အသက်ကြီးရင် အဖော်လိုတယ်
✅✅✅✅✅✅✅✅✅✅

အသက်အရွယ် ရလာတဲ့အခါ "အဖော်"
ဆိုတာ အမှန်တကယ် လိုအပ်ပါတယ်။

လောကအဖော်နဲ့ တရားအဖော်ဆိုတာ အသက်ကြီးလာရင် မဖြစ်မနေ လိုအပ် တော့တာပါပဲ။


အသက်ကြီးလာတာနဲ့အမျှ မိမိရဲ့ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေဟာလည်း တစတစ အိုမင်း ရင့်ရော်လာကာ အားအင်တွေလည်း ဆုတ်ယုတ် လာတော့တာပါပဲ။

နားအာရုံ အမြင်အာရုံတွေပါ ချို့ယွင်းလာပြီး ရံဖန်ရံခါ သတိတွေတောင် မေ့တတ်တဲ့အထိ ဖြစ်ကြတာပဲလေ။

ဒါက ဘာလို့လည်းဆိုတော့ အသက်အရွယ်ကြောင့်ပါပဲ။

ဒီလိုအခြေနေမျိုးနဲ့ ကြုံလာရတော့ ကိုယ် တစ်ယောက်တည်းနဲ့ စားသောက်နေထိုင် ဖို့ရာအတွက် အဆင်မပြေတော့ပါဘူး။

မိမိကိုတွဲဖို့ ထူဖို့ ကူညီစောင့်ရှောက်ဖို့ အဖော် လိုလာပါတယ်။ တစ်ယောက်တည်းနဲ့မှ မဖြစ် တော့တာကိုး။ လိုပြီပေါ့။

ပုံမှန်သွားလာနေကျ နေရာမျိုးတောင်မှ အဖော်ဆိုတဲ့ တောင်ဝှေးပါမှ အဆင်ပြေ
တာလည်း ရှိတာပေါ့။

ရံခါ အိမ်ကိုအလည်လာတဲ့ ဧည့်သည်တွေနဲ့ စကားပြောတဲ့အခါတောင် ကိုယ်က အကြား အာရုံ ချို့ယွင်းပြီဆိုတော့ …

အနားမှာ သူတို့ပြောတဲ့စကား ပြန်ပြောဖို့ စကားပြန်တစ်ယောက်လောက်ရှိနေမှ စကားပြောရတာ အဆင်ပြေတာမျိုးလည်း ရှိတတ်ပါတယ်။

ဘုရားရှင်လက်ထက်တော်က ဗာကုလ မထေရ်မြတ်ဟာ သက်တော် ၁၆၀ ထိ ရှည်ပါသတဲ့။

သက်တော် ၁၆၀ ထိရှည်ပေမယ့်
ဘယ်သူမှမကူရ မထူရ မတွဲရပါဘူးတဲ့။

သက်တော်ကြီးပေမယ့် မအိုဘူးလို့တောင် ဆိုရမလိုပါပဲ။ ဘယ်သူမှလည်း ပြုစုလုပ်ကျွေး
စရာလည်း မလိုပါဘူးတဲ့။ အကုန်ပြည့်စုံပါသတဲ့။
ဘာမဆိုလည်း ပိုလျှံနေတာချည်းပါပဲတဲ့။

ကုသိုလ်ပြုစဉ် ဒါနပြုစဉ် ပါရမီဖြည့်စဉ်တုန်းက ပြည့်စုံပိုလျှံနေအောင် ပြုခဲ့ ဖြည်ခဲ့တာဖြစ်လို့ ပြန်အကျိုးပေးတော့လည်း ပိုလျှံနေအောင် အကျိုးပေးတာပေါ့။

ဒါကိုကြည့်ရင် ဘုန်းကံပါရမီ ကြီးမားတဲ့သူအဖို့ အခြားလူတွေ မပြောနဲ့။ တုတ် တောင်ဝှေး
တောင် မလိုအပ်ဘူးလို့ ပြောလို့ရပါတယ်။

သူ့မှာ ကုသိုလ်ကံအဖော်က ရှိနေတော့ အပြင်က အဖော် မလိုအပ်တော့ဘူးပေါ့။

လိုစရာမရှိအောင်လည်း ကုသိုလ်ကံ
အဖော်က ပြည့်နေတာကိုး။

ဒါ့ကြောင့် အသက်ကြီးလာရင် အတိတ်ကံ ကုသိုလ်အဖော်လည်း လိုအပ်သလို ပစ္စုုပ္ပုန် ကုသိုလ်အဖော်လည်း လိုအပ်ပါတယ်။

ကိုယ့်မှာ အတွင်းဖော်လို့ ပြောနိုင်တဲ့ ကုသိုလ်ကံ အဖော်ရှိနေရင် …

အပြင် အဖော်ကောင်းတွေဆိုတာလည်း အလိုလိုပြည့်စုံပြီးသား ဖြစ်နေတတ်ပါတယ်။

ကုသိုလ်တရားကို ကိုယ်က တောင့်တမြတ်နိုး
သလောက် ကုသိုလ်ကံတရားကလည်း ကိုယ့်အပေါ် အားလုံးရယူပေးပါလိမ့်မယ်။

ကုသိုလ်ပြည့်စုံရင် အားလုံး
ပြည့်စုံတော့တာပါပဲ။

ကုသိုလ်ကံဟာ အပြင်ဖော်ဆိုတာ
တွေကိုလည်း ဖန်တီးပေးနိုင်သလို

သူကိုယ်တိုင်ကလဲ အဖော်အဖြစ်
နေပေးနိုင်တဲ့ အစွမ်းရှိပါတယ်။

အသက်ကြီးရင် အဖော်လိုတယ်ပြောလို့ အသက်ကြီးမှ ကုသိုလ်နဲ့နေရမယ် ကုသိုလ် ပြုရမယ်လို့ ပြောတာမဟုတ်ပါဘူး။

သိတတ်တဲ့အရွယ် သိတတ်တဲ့အချိန်ကစပြီး ကုသိုလ်ပြုနေတာ အကောင်းဆုံးပါပဲ။

ကုသိုလ်ဟာ စိတ်တင်မကပါဘူး။
ရုပ်ကိုလည်း အားပြည့်စေပါတယ်။

အိုသည်အထိ သေသည်အထိ တစ်သက်လုံး ဖြည့်ပေးနေရမှာကတော့ ကုသိုလ်ပါပဲ။

ဒီလိုကုသိုလ် အားဖြည့်ပေးရင် ငယ်စဉ်က
စပြီး အိုသည်အထိ ကိုယ်နဲ့ထပ်ကြပ်မကွာ လိုက်ပါနေမယ့် အဖော်ကတော့ ကုသိုလ် တရားပါပဲ။

ယောဆရာတော်ဘုရားကြီး

#Credit - Snow
----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်