“ ကြည့်တတ်တော့ဘာဝနာ ”
******************
သီဟိုဠ်ကျွန်းက တောကြီးတစ်တောထဲမှာ ရဟန်း တစ်ပါးဟာ ဝိပဿနာတရားကို ရှုပွားအားထုတ်
နေတယ်၊ ဝိပဿနာနဲ့အတူ အသုဘဘာဝနာကိုလည်း အချိန်ပိုင်းနဲ့ ပွားများတယ်။
တစ်ရက်တော့ အရွယ်ကောင်း ရုပ်ချောအမျိုးသမီး တစ်ယောက်ဟာ လင်နဲ့စိတ်ဆိုးပြီး မိဘအိမ်ကို
ဆင်းလာတယ်။မိဘတွေရှိရာရွာရောက်အောင် ဒီတောအုပ်ကြီးကို ဖြတ်ရသေးတယ်။
လူသူကင်းပြတ်တဲ့ တောအုပ်အလယ်ကိုရောက်တဲ့အခါ အမျိုးသမီးနဲ့ရဟန်းနဲ့ ပက်ပင်းတွေ့ကြတယ်။
အရွယ်ကောင်းပြီး ယောကျ်ားပီသတဲ့ရဟန်းကို တွေ့တဲ့အခါ အမျိုးသမီးဟာ ဖောက်ပြန်လိုတဲ့
စိတ်တွေ ပေါ်လာတယ်၊ ဒါ့ကြောင့် ရဟန်းကို မြူဆွယ်တဲ့ အနေနဲ့ ပြုံးပြလိုက်တယ်။
ဝိပဿနာကိုပွားများနေတဲ့ ရဟန်းကိုတော့ ဝိညာဏက္ခန္ဓာဟာ မလိမ်နိုင်တော့ဘူး။ ပြုံးပြတဲ့ အမျိုးသမီးရဲ့
ဖြူဖွေးတဲ့သွားတွေကို မြင်လိုက်ရတယ်ဆိုရင်ပဲ ပွားများ နေကျ အဋ္ဌိကခေါ် အရိုးစုကမ္မဌာန်းဟာ တန်းပေါ်လာပြီး
အမျိုးသမီးလို့မမြင်တော့ဘဲ အရိုးစုကြီးကိုပဲ မြင်တော့တယ်၊ ဒီတော့ လောဘဟာ ဝင်လို့မရတော့ဘူး။
တစ်ဖန် ဝိပဿနာပေါ်ဆက်တင်တော့ မြင်ရတဲ့အရာ မှန်သမျှဟာ ပရမတ်အဆင်းရုပ်သာ ဖြစ်တယ်၊ ပုဂ္ဂိုလ်
သတ္တဝါမဟုတ်ဘူး၊ ဒီအဆင်းရုပ်ဟာလည်း အမြဲတမ်း ဖြစ်ပျက်နေတဲ့ အနိစ္စတရားပဲ၊ အဆင်းနဲ့ မျက်စိအကြည်
ရုပ်တို့ တိုက်ဆိုင်တုန်း ဖြစ်လာတဲ့ မြင်သိစိတ်ဟာလည်း အမြဲတမ်းဖြစ်ပျက်နေတဲ့ အနိစ္စတရားပဲလို့လည်း ဉာဏ်
နဲ့သိလိုက်ရော အဲဒီအမျိုးသမီးရှေ့မှာတင် လေးမဂ်လေး ဖိုလ်ရပြီး ရဟန္တာဖြစ်သွားတယ်။
အမျိုးသမီးလည်း မြူဆွယ်လို့မရမှန်းသိတော့ သူ့လမ်းသူ ဆက်သွားတာပေါ့။ ခဏကြာတော့ အဲဒီအမျိုးသမီးရဲ့
ယောကျ်ား နောက်ကလိုက်လာတယ်။ ရဟန်းကိုတွေ့တော့ မေးတယ်။ အမျိုးသမီးတစ်ယောက် ဖြတ်သွားတာ မမြင်လိုက်
ဖူးလားတဲ့၊ ရဟန်းကဖြေတယ် အရိုးစုကြီးတစ်ခုဖြတ်သွား တာပဲ မြင်လိုက်တယ်တဲ့။
ကြည့်တတ်တဲ့သူအတွက်တော့ ရှုစရာဝိပဿနာချည်း ဖြစ်နေတယ်။ စကားတစ်ခွန်းရှိတယ်။
ဝမ်းမီးကောင်းတဲ့သူအတွက် စားသမျှဟာ အာဟာရဖြစ်သလို၊ ဝိပဿနာသတိရှိတဲ့သူအတွက် တွေ့သမျှ ကြားသမျှဟာ
ရှုပွားစရာ တရားအာရုံချည်းပဲပေါ့၊ ဒါ့ကြောင့် ဝိပဿနာ ရှုပွားလိုတဲ့သူအတွက် နေရာ၊ အချိန်၊ အာရုံ ဘာမှ ရွေးစရာ
မလိုဘူးလို့ မှတ်ထားပေါ့။
ဆရာတော် အရှင်ဇဝန မေတ္တာရှင် (ရွှေပြည်သာ)
www.dhammaweb.net မှတဆင့်ခံစားတင်ပြသည်။
--------------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment