သံယောဇဉ်နှင့် သံယောဇနိယ
*******************
လူတစ်ယောက်က အခြားလူတစ်ယောက်အား မင်းကိုငါ သံယောဇဉ်ဖြတ်လိုက်ပြီ ဟုဆိုကာ အခေါ်အပြောမလုပ်တော့ဘဲ နေခြင်းသည် စင်စစ်သံယောဇဉ်ကို ဖြတ်တာမဟုတ်။ လူကိုဖြတ်တာသာ ဖြစ်ပါသည်။


လူတစ်ယောက်သည် သူနေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတစ်ခုကို သံယောဇဉ်ဖြတ်သည်ဟုဆိုကာ လုံးဝမသုံးတော့ဘဲနေခြင်းသည် စင်စစ် သံယောဇဉ်ကို ဖြတ်တာမဟုတ်ပါ။ ပစ္စည်းကိုဖြတ်တာသာဖြစ်ပါသည်။ လူ၊ ပစ္စည်း အစရှိသော သက်ရှိသက်မဲ့ အရာဝတ္တုများကို သံယောဇဉ်ဟုခေါ်တာ မဟုတ်ပါ။

သံယောဇဉ်နှင့် သံယောဇနိယသည် အတူတူလား တခြားစီလားဆိုတဲ့ ပြဿနာကို ရှင်းပြထားသော ဒေသနာတစ်ခုရှိပါသည်။

နွားအဖြူနှင့် နွားအနက်တို့ကို ကြိုးတစ်ချောင်းဖြင့် တွဲချည်ထားသည်ဆိုပါစို့။ နွားအဖြူသည် နွားအနက်၏ သံယောဇဉ်မဟုတ်။ သံယောဇနိယသာ ဟုတ်ပါသည်။ နွားအနက်သည်လည်း နွားအဖြူ၏ သံယောဇဉ်မဟုတ်။ သံယောဇနိယသာဖြစ်သည်။ နွားနှစ်ကောင်ကို တွဲချည်ထားတဲ့ ကြိုးကသာ နှစ်ကောင်စလုံး၏ သံယောဇဉ်ဖြစ်ပါသည်။

ထိုဒေသနာတော်အရ လင်မယားနှစ်ယောက် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် သံယောဇဉ်တွယ်သောအခါ လင်သည်မယား၏ သံယောဇနိယ။ မယားသည် လင်၏သံယောဇနိယဖြစ်ပြီး အပြန်အလှန်တွယ်တာနေသော စိတ်က သံယောဇဉ်ဖြစ်သည်ဟု မှတ်ယူကြပါသည်။ ဤအယူအဆသည်လည်း တစ်ဝက်သာမှန်၍ တစ်ဝက်မှားနေပါသေးသည်။

မှန်တာက သံယောဇဉ်ဖြစ်ပြီး မှားတာက သံယောဇနိယဖြစ်ပါသည်။ သံယောဇဉ်နှင့် သံယောဇနိယ နှစ်ခုစလုံးသည် ပရမတ္ထတရားချည်းဖြစ်ပါသည်။ ပညတ်မျှသာဖြစ်သော သက်ရှိသက်မဲ့ အရာဝတ္ထုတွေသည် သံယောဇဉ်လဲမဟုတ်၊ သံယောဇနိယလည်း မဟုတ်ပါ။

လင်၏ မနောပသာဒ၌ အရိပ်အဖြစ်ထင်ခြင်းသို့ရောက်သော မယားဆိုတဲ့ နိမိတ္တအာရုံသည် သံယောဇနိယဖြစ်၍ ထိုနိမိတ္တအာရုံကို တွယ်တာနေသော အာရမ္မဏိကစိတ်က သံယောဇဉ်ဖြစ်ပါသည်။ မယား၏ မနောပသာဒ၌ အရိပ်အဖြစ်ထင်ခြင်းသို့ရောက်သော လင်ဆိုတဲ့နိမိတ္တအာရုံသည် သံယောဇနိယဖြစ်၍ ထိုနိမိတ္တအာရုံ၌ တွယ်တာကပ်ငြိနေတဲ့ အာရမ္မဏကစိတ်က သံယောဇဉ်ဖြစ်ပါသည်။

လင်မယားနှစ်ယောက် တရားဝင်ကွာရှင်းပြီး လူချင်းပြတ်သွားရုံမျှဖြင့် သံယောဇဉ်ပြတ်ပြီဟုမဆိုနိုင်ပါ။ တစ်ယောက်ကိုတစ်ယောက် အာရုံပြုသဖြင့် စိတ်ထဲမှာပေါ်လာပြီဆိုလျှင် သံယောဇဉ်မပြောနှင့် သံယောဇနိယတောင် မပြတ်ပါ။ ဒါဆို သံယောဇဉ်ပြတ်တယ်ဆိုတာက ဘယ်လိုပြတ်တာလဲ။ သံယောဇဉ်ပြတ်အောင်ကော ဘယ်လိုလုပ်ကြရမှာလဲ?????

ကျေးဇူးတော်ရှင် #အရှင်ပုညာနန္ဒ 
ဟောကြားတော်မူသော
#သံယောဇဉ်နှင့် သံယောဇနိယ
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
----------------- 
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ