“ကျေးဇူးပြု၍ အမျှဝေပါ”
*****************
တစ်ခါတုန်းက ဘုရားအလောင်းဟာ သူဌေးမျိုးမှာ ဖြစ်ပါတယ်။ ဘုရားအလောင်းမှာ ညီတစ်ယောက် လည်းရှိပါတယ်။ မိဘတွေကွယ်လွန်တော့ ညီအစ်ကို နှစ်ယောက် စီးပွားရေးကို အတူတူ လုပ်ကြပါတယ်။



တစ်နေ့မှာတော့ ညီအစ်ကိုနှစ်ယောက် ကုန်ရောင်း ကုန်ဝယ်လုပ်ဖို့ ရေလမ်းခရီးနဲ့ ခရီးထွက်ခဲ့ရင်း အပြန်မှာတော့ ငွေတစ်ထောင် အမြတ်ရခဲ့ ပါတယ်။ မြစ်ဆိပ်တစ်ခုရောက်တော့ လှေကိုခဏဆိုက်ပြီး ထမင်းအတူတူ စားကြပါတယ်။



ဘုရားအလောင်းက ထမင်း စားကြွင်းတွေကို ငါးလိပ်တွေကိုကျွေးပြီး "ဤငါးလိပ်တွေကို အစာကျွေးရသော ကုသိုလ်ကောင်းမှုကို မြစ်စောင့်နတ် အား အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့ မြစ်စောင့်နတ်ကို အမျှပေးေ၀ လိုက်ပါတယ်။ မြစ်စောင့်နတ်လည်း သာဓုခေါ်လိုက်တဲ့ ကုသိုလ်ကြောင့် ချက်ချင်း စည်းစိမ်တွေ တစ်ဆင့်တိုးသွားပါတယ်။ သာဓုခေါ်မှုကြောင့် ဒီစည်းစိမ်တွေ တိုးလာရတယ် ဆိုတာလည်း သိလိုက်ရ ပါတယ်။ ဘုရားအလောင်း ကတော့ အမျှဝေပြီးး သဲသောင်ပြင်မှာ ပုဆိုးခင်း အိပ်နေလိုက်ပါတယ်။

ညီကတော့ မအိပ်နိုင်ပါဘူး။ ကောက်ကျစ်တဲ့ အကြံကိုကြံပြီး အသပြာ ထုပ်နဲ့ပုံစံတူ ကျောက်ခဲထုပ် တစ်ထုပ်ကို ထုပ်ထားလိုက်ပါတယ်။ ညီအစ်ကို နှစ်ယောက် ခရီးဆက်ကြရင်း မြစ်လယ်ရောက်တော့ ညီက လှေအစောင်းမှာ အသပြာထုပ် ရေထဲကျတဲ့ ပုံစံနဲ့ ကျောက်ခဲထုပ်ကို ရေထဲချ လိုက်ပါတယ်။ တကယ်တမ်း ချမိလိုက်တာက ကျောက်ခဲထုပ် မဟုတ်ဘဲ အသပြာထုပ် ဖြစ်နေပါတယ်။ ဒါကိုညီကမသိပါဘူး။ ပြီးတော့ အလန့်တကြား ဟန်နဲ့ "အသပြာထုပ် ရေထဲကျသွားပြီ"လို့ အစ်ကိုကို လှမ်းပြောလိုက်ပါတယ်။ အစ်ကိုက "ဘယ်တတ်နိုင်မလဲ ညီလေးရာ" ဆိုပြီး ညီကို ဖြေသိမ့်ပေး ပါတယ်။

အဲဒီအချိန်မှာ ငါးကြီးတစ်ကောင်က အသပြာထုပ်ကို မျိုလိုက်ပါတယ်။ ညီလုပ်သူက အိမ်ရောက်တဲ့အခါ အားရဝမ်းသာနဲ့ အထုပ်ကိုဖြည် လိုက်တာ အသပြာမတွေ့ဘဲ ကျောက်ခဲတွေ တွေ့လိုက်ရတော့ နှလုံးချောက်ခြားပြီး ခုတင်ပေါ်မှာ ခွေအိပ်နေပါတော့တယ်။

တံငါသည်တွေက ကွန်ပစ်တော့ အသပြာထုပ်ကို မျိုထားတဲ့ ငါးကြီးကို မိပါတယ်။ မြစ်စောင့်နတ်က "အစ်ကိုလုပ်သူ အမျှဝေလို့ ငါ့မှာ စည်းစိမ်တွေ တိုးရတယ်။ ငါ ပြန်စောင့်ရှောက်မှပဲ" ဆိုပြီး ငါးရောင်းတဲ့ တံငါသည်တွေကို ဘုရားအလောင်း အိမ်ရှေ့ရောက်အောင် နတ်တန်ခိုးနဲ့ ပို့ပေးပါတယ်။ ဘုရားအလောင်းက ငါးကိုဝယ်ပြီး မယားကိုပေးပါတယ်။ ငါးဗိုက်ကို ခွဲလိုက်တဲ့အခါ အသပြာထုပ်ကို တွေ့လိုက်ရပါတော့တယ်။

မြစ်စောင့်နတ်ကလည်း ကိုယ်ထင်ရှားပြပြီး "သင်အမျှဝေလို့ ငါက ပြန်စောင့်ရှောက်တာပါ။ သင်ပဲယူပါ။ ညီကို မပေးပါနဲ့" လို့ လာပြောပါတယ်။ဒါပေမယ့် ဘုရားအလောင်းကတော့ တစ်ထောင်ထဲက ငါးရာကိုခွဲပြီး ညီငယ်ဆီကို သွားပေးခိုင်းလိုက်ပါတယ်။
(ငါးရာငါးဆယ်ဇာတ်ဝတ္ထု၊ မစ္ဆုဒ္ဒါနဇာတ်)

အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါပဲ။ ဘုရားအလောင်းက စားကြွင်းတွေကို ဒီအတိုင်း စွန့်မပစ်ဘဲ ငါးလိပ်တွေကို ကျွေးပြီး မြစ်စောင့်နတ်ကို အမျှဝေလိုက်တာ လေးက တကယ့်ကို အတုခိုးစရာလေးပါပဲ။ ဘုရားအလောင်း ငါးလိပ်တွေ ကျွေးတဲ့ ဒါနကုသိုလ်ရော၊ မြစ်စောင့်နတ်ကို အမျှဝေတဲ့ ပတ္တိဒါန ကုသိုလ်ရော ကုသိုလ်နှစ်ခုကို အေးအေး ဆေးဆေးနဲ့ ယူသွားတာပါ။

သာဓုခေါ်လိုက်ရတဲ့ မြစ်စောင့်နတ်မှာလည်း လက်ရှိစည်းစိမ်ထက် တစ်ဆင့် တိုးသွားတာလေး ကလည်း မှတ်သားစရာလေးပါပဲ။ ကိုယ်က မမြင်ရလို့သာပါ။ ဘုရားအလောင်းရဲ့ အမျှဝေပုံလေးကို အတုယူပြီး နတ်တွေကိုအမျှဝေတဲ့ အကျင့်လေးကို ထုံထားရမှာပါ။ ကိုယ့်ရဲ့အမျှပေးေ၀ မှုကြောင့် နတ်တွေမှာ စည်းစိမ်တွေ တိုးတိုးနေမှာပါ။ စည်းစိမ်တွေ တိုးတိုးနေတဲ့ နတ်တွေကလည်း သူတို့စည်းစိမ် တိုးတာတွေကို သေချာမှတ်ထားမှာပါ။ အခွင့်သင့်တဲ့ အခါတွေမှာ မထင်မှတ်တဲ့ အနေနဲ့ ကူညီသွားမှာပါ။

တစ်ခါတလေ ဘဝမှာ မထင်မှတ်တဲ့ ကောင်းကျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ကိုယ်ကိုလည်း “ငါကံကောင်းလိုက်တာ”လို့ တွေးမိချင်ေ တွးမိကြမှာ ပါ။ အမျှရထားတဲ့နတ်တွေက ကိုယ့်ကို ကူညီ လိုက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ မထင်မှတ်တဲ့ ဘေးရန်တွေကို တားဆီး ပေးလိုက်တာတွေ၊ အောင်မြင်ကျော် ကြားအောင် ကူညီလိုက်တာတွေ၊ ဂုဏ်သိက္ခာ မထိခိုက်အောင် ကူညီလိုက်တာ တွေ စသည်ဖြင့် အများကြီးရှိမှာပါ။ ကိုယ်က မသိနိုင်လို့ပါ။

ရှေးရှေးသူတော်ကောင်းတွေရဲ့
အလေ့အကျင့်တွေ၊ လက်ရှိမျက်မှောက် သူတော်ကောင်းတွေရဲ့ အလေ့အကျင့်တွေကို လေ့လာပြီး အတုခိုး ကျင့်ရမှာပါပဲ။ တချို့အရာတွေက ခက်ပေမယ့် တချို့အရာ တွေကတော့ မခက်ပါဘူး။ သူလိုငါလိုလုပ်နိုင်တဲ့ ကျင့်စဉ်လေးတွေပါ။

စားပြီးပိုတဲ့ စားကြွင်းကို ဒီအတိုင်း စွန့်မပစ်ဘဲ ငါးလိပ်တွေကို ကျွေးလိုက် တာလေးရယ်၊ ကျွေးရုံတင်မကဘဲ မြစ်စောင့်နတ်ကို အမျှပေးဝေလိုက်တာ လေးရယ်က အတုခိုးချင်သူတွေ အတွက် တကယ့် အတုခိုးစရာလေးပါ။ ကြောင်းကျိုးမြင်အောင် အနိစ္စဒုက္ခ အနတ္တမြင်အောင် ကျင့်ရတာတွေသာ ခက်ချင် ခက်မှာပါ။ အမျှပေးေ၀ လိုက်တာလေးကတော့ လူတိုင်းကိုယ်စီ လုပ်နိုင်တဲ့ ကျင့်စဉ်လေးပါ။

လေ့ကျင့်ရင်းထုံ၊ ထုံရင်းလေ့ကျင့် သွားရမှာပါပဲ။ ထုံလို့စွဲသွားပြီ ဆိုရင်တော့ နောက်ပိုင်းမှာ အထူးကြောင့်ကြ စိုက်စရာမလိုတော့ပါဘူး။ ကုသိုလ် တစ်ခုပြုပြီး တာနဲ့ နတ်တွေကို အမျှပေးဝေပြီးသား ဖြစ်နေပါလိမ့်မယ်။

ဘုရားအလောင်းရဲ့ ကုသိုလ်လေးက တကူးတက ပြုယူရတဲ့ ကုသိုလ် လေးမဟုတ်ပါဘူး။ ခရီးသွားရင်း ကြုံလာတဲ့ အရာလေးကို ကြုံလာတဲ့ အတိုင်း အေးအေးဆေးဆေး ယူသွားတာပါ။ ကျောင်းတွေ သိမ်တွေဆောက်ပြီး အမျှပေးဝေတာတောင် မဟုတ်ပါဘူး။ ပြောရရင် လူတန်းစားအားလုံး အလွယ်တ ကူပြုနိုင်တဲ့ ကုသိုလ်လေးပါ။ ကုသိုလ်လေးက တစ်ခုတောင် မဟုတ်ပါဘူး။ နှစ်ခုတောင်ပါ။ ခရီးကတော့ လူတိုင်း သွားနေကြတာပါပဲ။ ကြုံလာရင်ကြုံလာတဲ့အတိုင်း ယူတတ်ဖို့ပါ။ လှေပေါ်မှရယ် မဟုတ်ပါဘူး။ လေယာဉ် ပေါ်မှာလည်း ကိုယ့်လာပေးတဲ့ စားစရာကို ဘုရားကပ်ပြီး အမျှပေးေ၀ လို့လည်းရတာပါပဲ။ တောလမ်းပဲသွားသွား၊ ကုန်းလမ်းပဲသွားသွား၊ ရေလမ်းပဲသွားသွား ကြုံလာတဲ့ခရီးမှာ ကြုံလာတဲ့ ကုသိုလ်လေး တွေကို ကြုံသလို ယူတတ်ဖို့ပါ။

ကုသိုလ်ပြုပြီးလို့ အမျှဝေတဲ့အခါ မတ်တပ်ရပ် လက်အုပ်ကလေး ချီပြီး "ဤငါးလိပ်တွေ ကျွေးရသော ကုသိုလ်ကောင်းမှုကို ကိုယ်စောင့်နတ်၊ တောစောင့်နတ်၊ တောင်စောင့်နတ်၊ မြို့စောင့်နတ်၊ သစ်ပင် စောင့်နတ်တို့အား အမျှပေးဝေပါ၏။ အမျှ အမျှ ယူတော်မူပါ" လို့ သေချာပေးဝေရမှာပါ။ လက်အုပ်ချီတာက နတ်တွေကိုချီတာ မဟုတ်ပါဘူး။ ကိုယ်ပြုတဲ့ကုသိုလ်လေးကို ချီတာပါ။ အမျှဝေတာကတော့ ကိုယ်ရောက်နေတဲ့ ဒေသကိုကြည့်ပြီး အဆင်ပြေသလိုဝေရမှာပါပဲ။ တောထဲရောက်နေရင် တောစောင့်နတ်၊ တောင်ပေါ်ရောက် နေရင် တောင်စောင့်နတ်၊ သစ်ပင် အောက်ရောက်နေရင် သစ်ပင်စောင့်နတ်ပေါ့။

ဒါက မမြင်ရတဲ့ ပုဂ္ဂိုလ်တွေကို အမျှဝေတာပါ။ ဒီလိုပါပဲ မြင်ရတဲ့ ကိုယ့်ရဲ့ မိတ်ဆွေတွေကိုလည်း အမျှဝေရမှာပါ။ အမျှဝေလိုက်ရင် ကိုယ်လည်း ကုသိုလ်ထပ်ရ၊ ကိုယ့်မိတ်ဆွေလည်း ကုသိုလ်ရတော့တာပါ။

မြင်ရတဲ့သူတွေကို အမျှဝေတဲ့နေရာမှာတော့ လူတိုင်းကတော့ ဝမ်းမြောက် ဝမ်းသာနဲ့ ခေါ်ချင်မှခေါ်မှာပါ။ မဝမ်းမြောက် မဝမ်းသာနဲ့ ခေါ်တဲ့ လူတွေလည်း ရှိချင်ရှိမှာပါ။ သာဓုခေါ်ရတဲ့အကျိုးကို သိထားတဲ့သူတွေကသာ ဝမ်းမြောက် ဝမ်းသာနဲ့ခေါ်မှာပါ။ ဘာပဲပြောပြော ကိုယ်က ကိုယ်ပြုတဲ့ ကုသိုလ်ကို အမျှပေး ဝေရင် ကိုယ်ကုသိုလ် ထပ်ရတာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကြွားတဲ့အနေနဲ့ အမျှမေ၀ မိဖို့တော့ အထူး သတိထားရပါမယ်။ ကိုယ်ကုသိုလ် ထပ်ရချင်တဲ့စိတ်၊ သူကုသိုလ် ရစေချင်တဲ့စိတ်နဲ့ ဝေရမှာပါ။ ကိုယ့်စိတ် ကိုယ်ပြန်ကြည့်ရင် သိပါတယ်။

အကြွားကတော့ လူတိုင်းနဲ့ နီးစပ်နေသလိုပါပဲ။ သတိထားနိုင်မှ တော်ကာကျတာပါ။ တခါတလေ စကားပြောရင်း ပြောရင်းနဲ့ ကိုယ့်စကားကိုယ် ဘရိတ် မအုပ်နိုင်ဘဲ အကြွားဖြစ်သွားတာ တွေလည်း ရှိတတ်ပါတယ်။ ဒါဆို အမျှဝေတာမဟုတ်ဘဲ အကြွားဝေတာ ဖြစ်သွားပါလိမ့်မယ်။

တချို့ကျတော့လည်း ကြွားတာကို ဝါသနာတစ်ခုလို ဖြစ်နေတာပါ။ စကားပြောလိုက်တာနဲ့ အကြွားလေးက ပါလိုက်ရမှပါ။ ကြာလာတော့ နားထောင်ပေးရတဲ့သူက နားမထောင် ချင်တော့ပါဘူး။ စကားစလိုက်တာနဲ့ သူကြွားတော့မယ်ဆိုတာ ကြိုသိနေတော့တာပါ။

အကြွားစွဲနေတဲ့ သဘောလေးပါ။ အကြွားစွဲ သွားရင်လည်း မကောင်းပြန်ပါဘူး။ စကားပြောတိုင်း ပြောတိုင်း အကြွားက ပါနေတော့မှာပါ။ ဒါတင် မကပါဘူး။ အထုံဓာတ်ကြောင့် နောက်ဘဝအထိလည်း ပါသွားနိုင်ပါတယ်။ လူတွေက အမျှဝေတာကိုပဲ ယူချင်ကြတာပါ။ အကြွားဝေတာကိုတော့ မယူချင်ကြပါဘူး။ ပုထုဇဉ်တွေဆိုတော့ အကြွားနဲ့တော့ မကင်းကြပါဘူး။ စာရေးသူလည်း တခါတလေ အမျှမဝေဘဲ အကြွားဝေမိ တတ်ပါတယ်။ တစ်ပတ် ဆယ်ရက်ကြာတဲ့ အခါ ကိုယ်ဝေထားတဲ့ အကြွားကို ပြန်စဉ်းစားလိုက်ရင် ဘာမှမဟုတ်တော့ပါဘူး။ ရက်ကြာလေ ဘာမှမဟုတ်လေပါပဲ။ နောက်ဆုံးတော့ ကိုယ့်အကြောင်း သူများသိတာပဲ အဖတ်တင်ပါတယ်။

တကယ်လို့ အကြွားဝေတတ်တဲ့ အထုံစွဲနေရင်လည်း နောက်ဘ၀ အထိပါမသွားအောင် စကားပြောတိုင်း ပြောတိုင်း သတိကပ်ပြီး ပြန်လေ့ကျင့် ယူရပါမယ်။ဒါကြောင့် ဆရာတော်ကြီးတွေက-"စကားပြောတဲ့အခါ အကြွားလည်း မပါစေနဲ့၊ အမှားလည်း မပါစေနဲ့"လို့ မိန့်တာပါ။ စကားများများ ပြောရင် အကြွားတွေလည်း ပါတတ်သလို အမှားတွေလည်း ပါတတ်ပါတယ်။ စကားတွေ တအားပြောနေရင် အမှားတွေ ပါတတ်တာ မဆန်းတော့ပါဘူး။ တစ်ခါတလေ ကျတော့လည်း အစမှာတော့ ဝမ်းသာစိတ်နဲ့ အမျှဝေတာပါပဲ။ ဒါပေမယ့် ပြောရင်းပြောရင်းနဲ့ သတိလွတ်ပြီး အမျှဝေတာကနေ အကြွားဝေတာ ဖြစ်သွားရတာပါ။ ဘာမှ မစိုးရိမ်ပါနဲ့။ ပြန်လေ့ကျင့် ယူရင် ရတာပါပဲ။

အမျှဝေတာလည်း ကုသိုလ်ပါပဲ။ သာဓုခေါ်တာလည်း ကုသိုလ်ပါပဲ။ ကိုယ်ကဒါလေးကို အာရုံပြုထားဖို့ပါ။ မင်းကွန်းတိပိဋက ဆရာတော် ဘုရားကြီးက မဟာဗုဒ္ဓဝင်မှာ သီလဆောက်တည်ပြီးမှ ဒါနပြုရင် ပိုပြီးအကျိုး ရနိုင်တယ်လို့ မိန့်မှာထားပါတယ်။ ဆရာတော် ဘုရားကြီးရဲ့ စကားလေးကို နှလုံးသွင်းပြီး သီလယူပြီးမှ ဒါနပြုရင် ပိုကောင်းပါတယ် သံဃာတော် အရှင်သူမြတ် တွေရှိရင် သီလပေး မှာဖြစ်လို့ ကိစ္စမရှိပေမယ့် ကိုယ့်ဟာကိုယ် တစ်ယောက်တည်း ပြုရတဲ့ဒါနတွေမှာတော့ ငါးပါးသီလလေးကို အရင်ယူပြီးမှ ဒါနလေးတွေ ပြုပြုသွားဖို့ပါ။ သီလယူလိုက်ရင်ပဲ စိတ်ဓာတ်က အလိုလိုမြင့်သွားသလို ခံစားရ ပါတယ်။

ကုသိုလ်ကောင်းမှု တွေပြုပြီး နတ်တွေကို အမျှပေးဝေရင် နတ်တွေက လူတွေကို ပြန်စောင့်ရှောက်တယ် ဆိုတာ မဟာပရိနိဗ္ဗာန သုတ်မှာလည်း မြတ်စွာဘုရားက ဂါထာလေးတွေနဲ့ သေချာ ဟောပြထားတာပါ။ နတ်တွေကို အမျှဝေရင် ကိုယ့်အတွက် ကောင်းကျိုးဖြစ်စေတာတော့ အမှန်ပါပဲ။ ကိုယ်က သူတို့ကို မမြင်ရမကြားရပေမယ့် နတ်တွေကတော့ ကိုယ်ပြုနေတာတွေ ကိုယ်ပြောနေ တာတွေကို မြင်နေကြားနေတာပါ။

သေးသေးဖွဲဖွဲ ကုသိုလ် လေးတွေကအစ နတ်တွေကို အမျှပေးဝေရမှာပါပဲ။ ဘုရားအလောင်း ပေးဝေလိုက်တဲ့ ဒါနလေးက တကယ့်သေးသေးလေးပါ။ သေးပေမယ့် သာဓုခေါ်ရတဲ့ နတ်မှာတော့ ကောင်းကျိုး ကြီးကြီးကြီး ရသွားတော့တာပါ။ ကိုယ်အမျှပေးဝေလို့ စည်းစိမ်တိုးထားတဲ့ နတ်တွေက ကိုယ့်ကို ပစ်မထားပါဘူး။ အခွင့်သင့်တဲ့ တစ်နေ့မှာ ပြန်ကူညီမှာပါ။

ဒီတော့ ဘယ်ကုသိုလ်ပဲ ပြုပြု နတ်တွေကို အမျှပေးဝေတာတော့ အကောင်းဆုံးပါပဲ။ ဘုရားပန်းကပ်တာပဲဖြစ်ဖြစ် ရေချမ်းကပ် တာပဲဖြစ်ဖြစ် ဆီမီး ပူဇော်တာပဲ ဖြစ်ဖြစ် အမျှဝေလို့ ရပါတယ်။ နောက်ဆုံး ကိုယ့်မိတ်ဆွေကို ကော်ဖီတိုက်တာ လေးကိုလည်း အမျှဝေလို့ရတာပါပဲ။ ကုသိုလ်ပြု လို့လည်း ကောင်းကျိုးတွေဖြစ်၊ နတ်တွေကို အမျှဝေလို့လည်း ကောင်းကျိုးတွေဖြစ်နဲ့ ကောင်းကျိုးတွေ ဆင့်နေတော့တာပါ။

"ကုသိုလ်မပြတ် ဖြစ်ပါစေ"ဆိုတဲ့ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ သြဝါဒအတိုင်း ကုသိုလ်တွေ မပြတ်ဖြစ်နေရင် အကုသိုလ် ဖြစ်ခွင့်လည်း နည်းနေတော့ တာပါ။ ကုသိုလ်ပြတ် ချိန်ကို အကုသိုလ်က ချောင်ထဲက ချောင်းနေတာပါ။ ကုသိုလ်ပြတ်မှ သူကဝင်လို့ရမှာပါ။ ဒါကြောင့် ကုသိုလ် မပြတ်ဖြစ်နေရင် အကုသိုလ်ကို တားထားရာလည်း ရောက်ပါတယ်။
ဘာပဲပြောပြော ကုသိုလ်တွေ မပြတ်စေဘဲ ပြုတဲ့ကုသိုလ် တိုင်းကို နတ်တွေကို အမျှပေးေ၀ လိုက်ဖို့ပါပဲလေ။

ရဝေနွယ် (အင်းမ)
(မြတ်ဗုဒ္ဓအလင်းမှ ကူးယူပါသည်)
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်

----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ