ အခု မသေသေးဘဲနဲ့တောင် ခဏခဏ ပျက် ပျက်ပြီးနေတာ” အဲဒီလိုအားဖြင့် အပျက်ကိုမြင်ရင် သဿတဒိဋ္ဌိ စင်သွားတယ်။

    အဖြစ်ကိုမြင်လို့ရှိရင် ဥစ္ဆေဒဒိဋ္ဌိစင်သွားတယ်၊ “ဖြစ်ပြီး ပျက်သွားရုံပဲလို့ ထင်တာ ဘယ်ဟုတ်ပါ့မလဲ၊ ပျက်ပြီးလည်း ထပ်ဖြစ်လာသေးတာပါလား”၊ ရုပ်နာမ်တွေ အသစ်အသစ် ထပ်ထပ်ပြီးဖြစ်တာကို မြင်တော့ ဥစ္ဆေဒဒိဋ္ဌိစင်သွားပါတယ်။ ဒါကြောင့် ဝိပဿနာအလုပ်ကို ပိုင်ပိုင်နိုင်နိုင်ကြီး အားထုတ်လို့ ဒီအမှားအယွင်းနှစ်ခု ကင်းစင်သွားပြီးဆိုရင် မိမိရဲ့ စိတ်ဟာ မြင့်မြတ်သူတို့ရဲ့ စံအိမ်ဖြစ်သွားပါပြီ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
မြင့်မြတ်သူတို့၏စံအိမ် - စာစုမှ၊
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ