❝ ပူသည့်မျက်နှာမှ
အေးသည့်မျက်နှာသို့ ❞
---------------------------------
မျက်နှာက သုံးမျိုးရှိပါတယ်။
ပူသည့် မျက်နှာရယ်၊
အေးသည့် မျက်နှာရယ်
မပူမအေး မျက်နှာရယ်ပါ။



တစ်ချို့များ မျက်နှာ မြင်လိုက်ရရင်ပဲ
သူ့မျက်နှာမှာ အအေးဓတ်က
အထင်းသား ပေါ်နေတာပါ။
မျက်နှာက ကြည်နေတာပါ။

သူတင်လား ဆိုတော့ မဟုတ်ပါဘူး။
မြင်ရတဲ့ သူရဲ့ရင်ကို အေးသွားတာပါ။

ကုသိုလ်တွေ ရင်ထဲမှာပြည့်နေမယ်၊
စိတ်ထားလေးတွေ ကောင်းနေမယ်ဆိုရင်
အေးတဲ့မျက်နှာကို ရနေတာပါ။

တစ်ချို့ကျတော့
မျက်နှာမြင်လိုက်ရတာနဲ့
သူ့မျက်နှာမှာ အပူဓတ်က
အထင်းသား ပေါ်နေတာပါ။
မြင်ရတဲ့သူ ရင်ထဲကိုတောင်
ပူချင်ပူ သွားတာပါ။

အကုသိုလ်တွေ ရင်ထဲမှာ ပြည့်နေမယ်၊
စိတ်ထားလေးတွေ ညံ့နေမယ်ဆိုရင်
ပူတဲ့မျက်နှာကို ရနေတာပါ။

စကားလုံး လှလှတွေ
အမူအရာ ကောင်းကောင်းတွေနဲ့
ဘယ်လောက်ပဲ
ဟန်ဆောင်ထားနိုင်ပေမဲ့
မျက်နှာမှာတော့ ညာလို့ မရပါဘူး။

အကုသိုလ် သိပ်များနေတဲ့သူရဲ့
မျက်နှာဟာ… ကြည်ကြည်လင်လင်ကို
မရှိပါဘူး။
မျက်နှာကြည့်ရုံနဲ့ သိပ် သိသာပါတယ်။

ရုပ်လှတာ မလှတာ၊
အသားဖြူတာ၊ မဖြူတာနဲ့လည်း
မဆိုင်ပါဘူး။

မျက်နှာမှာကို အပူဓတ်က
သိသာ ပေါ်လွင်နေတာပါ။

အကောင်းဆုံး အလှပြင်ဆိုင်ကို
သွားပြီး… အကောင်းဆုံး
ပြင်ထားဦးတော့၊
ရင်ထဲမှာ အကုသိုလ်တွေ ရှိနေရင်
စိတ်ထားတွေ ညံ့နေရင်
အပူမျက်နှာပဲ ဖြစ်နေမှာပါ။
အအေးမျက်နှာကို မရနိုင်ပါဘူး။

တစ်ချို့ကျတော့ တစ်ခါတစ်လေ
ကုသိုလ်စိတ် ဖြစ်လိုက်၊
တစ်ခါတစ်လေ
အကုသိုလ်စိတ် ဖြစ်လိုက်
စိတ်ထား ကောင်းလိုက်
စိတ်ထား ညံ့လိုက်နဲ့
အဲလို လူမျိုးရဲ့ မျက်နှာ
မပူမအေး မျက်နှာပါ။

စာဖတ်သူကော မျက်နှာသုံးမျိုးထဲက
ဘယ်မျက်နှာမျိုးထဲမှာ ပါ ပါသလဲ ?

စာရေးသူကတော့ တစ်ခါတစ်လေ
ပူတဲ့ မျက်နှာဖြစ်လိုက်
တစ်ခါတစ်လေ အေးတဲ့မျက်နှာ
ဖြစ်လိုက်နဲ့ပါ။

ပူတဲ့မျက်နှာ ဖြစ်နေတယ်ဆိုရင်
ကိုယ့်ကိုယ်ကိုယ် သိနေတာပါ။

အဲဒီ နေ့တွေများဆို
ပရိတ်သပ်နဲ့ မတွေ့ချင်ပါဘူး။
အားနာလို့ပါ။

တွေ့ဖြစ်ခဲ့လျှင်လည်း
အဆင်မပြေ ဖြစ်တတ်လွန်းလို့ပါ။

အအေးမျက်နှာ ရပြီဆိုရင်တော့
ဘယ်သူနဲ့ပဲ ဆက်ဆံဆက်ဆံ
အစစ အရာရာ
အဆင်ပြေနေတတ်ပါတယ်။

အမှန်တော့ ကိုယ့်မျက်နှာကိုယ်
(မှန်ကြည့်သောအခါ)
ရေချိုးခန်းထဲမှာ တံခါးပိတ်ပြီး
အသေချာကြည့်ရင် သိသာပါတယ်။

တကယ်လို့ ကိုယ့်မျက်နှာဟာ
ပူတဲ့မျက်နှာ ဖြစ်နေရင်
ဘာမှ အားငယ်စရာ မလိုပါဘူး။
အေးတဲ့မျက်နှာ ဖြစ်အောင်
ပြုပြင်ယူလို့ ရပါတယ်။

ကိုယ်က အေးတဲ့မျက်နှာ
ရှိချင်တဲ့သူ ဖြစ်ဖို့ပဲလိုပါတယ်။

အေးတဲ့မျက်နှာ ဖြစ်ဖို့အတွက်တော့
လွယ်တဲ့ ကမ္မဋ္ဌာန်း တစ်ခုခုကို
အမြဲနှလုံးသွင်း နေလိုက်ရုံပါပဲ။

ခက်တဲ့ ကမ္မဋ္ဌာန်းဆို မလုပ်ဖြစ်မှာ
ဆိုးလို့ပါ။

ဥပမာ - နေမာတဿ ကို
အချိန်များများ
ပွားနေလိုက်မယ် ဆိုရင်လည်း
ရပါတယ်။

ထမင်းချက်ရင်းလည်း ပွားလို့ရတာပါပဲ။
ဈေးရောင်းရင်းလည်း ပွားလို့ရတယ်။
ဈေးဝယ်ရင်းလည်း ပွားလို့ရပါတယ်။

သွားရင်းလာရင်းလည်း ပွားလို့
ရနေတာပါပဲ။ နောက်ဆုံး
ရေချိုးခန်း ဝင်ရင်းနဲ့လည်း
ပွားလို့ရနေတာပါပဲ။

တစ်ခါတစ်လေ မကောင်းတဲ့စိတ်
တစ်ခုခုများ ဝင်ခဲ့ရင်
ချက်ချင်းပဲ နမောတဿ ကို
ဆယ်ခေါက်လောက် ပွားပစ်လိုက်ပါ။

မကောင်းတဲ့စိတ် ဝင်လိုက်တာနဲ့
နမောတဿ ပွားလိုက် နဲ့
ကြာလာတော့…
မကောင်းတဲ့ အကုသိုလ် စိတ်ဝင်မူ့တွေ
လျော့ သွားပါလိမ့်မယ်။

မကောင်းစိတ်တွေ လျော့လျော့သွားရင်
မျက်နှာက အပူဓတ်တွေပါ
လျော့လျော့သွားတာပါ။

ပွားရင်း၊ ပွားရင်းနဲ့ မျက်နှာမှာ
အအေးဓတ်က ပေါ်လာတာပါ။

အဲဒီအခါမှာ မှန်ထဲပြန်ကြည့်ရင်
အအေးဓတ်နဲ့ ကိုယ့်မျက်နှာကိုယ်
ကျေကျေ နပ်နပ်နဲ့ တွေ့ရတော့မှာပါ။

ပွားစမှာတော့ အအေးမျက်နှာကို
ချက်ချင်း ရဦးမှာ မဟုတ်ပါဘူး။
ပွားတဲ့ အထုံ ရက်ကလေး
ကြာလာမှ ရလာမှာပါ။

ကိုယ်က အလုပ်တစ်ခု အနေနဲ့
ပွားနေဖို့ ပါပဲ။

အအေးဓတ်မျက်နှာ ရသွားပြီဆိုရင်
နေရထိုင်ရတာကစ
ပေါ့ပေါ့ ပါးပါးကို ရှိသွားတော့ တာပါ။

လောကရဲ့ သဘောအရ
အေးတဲ့ မျက်နှာရှိတဲ့ သူကိုပဲ
လူတွေက ဆက်ဆံချင် ကြတာပါ။

ပူတဲ့မျက်နှာ ရှိတဲ့သူကို
အလုပ်သဘောအရ ဆက်ဆံရဦးတော့
မဆက်ဆံချင်ကြပါဘူး။

ကိုယ်က ဒီ အကျိုးအပစ်လေးတွေကို
အာရုံပြုပြီး… အေးတဲ့မျက်နှာ ဖြစ်အောင်
အသိနဲ့ ပြုပြင်ယူရမှာပါ။

ပုထုဇဉ်တွေ ဆိုတော့လည်း
အမြဲတမ်း အေးတဲ့မျက်နှာ
ဖြစ်နေဘို့ဆိုတာ မလွယ်ပါဘူး။

တစ်ခါတစ်လေ
ဒေါသကြောင့်ပဲ ဖြစ်ဖြစ်
ဣဿာ မစ္ဆရိယ ကြောင့်ပဲဖြစ်ဖြစ်
ကိုယ့်ရဲ့ မျက်နှာက ပူတဲ့မျက်နှာ
ဖြစ်သွားတတ်ပါတယ်။

ကိုယ့်မျက်နှာ ပြောင်းလဲသွားပြီဆိုတာနဲ့
ကိုယ်က သိလိုက်ဖို့ပါပဲ။
သိပြီးရင် ပြုပြင်ယူသွားဖို့ပါပဲ။

ကိုယ်က အေးတဲ့မျက်နှာ ရထားရင်
အနုပညာ အလုပ်ကိုပဲ လုပ်လုပ်၊
ဈေးပဲရောင်းရောင်း၊ စာပဲသင်သင်
ဆိုက်ကားပဲနင်းနင်း၊
ဘာစီးပွားရေးပဲလုပ်လုပ်
ကိုယ့်ရဲ့အလုပ်ကို အအေးမျက်နှာက
အထောက်အပံ့တွေ ပေးနေတာပါ။

ဘာပဲပြောပြော ရင်ထဲမှာ
အကုသိုလ်စိတ်တွေ ဖြစ်မနေအောင်
လွယ်ကူတဲ့ ကမ္မဋ္ဌာန်း တစ်ခုခုကို
အမြဲ နှလုံးသွင်းနေဖြစ်ရင်
အအေးမျက်နှာကို ရနေတာပဲလေ။

တကယ်တော့ ဇနီး၊ ခင်ပွန်း၊ သားသမီး
ရာထူး၊ အာဏာ၊ ငွေကြေး
အရာအားလုံးဟာ ဘာမှ မမြဲပါဘူး။

မမြဲတဲ့ သဘောတရားတွေကို
မမြဲဘူးလို့ ကိုယ်က သိလိုက်ဖို့ပါပဲ။

အဲဒီမမြဲတာတွေကိုပဲ အမှီပြုပြီး
လောဘ၊ ဒေါသ၊ ဣဿာ မစ္ဆရိယ
ဖြစ်နေတာကိုက
သိပ်ပြီးရှက်ဖို့ ကောင်းတာပါ။

ပြီးတော့ သေရင်
ကိုယ့်နောက်ပါမှာ ကျနေတာပဲ။

မမြဲတဲ့ သဘောတရားကို သိတတ်တဲ့
ဉာဏ်ဓတ်ဟာ…
နောက်ဘ၀ နောက်ဘ၀ တွေ
အထိလည်း… အထုံဓတ် ပါသွားမှာပါ။

နောက်ဘ၀ နောက်ဘ၀ မှာလည်း
အထုံဓတ်က ပါလာတာဆိုတော့
မမြဲတဲ့ သဘောတရားတွေကို
သတိဉာဏ် ပွင့်ပြီး …
နောက်ဘ၀ နောက်ဘ၀ တွေမှာလည်း
တရားတွေ အားထုတ်ဖြစ်ရ ဦးမှာပါ။

နောက်ဘ၀ နောက်ဘ၀ တွေမှာ
တရားတွေ အားထုတ်ဖြစ်ပြီး
နေက္ခမ္မ ပါရမီ
(နေက္ခမ္မ ပါရမီ ဆိုသည်မှာ
လောဘ စတဲ့ အကုသိုလ်တရားတွေကို
ကိုယ့် သန္တာန်မှာ မရှိအောင် လုပ်တာပါ)
ကိုလည်း ဆင့်ကာ ဆင့်ကာ
ဖြည့်ကျင့် နေကြဦးမှာပါ။

နေက္ခမ္မ ပါရမီတွေ ဖြည့်ရင်း ဖြည့်ရင်းနဲ့
တစ်ဆင့်ထက် တစ်ဆင့် မြင့်လာပြီး
ပါရမီတွေ ပြည့်လာတဲ့ အခါ
ဘဝရဲ့ တကယ့် ပန်းတိုင်ဖြစ်တဲ့
မဂ်ဖိုလ် နိဗ္ဗာန်ကို ရောက်ရှိသွားတော့
မှာပါပဲလေ ……။

ရဝေနွယ် - အင်းမ
(ဓမ္မလက်ဆောင်)
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်