ဘဝဆည်းဆာ
**********
ဘဝဆည်းဆာဆိုတဲ့ နေဝင်ချိန်
နားကပ်လာပြီ ဆိုရင်တော့
လူတွေဟာ ဒုက္ခရောက်ကြရတော့တာပါပဲ။
အာဏာရှိတဲ့သူရော၊ အာဏာမဲ့တဲ့သူပါ
ချမ်းသာတဲ့သူရော၊ ဆင်းရဲတဲ့သူပါ
အတူတူပဲ။
ဘဝဆည်းဆာ ရောက်လာပြီဆိုရင်တော့
ကယ်မယ့်သူနဲ့ အလှမ်းဝေးလာပြီ။
“အတာဏော လောကော အနဘိဿရော”
တဲ့။
မြတ်စွာဘုရားက လောကကြီးဟာ
အကာအကွယ် မဲ့နေတယ်။
ဘဝဆည်းဆာ ရောက်လာတဲ့
ပုဂ္ဂိုလ်တစ်ယောက်ကို
ဘယ်သူကမှ ကာကွယ်ပေးလို့
မရပါဘူး။
ဘဝတစ်ခုဟာ အမှောင်ကျတော့မယ်။
သေခြင်းတရားနဲ့
ရင်ဆိုင်ရတော့မယ်ဆိုတဲ့ အချိန်ဟာ
သနားစရာ အကောင်းဆုံး အချိန်ပါပဲ။
သူသူ ကိုယ်ကိုယ် ဘဝဆည်းဆာ
ရောက်လာပြီဆိုရင်တော့
ဘဝတစ်ခုကို အဆုံးသတ်ရတော့မှာပါပဲ။
အဲဒီ အဆုံးသတ်ရခါနီးအချိန်
ရောက်လာပြီဆိုရင်
သနားစရာအကောင်းဆုံးအချိန်
ရောက်လာပြီ။
သေခြင်းတရားနဲ့
ရင်ဆိုင်ရတယ်ဆိုတဲ့နေရာမှာ
လွယ်လွယ်ကူကူနဲ့ သေခြင်းတရားကို
ရင်ဆိုင်ရတာမဟုတ်ဘူး။
ခက်ခက်ခဲခဲနဲ့ သေခြင်းတရားကို
ရင်ဆိုင်ရတာဖြစ်တယ်။
လောကမှာ နေမင်းကြီး ဝင်သွားပြီဆိုရင်
ရှေ့လျှောက်လှမ်းရမယ့်ခရီးဟာ
မမြင်ရတော့ သလိုပါပဲ။
ဘဝမှာ ဆည်းဆာချိန်ကို ရောက်လာပြီ။
ဒီနေရာမှာ မသိနိုင်တဲ့အရာတွေဟာ
၅- မျိုးရှိတယ်။
-------------------------
❝ မသိနိုင်တာ ၅-မျိုး ❞
ဘာတွေလဲဆိုရင် …
၁။ ဇီဝိတံ
အသက်ရှင်လျက်
ဘယ်လောက် နေရဦးမယ်ဆိုတာ
မသိဘူးတဲ့။
လောကကြီးမှာ ဘယ်လောက်ကြာကြာ
အသက်ရှင် နေထိုင်ရဦးမလဲဆိုတာကို
မသိနိုင်ဘူးတဲ့။
အေး …
ဘယ်လောက်ပဲ ကျန်းမာပါတယ်ဆိုဆို
ရုတ်တရက် Accident ဆိုတာမျိုးနဲ့
ကြုံရလို့လဲ သေဆုံးသွားနိုင်တယ်။
အခု မာမာကြီး၊
တော်တော်ကြာ မရှိတော့ဘူး
ဆိုတာမျိုးကိုလည်း ဖြစ်သွားနိုင်တယ်။
ဘုန်းကြီးတို့
လွန်ခဲ့တဲ့ ခြောက်နှစ်လောက်က
မေမြို့ တက်သွားကြတယ်။
ဘုန်းကြီးတစ်ပါးနဲ့ ပေါ့။
အေး… အဲဒီဘုန်းကြီးရဲ့
မိတ်ဆွေဒကာ တစ်ယောက်က
ရန်ကုန်ကနေပြီး ဖုန်းဆက်တယ်။
ဖုန်းထဲမှာ စကားပြောကြတယ်ပေါ့။
သိပ်မကြာပါဘူး။
မေမြို့က ပြန်ဆင်းလာတဲ့အခါမှာ
ဖုန်းတစ်call ဝင်လာတယ်။
ခုနက ဖုန်းဆက်တဲ့ဒကာ ဆုံးလို့တဲ့။
ဟော… မယုံနိုင်လောက်အောင်ဖြစ်ရတဲ့
အဖြစ်အပျက်မျိုးတွေပေါ့။
ဒါကြောင့်မို့ …
လူတစ်ယောက်ရဲ့ သက်တမ်းဟာ
ဘယ်လောက်နေရမယ်၊
ဘယ်ရွေ့ဘယ်မျှ
အသက်ရှင်နေထိုင်ရမယ်ဆိုတာ
မသိနိုင်ပါဘူး။
၂။ နောက်တစ်ခါ မသိနိုင်တာက
ဘာလဲဆိုရင်… ဗျာဓိ
ဘဝခရီးကို လျှောက်လှမ်းရတဲ့အခါမှာ
ဘာရောဂါနဲ့ သေမယ်ဆိုတာကိုလည်း
မသိနိုင်ပါဘူး။
အေး ဆီးချိုရောဂါရှိပေမယ့်လို့
သွေးတိုးနဲ့ သေချင်သေမယ်။
သွေးတိုးရောဂါ ရှိပေမယ့်လို့
တခြားရောဂါနဲ့ သေချင်သေမယ်။
လုံးဝ မျှော်မှန်းကြည့်လို့ မရနိုင်ဘူး။
ရောဂါဝေဒနာနဲ့ ပတ်သက်လို့ရှိရင်လည်း
လုံးဝသေချာပေါက် မပြောနိုင်ဘူး။
တချို့မှာ…
စွဲနေတဲ့ ရောဂါဝေဒနာက တစ်မျိုး၊
သေတဲ့အခါကျတော့
တခြားရောဂါနဲ့ သေသွားတယ်ပေါ့။
ဒါမျိုးတွေလည်း ရှိတယ်။
ဒါကြောင့်မို့ ဗျာဓိ ဆိုတာဟာလည်း
ကြိုတင် ပြောလို့မရဘူးတဲ့။
ကြိုတင်ပြောလို့မရတာ တစ်ခုပါပဲ။
၃။ နောက်တစ်ခု ကာလော
ကာလဆိုတာ …
လူတစ်ယောက်
ဘဝခရီး အဆုံးသတ်မယ့်အချိန်ဟာ
ဘယ်အချိန်လဲ ?
မနက်လား၊ နေ့လည်လား
ညလား ပြောလို့မရဘူးတဲ့။
ပြောလို့မရလို့လဲပဲ ကိုယ့်ရှေ့မှာ
ဘဝနိဂုံးချုပ်သွားကြတဲ့ ပုဂ္ဂိုလ်တွေ
အများကြီး ရှိကြပါတယ်။
အမှတ်တမဲ့ နေရင်တော့ မသိဘူးပေါ့။
အမှတ်နဲ့နေမယ်ဆိုရင်တော့
အကုန်သိနေမှာပါပဲ။ မမျှော်လင့်ဘဲနဲ့
ဖြစ်နေကြတာတွေချည်းပါပဲ။
၄။ နောက်တစ်ခု ဒေဟနိက္ခေပနံ
ကိုယ့်ရဲ့ ရုပ်အလောင်းကို
ဘယ်နေရာမှာ သင်္ဂြိုဟ်မယ်၊
ဘယ်နေရာမှာ မြှုပ်နှံမယ်ဆိုတာကိုလည်း
မသိကွဘူးတဲ့။
တချို့ဟာ ကောင်းကင်ယံမှာ
အနိစ္စ ရောက်သွားတာလည်းရှိတယ်။
တချို့ဟာ ပင်လယ်ထဲ ခရီးသွားရင်း
အနိစ္စ ရောက်သွားတာလည်းရှိတယ်။
အမျိုးမျိုး ရှိကြတယ်လေ။
အဲဒီတော့ ကိုယ့်ရဲ့အလောင်းကို
ဘယ်နေရာမှာ မြှုပ်နှံမယ်၊
ဘယ်နေရာမှာ သင်္ဂြိုဟ်မလဲ
ဆိုတာကိုလည်း… မသိနိုင်ပါဘူးတဲ့။
၅။ နောက်မသိနိုင်တာတစ်ခုက
ဘာလဲဆိုရင်… ဂတိ
လူတိုင်း လူတိုင်းဟာ
ဘဝလမ်းကြောင်းကြီး ငါးခုရှိတယ်။
ဂတိငါးပါးလို့ ခေါ်တာပေါ့။
Destination ခရီးလမ်းဆုံး
ငါးဋ္ဌာနရှိတယ်။
အဲဒီငါးဋ္ဌာနကဘာတွေလဲ ဆိုရင် …
၁။ နတ်ပြည် -
ကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တဲ့ နတ်ပြည်ပေါ့နော်။
နောက်တစ်ခုက ၂။ လူ့ပြည်ပဲ
အကုသိုလ်ကံတွေ အကျိုးပေးလို့
ရောက်သွားနိုင်တာက -
၃။ ပြိတ္တာ
၄။ တိရစ္ဆာန်
၅။ ငရဲ
အားလုံး ငါးမျိုးရှိတယ်။
အဲဒီတော့ ပုထုဇဉ်တစ်ယောက်အနေနဲ့
ဘဝနိဂုံး အဆုံးသတ်သွားပြီးတဲ့အခါမှာ
ဘယ်ဘဝမှာ…
ပြန်လည်မွေးဖွားမလဲဆိုတာကို
ပြောလို့မရဘူးတဲ့။
သေဆုံးတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့
အခြေအနေတွေအပေါ်မှာ
မူတည်သွားတယ်တဲ့။
သောတာပန် မဖြစ်သေးသမျှ
"နိယတဂတိ"
ကိုယ်သတ်မှတ်ထားတဲ့ နေရာတစ်ခုကို
သွားလို့မရသေးဘူးတဲ့။
ဘုရားအလောင်းကြီးတောင်မှ
တိရစ္ဆာန်ဖြစ်တဲ့အခါ ဖြစ်တယ်။
ငရဲကျတဲ့အခါ ကျသွားတယ်။
ဘာဖြစ်လို့လဲဆိုတော့
သေခါနီးအချိန်မှာ… ဘာတွေနဲ့ကြုံပြီး
ဘာစိတ်နဲ့ သေမယ်ဆိုတာကို
ပြောလို့မရလို့ပေါ့နော်။
ဘဝခရီးကို လျှောက်လှမ်းပြီဆိုရင်
လူတိုင်းဟာ… ဒီအချက်ကို
ကြိုတင်မပြောနိုင်ကြပါဘူးတဲ့။
အဲဒီတော့… ဘဝဆည်းဆာ
ရောက်နေတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်တိုင်းကို
ကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်မှာ
အလွန်သနားစရာကောင်းပါတယ်။
သေအံ့မူးမူးအချိန် ရောက်နေပြီဆိုရင်
ပတ်ဝန်းကျင်ကလည်း
ကိုယ့်ကို ကယ်တင်မပေးနိုင်တော့ဘူး။
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment