လူငယ်များနဲ့ ဘာသာတရား
*****************
ဗုဒ္ဓစာပေတွေမှာလာတဲ့ (၇)နှစ်အရွယ်မှာပဲ အရိယာဖြစ်သွား၊ ရဟန္တာ ဖြစ်သွားကြတဲ့ လူငယ်များ အကြောင်း ဖတ်နေရင်း ဒီနေ့ခေတ် လူငယ်များအကြောင်း အတွေးပေါင်းစုံ ရောက်လာပါတယ်။ လူငယ်များနဲ့ ဘာသာတရား ဆက်စပ်မှုရဲ့ မတူညီတဲ့ အကြောင်းလေးတွေကို တွေးနေမိပြန်ပါတယ်။
ဘုရားလက်ထက်က အသက် (၇)နှစ်အရွယ် ငယ်ငယ်ရွယ်ရွယ်နဲ့ သောတာပန်တည်သွား၊ အရိယာဖြစ်သွား၊ အဲဒီ သောတာပန်စတဲ့ အရိယာ ဘဝနဲ့ပဲ အိမ်ထောင်သားမွေး အလုပ်များလုပ်ရင်း လောကီလောကုတ္တရာ ကောင်းကျိုးတွေကို ရှာကာ ဘာသာတရားရဲ့ အဆုံးအမအောက်မှ နိဗ္ဗာန်အထိ လျှောက်သွားခဲ့ကြတဲ့ လူငယ်များရဲ့ အခြေအနေနဲ့ ဒီနေ့ခေတ် လူငယ်များရဲ့ ဘာသာတရား အပေါ်အမြင်များ၊ လူငယ်များနဲ့ ဘာသာရေးကြား ပေါင်းစပ်မှုနဲ့ ကွာဟမှုများရဲ့ အခြေအနေများကို ဘာရယ်မဟုတ် ချိန်ထိုးကြည့်မိပြန်ပါတယ်။ လူငယ်များနဲ့ ဘာသာတရား အကြောင်းကို လူငယ်များကြားမှာနေရင်း မတူတဲ့စကားတွေနဲ့ ဟိုဟိုဒီဒီ ကြားနေမိပါတယ်။
မှန်ပါတယ်။ ဒီနေ့ခေတ်ဟာ သိပ္ပံပညာများ တိုးတက်ထိုးကား လာနေသလို ရုပ်ပိုင်းဆိုင်ရာ အပျော်အပါးများကလည်း အမျိုးမျိုး ရှိလာနေတဲ့ ခေတ်ဖြစ်တဲ့အတွက် တစ်ဘက်က တိုးတက်ရင် တစ်ဘက်မှာ ဆုတ်ယုတ်တတ်တဲ့ သဘာဝအတိုင်း သိပ္ပံပညာများနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုများက သတ္တဝါတွေရဲ့ သန္တာန်မှာ သဒ္ဓါပညာတရားများ ယုတ်လျော့လာမှု လောဘဒေါသမောဟ စတဲ့ ကိလေသာတရားများ တဖြည်းဖြည်း များပြားလာမှုကို ဖြစ်စေပါတယ်။ ဒီလို သဒ္ဓါပညာယုတ်လျော့လာမှုနဲ့ ကိလေသာဖြစ်စရာ အာရုံများပြားလာမှုက လူငယ်များအတွက် ဘာသာတရားအပေါ် အလေးမထားမှု၊ ဘာသာတရား အဆုံးအမများနဲ့ ဝေးသွားစေမှုကို ဖြစ်စေပါတယ်။
ဒီနေ့ခေတ်လူငယ်များ အနေနဲ့ ဘာသာတရားအပေါ် အလေးမထားမှု၊ ဘာသာတရားနဲ့ ဝေးသွားမှုလောက်ပဲ ဆိုရင်တော့ တော်သေးတယ်လို့ ဆိုနိုင်ပေမယ့် ဘာသာတရားအပေါ် အဆိုးမြင်လာမှုကတော့ ဒါဟာ သူတို့လေးတွေအတွက် ပစ္စုပ္ပန် သံသရာ နှစ်ဖြာအကျိုး ဆုတ်ယုတ်စေမှုကို ဖြစ်စေနိုင်ပါတယ်။ လူငယ်တွေရဲ့ ဒီလို ဘာသာတရားအပေါ် အဆိုးမြင်လာမှုမှာ အခြားဘာသာတရားများနဲ့ ပတ်သက်လို့ ဘာမှပြောစရာ မရှိပေမယ့် ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အမြင်များကတော့ ပြောစရာ ဖြစ်လာပါတယ်။ သူတို့မြင်တဲ့ အမြင်နဲ့ ဗုဒ္ဓဘာသာရဲ့ အနှစ်သာရ အသွင်က တစ်ခြားစီ ဖြစ်နေပါတယ်။ အကျင့်တရားကို ဦးစားပေးထားတဲ့ ဗုဒ္ဓဘာသာနဲ့ ကျင့်ကြံမှု ဝီရိယ၊ ယုံကြည်မှု သဒ္ဓါတရား ယုတ်လျော့လာတဲ့ လူငယ်များကြားမှာ မကျင့်ကြံနိုင်တဲ့ သူတွေက ကျင့်ကြံနေတဲ့သူတွေကို အဆိုးမြင်လာတာတွေ ဖြစ်လာတာကို တွေ့ရပြန်ပါတယ်။ သေချာတာကတော့ ဒီလို အဆိုးမြင်လာမှုတွေဟာ ဘာသာတရား၊ အထူးသဖြင့် ဗုဒ္ဓဘာသာ တရားကြောင့် ဖြစ်တာမဟုတ်ဘူးဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။
လူငယ်များနဲ့ အနေများတော့ လူငယ်တွေအကြောင်း သိလာတာတွေလည်း တစ်နေ့တစ်ခြား များပြားလာပါတယ်။ အထူးသဖြင့် မြန်မာလူငယ်များနဲ့ ဘာသာတရား အဆုံးအမများကြားမှာ ဖြစ်နေတဲ့ သဘောလေးတွေကို သိလာရတာ ပိုများလာပါတယ်။ အများအားဖြင့် အမည်ခံ ဗုဒ္ဓဘာသာများ ဖြစ်နေကြတဲ့ မြန်မာဗုဒ္ဓဘာသာ လူငယ်များဟာ အနှစ်သာရများထက် အပျော်အပါးများမှာ ပိုမိုအားသန်လာတာကို တွေ့နေရပါတယ်။ အသောက်အစား အပျော်အပါးများနဲ့ ယုံကြည်မှု သဒ္ဓါ၊ စဉ်စားဆင်ခြင်မှု ပညာ ယုတ်လျော့လာမှုများက ဘာသာတရား အဆုံးအမများအပေါ် အလေးမထားမှု၊ မလိုက်နာ မကျင့်သုံးမှုကို ပိုပြီးဖြစ်လာစေပါတယ်။ ပိုဆိုးတာက ကိုယ့်ကိုယ်တိုင် မကျင့်နိုင်တာကို သတိမပြုကြဘဲ ကျင့်ကြံသူတွေကို အဆိုးမြင်တတ်ကြတဲ့ အပြင် ထားလိုက်ပါကွာ၊ ရပါတယ်ကွာဆိုတဲ့ စကားတွေနဲ့ မကျင့်ကြံဖြစ်အောင် ပြောဆိုလေ့ရှိတာတွေက ပိုဆိုးပါတယ်။ ဒါကြောင့်လည်း တစ်ချို့ ဘာသာရေးအပေါ် စိတ်ဝင်စားတဲ့ လူငယ်တစ်ချို့ဟာ ဘာသာရေး လုပ်တာကိုပဲ တိုးတိုးတိတ်တိတ် ခိုးကြောင်ခိုးဝှက် လုပ်နေကြရသလို ဖြစ်နေတာ ဖြစ်ပါတယ်။
တစ်ချို့ လူငယ်တွေကလည်း ဆိုးတော့ဆိုးပါတယ်။ ကိုယ့်ကိုယ်တိုင် မလုပ်နိုင်တာကို မသိကျိုးကျွံပြုပြီး လုပ်တဲ့သူတွေကိုပဲ ဘာသာရေး မှိုင်းမိနေသလိုလို၊ ပေါက်နေသလိုလို၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာရေး လိုက်စားတာကိုပဲ မလုပ်ကောင်းတဲ့ အလုပ်ကို လုပ်နေသလိုလို၊ သူတို့ပျော်ပါးသလို မပျော်ပါး မသောက်စားတဲ့အခါဆိုရင် ဘာသာတရားကြောင့် ဂေါက်သွားသလိုလို စသဖြင့် တိုက်ရိုက်တစ်မျိုး၊ သွယ်ဝိုက်လို့ တစ်ဖုံ၊ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး အမျိုးမျိုး မထိတထိ ရိတိတိလုပ်တတ်တာတွေလည်း ကြားသိနေရပြန်ပါတယ်။
နောက် ဘာသာတရားလုပ်လာတဲ့ သူတစ်ချို့ရဲ့ လွဲမှားမှုတွေကြောင့် တစ်ချို့လူငယ်တွေက ဒီလိုဖြစ်တာ ဘာသာတရား လိုက်စားလို့ ဖြစ်တာဆိုတဲ့ အမြင်တွေ ဖြစ်လာတာလည်း ရှိတတ်ပါတယ်။ တစ်ချို့က ဘာသာတရား လိုက်စားပေမယ့် ဆရာကောင်း သမားကောင်းနဲ့ နည်းစနစ်ကျကျ မလိုက်စားမိဘဲ ပုဂ္ဂိုလ်ရေး ယုံကြည်ကိုးကွယ်မှုများနဲ့ အဲဒီပုဂ္ဂိုလ်ရဲ့ ဝါဒအတိုင်း လိုက်လုပ်မိရာက ဝါဒမှိုင်းမိပြီး တရားလည်းမရ ကိုယ်ကိုယ်တိုင်လည်း ကိုယ်အမူအရာ၊ နှုတ်အမူအရာ စတာတွေမှာ ပြောင်းလဲမှု မရှိတဲ့အပြင် ဘာသာရေးလုပ်ရင်း အပြောကြမ်းအလုပ်ကြမ်း အငြင်းအခုံကြမ်းတွေ ဖြစ်လာတဲ့အခါကျတော့ ဒါဟာ ဘာသာရေးကို လိုက်စားလွန်းအားကြီးလို့ ဖြစ်သွားတာလို့ အများရဲ့ ဝေဖန်စရာတွေ ဖြစ်လာတာ ဖြစ်ပါတယ်။ အမှန်တော့ ဒါဟာ လွဲမှားစွာ ကိုးကွယ်ရင်း နည်းစနစ်မမှန်တဲ့ အသင်အပြတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘာသာတရား လုပ်တော့မယ်၊ အထူးသဖြင့် ဝိပဿနာတရား အားထုတ်တော့မယ်ဆိုရင် ဆရာကောင်း သမားကောင်းကို အရင်ဆုံး ရှာဖွေဆည်းကပ်ကြဖို့ တိုက်တွန်းကြခြင်း ဖြစ်ပါတယ်။
ဒါ့အပြင် အများက မဟုတ်တာလုပ်နေတာ၊ သောက်တာစားတာတွေနဲ့ ပျော်ပါးနေတာ များနေတော့ ဒီအပျော်အပါးတွေကို ရှောင်ပြီး ကံငါးပါးကို လုံအောင် ကြိုးစားကြတဲ့ လူငယ်အချို့အတွက် ပေါင်းသင်းဆက်ဆံရေးမှာ အဆင်မပြေတာတွေ ရှိလာတာကိုလည်း တွေ့ရပြန်ပါတယ်။ အသောက်အစား အပျော်အပါး ဝါသနာများတဲ့ သူတွေနဲ့ အတူသွားအတူလာ မလုပ်နိုင်ဘဲ တစ်ယောက်တည်း အနေများလာတဲ့ အခါကျတော့ တစ်ချို့က ဘာသာတရား လိုက်စားတဲ့သူတွေဟာ လူမှုရေးတွေမှာ အဆင်မပြေဘူးလို့ ဆိုလာတဲ့သူတွေ ရှိသလို ဘာသာတရား အဆုံးအမအတိုင်း နေတတ်ကြတဲ့ သူတွေကျပြန်တော့လည်း ဘာသာတရားလုပ်ရင်း တဖြည်းဖြည်း တစ်ယောက်တည်း အထီးကျန်လာတာတွေ ဖြစ်လာတော့ အပေါင်းအသင်းကဏ္ဍ၊ လူမှုရေးကဏ္ဍတွေမှာ ဘေးရောက်လာတယ်လို့ ကိုယ့်ကိုယ်ကို ခံစားလာတွေလည်း ရှိလာပြန်ပါတယ်။
တကယ်တော့ ဒီလိုဘာသာတရား လိုက်စားတဲ့ သူတွေအနေနဲ့ လူမှုရေးပိုင်းမှာ အံဝင်ဂွင်ကျ ဖြစ်မလာတာတွေဟာ ဘာသာတရားကြောင့် မဟုတ်ပါဘူး။ ဘာသာတရား အဆုံးအမကြောင့် မဟုတ်ပါဘူး။ သောက်မှစားမှ ပျော်မှပါးမှ အပေါင်းအသင်းများတယ်၊ လုပ်ငန်းခွင် အဆင်ပြေတယ်၊ လူမှုရေး သိတတ်တယ်ဆိုတဲ့ ဒီနေ့ခေတ်ရဲ့ လူမှုရေးလို့ သတ်မှတ်ကြတဲ့ အချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ လူမှုရေးဆိုတာတွေကို အပျော်းအပါး အသောက်အစားတွေ၊ ကိလေသာအာရုံတွေနဲ့ ဖန်တီးလိုက်တဲ့အတွက် ကိလေသာနည်းအောင်၊ အကျင့်တရားကောင်းအောင် တားမြစ်ဆုံးမပေးတတ်တဲ့ ဘာသာတရားတွေနဲ့ ဆန့်ကျင်ဘက်လို ဖြစ်လာကာ ဘာသာတရားအတိုင်း နေထိုင်ကျင့်ကြံသူတွေနဲ့ပါ ဆန့်ကျင်လာသလို ဖြစ်လာရခြင်း ဖြစ်ပါတယ်။ ဒီလို သောက်မှစားမှ ပျော်မှပါးမှ လူမှုရေးအဆင်ပြေတယ်၊ လူမှုဆက်ဆံရေး ကောင်းတယ်ဆိုရင်တော့ လူမှုရေး အဆင်မပြေချင် နေပါစေ သံသရာရေး အဆင်ပြေဖို့ အရေးကြီးပါတယ်။
ကိလေသာအာရုံများမှာ လိုက်စားမှု အားကောင်းလာတဲ့ လူတွေများလာတဲ့ အခါဆိုတော့လည်း ဒါတွေရှောင်ကြတဲ့ သူအနည်းစုအတွက် အများလုပ်တဲ့အလုပ် မလုပ်တဲ့အခါ မလုပ်တဲ့သူကပဲ မှားသလို ဖြစ်လာတဲ့ သဘောပါပဲ။ ဘာသာတရားကြောင့် လူမှုရေးမှာ ထိခိုက်လာတာတော့ မဟုတ်ပါဘူး။ အဲလိုပြောမယ်ဆိုရင် ဘုရားလက်ထက်က သောတာပန်စတဲ့ အရိယာဘဝနဲ့ လူမှုရေးရော သာရေးနာရေးတွေမှာရော အားလုံးအဆင်ပြေပြီး လောကီလောကုတ္တရာ ကောင်းကျိုးတွေ ဖြစ်သွားကြတဲ့ သူတွေဆိုရင် ဘာကြောင့်လဲလို့ ထောက်ပြစရာ ဖြစ်လာပါတယ်။ အဓိကကတော့ သတ်မှတ်ချက် လွဲလာတာတွေ၊ အများစုက မဟုတ်တာ လုပ်လာတာတွေ များလာလို့ပဲ ဖြစ်ပါတယ်။
အမှန်တော့ ဗုဒ္ဓဘာသာ သဘောအရ ဘာသာရေးဟာ လူတိုင်းအတွက် လိုအပ်ပါတယ်။ အရွယ်မရေး လိုအပ်ပါတယ်။ လူကြီးများမှမဟုတ် လူငယ်များမှာလည်း လိုအပ်ပါတယ်။ စစ်မှန်တဲ့ နည်းစနစ်များနဲ့ အကျင့်မှန်အတိုင်း လိုက်နာသွားမယ်ဆိုရင် လူငယ်ပဲ ဖြစ်ဖြစ် လူကြီးပဲ ဖြစ်ဖြစ် ဘာသာတရား လိုက်စားတဲ့အတွက် အပြစ်ပြောစရာ ဝေဖန်စရာ မရှိနိုင်ပါဘူး။ ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကိုသာ ဟောတော်မူတဲ့အတိုင်း ကျင့်ကြံလိုက်နာနိုင်မယ်ဆိုရင် ကျင့်ကြံလိုက်နာသူရော၊ သူ့ကို အမှီပြုတဲ့သူတွေပါ ကောင်းကျိုးတွေကို ဖြစ်စေမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တရားတော်ရဲ့ ဂုဏ်တော်ထဲမှာကိုက ဗုဒ္ဓရဲ့ ဒီအဆုံးအမတရားတွေဟာ ကောင်းမွန်မှန်ကန်စွာ ဟောထားခြင်း၊ ကိုယ်တိုင်ဒိဋ္ဌသိမြင်နိုင်ခြင်း၊ ဝေဖန်ခံနိုင်ခြင်း၊ လုပ်နိုင်ရင်လုပ်နိုင်တဲ့အလျောက် အကျိုးတရား ဖြစ်ပေါ်စေခြင်း စတဲ့ ဝိသေသဂုဏ်များ ပါဝင်နေပြီး ဖြစ်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
တကယ်လုပ်ရင် တကယ်ရတယ်ဆိုတဲ့ အချက်ကို ဗုဒ္ဓဘာသာက လက်တွေ့အကောင်အထည် ဖော်ပေးနိုင်ပါတယ်။ တစ်ချို့လူငယ်တွေဆိုရင် ဗုဒ္ဓညွန်ကြားတဲ့အတိုင်း သီလလုံအောင်ထိန်းပြီး ဝိပဿနာ အလုပ်မှာ နည်းစနစ်မှန်မှန်နဲ့ လုပ်လိုက်တဲ့အတွက် သူတို့ကိုယ်တိုင် ကိုယ်အမူအရာ၊ နှုတ်အမူအရာ၊ စိတ်အမူအရာလေးတွေ နူးညံ့ပျော့ပြောင်းလာပြီး သူတို့ရဲ့ ရုပ်ရည်အဆင်းဟာ အပြစ်ကင်းပြီး ကြည်လင်အေးမြလာတာကို တွေ့ရတတ်ပါတယ်။ ပူလောင်မှုမရှိ လောဘဒေါသမရှိတဲ့ အသွင်အပြင်တွေက ကြည့်တဲ့သူတွေအထိ အေးငြိမ်းမှုကို ဖြစ်စေတာ တွေ့ရတတ်ပါတယ်။ ဒါဟာ ငယ်ပေမယ့် ဘာသာတရား အဆုံးအမတိုင်း လက်တွေ့လိုက်နာ ကျင့်သုံးနေထိုင်တဲ့ အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။
ဆိုလိုတာက ဘာသာတရားဟာ မှိုင်းတစ်ခု မဟုတ်ဘဲ ပုဂ္ဂိုလ်မရွေး၊ အရွယ်မရွေး လိုအပ်တဲ့ တရားဖြစ်တယ်ဆိုတာ သိစေချင်တာပါ။ အထူးသဖြင့် လူငယ်များကြားမှာ ဖြစ်တတ်တဲ့ ဘာသာတရားနဲ့ ပတ်သက်တဲ့ အမြင်တွေဟာ လွဲမှားနေပြီး ဘာသာတရားကြောင့် ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ ဘာအားနည်းတယ်၊ ညာအားနည်းတယ်ဆိုတဲ့ ယူဆချက်တွေဟာ ဗုဒ္ဓဘာသာရဲ့ အဆုံးအမတွေကို လက်တွေ့လိုက်နာကျင့်သုံးရင်း ပစ္စုပ္ပန်ငြိမ်းချမ်းမှုနဲ့ အတူ သံသရာအတွက်ပါ နေတတ်သေတတ်သွားတဲ့ ဘုရားတပည့်သား အစစ်အမှန် တပည့်ငယ်များ အတွက်တော့ ဒါဟာ လုံးဝကို လွဲနေတဲ့ အမြင်ပဲ ဖြစ်တယ်ဆိုတာ သဘောပေါက်စေချင်တာပါ။ ဆရာကောင်း သမားကောင်းထံမှာ နည်းခံပြီး စစ်မှန်တဲ့ နည်းစနစ်နဲ့ လက်တွေ့လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင် လူကြီးရော လူငယ်ပါ အချိန်မရွေး၊ အရွယ်မရွေး တရားစစ်တရားမှန်နဲ့ ငြိမ်းချမ်းရာအမှန်ကို ဗုဒ္ဓဘာသာက ဖော်ဆောင်ပေးနိုင်တယ်ဆိုတာ နားလည်စေချင်တာပါ။
ဒါကြောင့် လူငယ်များနဲ့ ဘာသာတရားကြား အထင်မှား အမြင်မှားနေတာတွေဟာ ဆုတ်ယုတ်လာတဲ့ သဒ္ဓါပညာတရားများ၊ တိုးပွားလာတဲ့ ကိလေသာတရားများ၊ လွဲမှားနေတဲ့ လောကပညတ် သတ်မှတ်ချက်များနဲ့ နည်းစနစ်မမှန်တဲ့ ကျင့်သုံးလိုက်နာမှုများ စတာစတာတွေကြောင့် ဖြစ်တယ်ဆိုတာ သဘောပေါက် သိမြင်ပြီး စစ်မှန်တဲ့ ညွှန်ကြားမှုနဲ့ လက်တွေ့လိုက်နာ ကျင့်သုံးမှုကို တိုက်ရိုက် အကောင်အထည်ဖော်ကာ စွမ်းနိုင်သမျှ ကျင့်ကြံနေထိုင်ရင်း လူငယ်ဖြစ်စေ၊ လူကြီးဖြစ်စေ ဘာသာတရား အဆုံးအမများနဲ့ ပစ္စုပ္ပန် သံသရာ နှစ်ဖြာ ကြီးပွားအောင် အသိနဲ့အကျင့် ထပ်တူဖြစ်စေဖို့ လိုကြောင်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
မေတ္တာဖြင့်
မနာပဒါယီ အရှင်ဝိစိတ္တ (ဒိုက်ဦး)
--------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ
0 Comments
Post a Comment