ဖယောင်းတိုင်လေးနှင့်တူသော မိဘနှစ်ပါးရဲ့မေတ္တာ
♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠♠
  သားသမီးနှင့်ပတ်သက်လာရင် မိဘများဟာ သူတို့ဘဝကို ဖယောင်းတိုင်လေးလို သနားခါးတုံးလေးလို အနွံအတာခံ၊ အဆင်းရဲခံပြီး ချစ်သွားကြတယ်။ လောကမှောင်တဲ့အခါ ထွန်းကြတဲ့ ဖယောင်းတိုင်လေးကိုကြည့်၊ ပတ်ဝန်းကျင် အလင်းရဖို့အတွက်၊ သူတစ်ပါးအကျိုးအတွက် သူ့ဘဝကို မီးရှို့ခံပြီး အလင်းပေးသွားတယ်။ သနားခါးတုံးလေးလည်း ကြည့်ပါဦး၊ သူတစ်ပါးလှပဖို့ ရနံ့သင်းဖို့အတွက် သူ့ဘဝလေး ကျောက်ပြင်ပေါ် အသွေးခံ အကုန်အပျောက်ခံသွားရှာတယ်။ အဲဒီ ဥပမာအတိုင်းပဲ မိဘများက သားသမီးအပေါ်မှာ အနွံအတာအပင်ပန်းအဆင်းရဲခံသွားတယ်။





   သူ့တို့ကိုယ်တိုင်က အသုံးလုံးမကျေ စာမသင်ခဲ့ရပေမယ့် သားသမီးကျ ဘွဲ့ရပညာတတ်ကြီး ဖြစ်စေချင်တယ်။ သူတို့ကိုယ်တိုင်က ထမင်းကြမ်းခဲ ယပ်ခတ်စားနေရငြားလည်း သားသမီးကျ ဆီဦးထောပတ်စားရတာ နတ်သုဒ္ဓါစားရတာ ဖြစ်စေချင်တယ်။ သူတို့ကိုယ်တိုင်က တဲကုပ်ထဲမှာ နေရသော်လည်း သားသမီးကို ရွှေနန်းဗိမ္မာန်ဖြင့် စံစေချင်တယ်။ ဒါကြောင့် ပညာသင်ပေးရမယ့်အရွယ်မှာ ပညာအမွေတွေပေးတယ်။ ဥစ္စာရှာရမယ့်အချိန် ဥစ္စာအရင်းအနှီး စိုက်ထုတ်ပေးတယ်။ ဘာသာရေးအသိအလိမ္မာ ပေးရမည့်အခါ ဓမ္မအမွေပေးတယ်။ အစစအရာရာ သားသမီးအတွက် ဘဝတစ်ခုလုံး အဆင်းရဲခံ ချစ်သွားတာ မိဘမေတ္တာပါ။

   ဖယောင်းတိုင်လေးနှင့်တူသော မိဘနှစ်ပါးရဲ့မေတ္တာ။
   သနပ်ခါးတုံးကလေးနှင့်တူသော မိဘနှစ်ပါးရဲ့ မေတ္တာ။

   ပညာရှိများက ပြောဆိုထားတယ်။ ပေးသောလက်သည် မိဘလက်ဖြစ်၍ ယူသောလက်သည် သားသမီးလက်သာ ဖြစ်သည်တဲ့။ စုန်ရေ ဆိုတဲ့စကားလို သားသမီးအပေါ်မှာ အမြဲတမ်းကျလျက်စုန်လျက်ပါ။ မိဘက သားသမီးအပေါ်မှာ ချစ်တဲ့အချစ်က အသုံးကျစေချင်တဲ့ အချစ်၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ရပ်ရေးရွာရေး၊ ဘာသာရေး၊ သာသနာရေး၊ အားလုံးနေရာတိုင်းမှာ အသုံးကျစေချင်တယ်။ အရာရောက်စေချင်တယ်။ ထက်မြက်ကျော်ကြားစေချင်တယ်။ ခင်ပွန်းဇနီးအချစ်က အသုံးချချင်တဲ့ အချစ်၊ ခင်ပွန်းက ဇနီးကို ချက်ခိုင်းပြုတ်ခိုင်းပြုစုခိုင်းမယ်။ အဲဒါ အသုံးချတာ။ ဇနီးက ခင်ပွန်းကို စီးပွားရှာခိုင်းမယ်။ အဲဒါ အသုံးချတာ။ အိုးအိမ်တိုက်တာ၊ ရွှေငွေများများရအောင် ရှာခိုင်းမယ်။ အဲဒါ အသုံးချတာ။ ကျန်တဲ့ ပတ်ဝန်းကျင် အချစ်တွေကလည်း အသုံးချချင်တဲ့ အချစ်တွေပဲများတယ်။ ဒါကြောင့် ကျေးဇူးတရား အလွန်ကြီးမားသည့် မိဘရဲ့ကျေးဇူးကို သိရှိကြပြီး ကိုယ်စွမ်းနိုင်သလောက် ပြန်လည် ကျွေးမွေးကာ ပြုစုစောင့်ရှောက်ကြရမယ်။

   အစ်ကို၊ အစ်မ၊ ညီ၊ ညီမအရွယ်တွေ မှတ်လိုက်စမ်းပါ။ အဖေတို့ အမေတို့ မသေခင် ဝအောင်လည်းကျွေးလိုက်ပါ။ လှအောင်လည်းဆင်လိုက်ပါ။ တချို့က အဖေအမေကို ဝအောင်ကျွေးဖို့ နေနေသာသာ မကျွေးတဲ့အပြင် အဖေအမေရဲ့ အိမ်ကိုလာပြီဆိုရင် အမေ ထမင်းလေးဘာလေး မကျန်ဘူးလား။ အမေ ဟင်းလေးဘာလေး မကျန်ဘူးလား။ ပြောပြောဆိုဆိုနဲ့ မီးဖိုချောင်ထဲဝင်ပြီး ရှိတဲ့ ထမင်းဟင်းတွေအကုန်လုံး ခူးခပ်လှန်လှော စားသွားတယ်။

   မိဘနှစ်ပါးကို ဝအောင်ကျွေးသလို လှအောင်လည်းဆင်ရမယ်။ တချို့က ကိုယ်သာဝမ်းဆက်တစ်စုံပြီး တစ်စုံ ဝယ်ချုပ်နေတာ မိဘကျ ဝယ်ဆင်ရမှန်းမသိကြဘူး။ ကိုယ်ငါးစုံချုပ်လို့ မိဘတစ်စုံချုပ်ပေးတဲ့ သားသမီးက ခပ်ရှားရှား၊ အဖေတို့အမေတို့အရွယ်က အသက်ကြီးပါပြီ။ အဝတ်ကောင်းတွေ မလိုတော့ပါဘူး။ တော်ရုံသင့်ရုံဝတ် ပြီးတာပါပဲဟု ဆင်ခြေကလည်း များလှပါဘိ။

   မသေခင် ပြုစုကြရတာ၊ သေသွားရင် ပြုစုခွင့် မရကြတော့ဘူး။ အဖေအမေ မသေခင်မှာ ရနိုင်တဲ့ ကုသိုလ်၊ အဖေအမေ မသေခင်ရအောင် ယူပါ။ တခြားတခြား ဘုရားတည်ကျောင်းဆောက်တဲ့ ကုသိုလ်တွေက ဘယ်တော့မဆို ပြုနိုင်ပါတယ်။ အဖေအမေကို မှီပြီးမှ ရနိုင်တဲ့ကုသိုလ်ကျ အဖေအမေရှိတုန်းမှသာ ရယူနိုင်တာ။ လောကမှာ တခြားအရာတွေ အစားထိုးရပေမယ့် အဖေအမေကို အစားထိုးမရဘူး။ လင်သေရင် လင်စားရမယ်။ အဖေသေရင် အဖေစားမရနိုင်။ မယားသေရင် မယားအစားရမယ်။ အမေသေရင် အမေအစားမရနိုင်။

   `` မိဘမျက်ရည်တစ်စက်၊ သားသမီး ဆင်းရဲတစ်သက် ”   တဲ့။ မိဘမျက်ရည်ကျအောင် ပြုလုပ်တဲ့ သားသမီး ဘယ်တော့မှမကြီးပွား တစ်သက်လုံးဆင်းရဲပြီဟု မှတ်ပါ။

   ဒါကြောင့် အစ်ကို၊ အစ်မ၊ ညီ၊ ညီအမများ၊ သားကောင်းသမီးမြတ်၊ သားလိမ္မာသမီးလိမ္မာ၊ သားရတနာ သမီးရတနာများ ဖြစ်ရအောင် မိဘနှစ်ပါး မသေခင် ဝအောင်ကျွေးကြပါ။ လှအောင်လည်း ဆင်ကြပါ၊ ပျော်အောင်လည်း ထားကြပါ။

   မိဘကို မသေခင်ကျွေးပါ။ သေကာမှ ငိုမနေနဲ့ ဆိုတဲ့စကားအတိုင်း မသေခင် မိဘစားချင်တာ၊ မိဘကျန်းမာရေးနဲ့ သင့်တော်တာ ကျွေးရမယ်။ မိဘသေမှ ငိုတာသည် မိဘကို တကယ်ချစ်ခင် ကြင်နာ၍ မဟုတ်၊ အများအထင်ကြီးအောင် အများသနားအောင် ဟန်ဆောင်နေခြင်းသာ ဖြစ်ပါတယ်။

   အမွေလုတာ အကြောင်းပြုပြီး တစ်သက်လုံး မခေါ်နိုင်မပြောနိုင် ဆွေခန်းပြတ်၊ မျိုးခန်းပြတ် ဖြစ်ကြတာတွေလည်း အများကြီးပဲ။ ဒါကြောင့် ရှေ့လူကြီးသူမများက အမွေလို့ မခေါ်ဘူး။ အမွှေ လို့တောင် နာမည်ပေးကင်ပွန်းတပ်သွားသေးတယ် မဟုတ်လား။ နောက်တစ်မျိုး ကြားဖူးသေးတယ်။

   အမေဖြစ်သူလည်း သေကော သမီးဖြစ်သူ အကြီးမက အမေ့နားနားကပ်ငိုရင်း နားကပ် ဖြုတ်ယူတယ်။ ဒါကို အငယ်ဖြစ်သူမြင်တော့ ဟိုကောင်မ နားကပ်ဖြုတ်ယူနေပြီ။ ငါ့အတွက် ကျန်မှာမဟုတ်ဘူးဆိုပြီး သူကလည်း အမေ့ရင်ဘတ်ကပ်ငိုရင်း ဆွဲကြိုး ဖြုတ်ယူတယ်။ သူတို့လိုချင်တာအကုန် ချွတ်ယူပြီး နောက်ဆုံး အမေ့ခါးမှာ ဝတ်ထားတဲ့အဝတ်တောင် ကောင်းတာယူထားကာ မကောင်းတဲ့အစုတ် ထည့်လိုက်တယ်။ မသေခင် အမေ့ကို နှိပ်စက်ရတာအားမရလို့ သေတဲ့အထိလိုက်နှိပ်စက်တော့ သေတဲ့သူက ဒီရွှေတွေ အဝတ်အထည်တွေပေါ် စွဲခဲ့ရင် ခက်ကောင်းခက်ရချည်ရဲ့။

   သူတော်ကောင်းအပေါင်းတို့ မိဘကျေးဇူးသည် ရေထုထက်မကများတယ်။ မြေထုထက်မကကြီးတယ်။ လေထုထက်မက သာတယ်။

   ရေထုမြေထုထက် နှိုင်းယှဉ်၍မရသည်ကား မိဘကျေးဇူး၊ ဒီကျေးဇူးတရားတွေကို သိရှိနားလည်ကြပြီး ရဟန်းပဲဖြစ်ဖြစ်၊ လူပဲဖြစ်ဖြစ် တတ်နိုင်သမျှ ပြန်လည်ကာ ကျေးဇူးဆပ်ရမယ်။

   ရေထုမြေထု လေထုပုံနှယ်
   မိဘကျေးဇူး အထူးကြီးတယ်
   ရဟန်းဖြစ်စေ လူဖြစ်စေကွယ်
   မိဘကျေးဇူး ဆပ်ဖူးကြရမယ်။

   သူတော်ကောင်းတို့ မိဘကျေးဇူးဆပ်တာကို မြတ်စွာဘုရား သာဓုခေါ်တော်မူတယ်။ မိဘကျေးဇူးဆပ်တာသည် ဘုရားရှင်များလျှောက်တဲ့ လမ်းကောင်းလမ်းမြတ်ပေါ် လျှောက်နေတာတဲ့။ ဘုရားမြတ်စွာ စသည့် အရိယာသူမြတ်တို့လည်း မိဘကျေးဇူး အထူးဆပ်ခဲ့ကြဖူးတယ်။ ဒါကြောင့် သူတော်ကောင်းတို့ မိဘကျေးဇူးကို သိပါ။ သိသည့်အလျှောက်လည်း စွမ်းနိုင်သမျှ ကျွေးမွေး ပြုစု စောင့်ရှောက်ကြပါ။

---------------------
   အရှင်ကောသလ္လ (ဇလွန်)
   (ဇမ္ဗူဒိပ် ဂျာနယ်)
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ