#လောဘနည်းလေချမ်းသာလေ
________________________

လောဘဆိုတာ လိုချင်တဲ့စိတ်၊ စွဲလန်းတဲ့စိတ်၊ အငမ်းမရ ဖြစ်နေတဲ့စိတ်ပါပဲ။

လောဘ လွန်ကဲလာပြီဆိုရင် အသိမဲ့သွားတယ်။ အကြောင်းအကျိုး အကောင်းအဆိုး နားမလည်တော့ဘူး။ " ဝိသမ လောဘ" လို့ ခေါ်တယ်။

ဒါကြောင့် လူတစ်ယောက်ဟာ လောဘ လွန်ကဲလာပြီဆိုရင် "ဝိသမ လောဘသမား" ဖြစ်သွားတယ်။

ဒီတော့ " ပိုက်ဆံရှိဖို့ အရေးကြီးတယ်၊ ပိုက်ဆံရမယ်ဆိုရင် ဘာပဲလုပ်ရလုပ်ရ" ဆိုပြီး ဒုစရိုက် လုပ်တော့တာပဲ။


ဒုစရိုက်လုပ်လို့ ချမ်းသာကောင်း ချမ်းသာမယ်။ ဒါပေမဲ့ သူ့ဘဝဟာ မငြိမ်းချမ်းပါဘူး။

လူကတော့ တိုက်ကြီးပေါ်မှာ နေနေတာပဲ။ ဒါပေမဲ့ စိတ်က ပျာယာခတ်နေတယ်။ စိတ်က မလုံခြုံတော့ ကျီးလန့်စားစား ဖြစ်နေတယ်။

ပစ္စည်းတော့ ချမ်းသာတယ်။ လူက မချမ်းသာဘူး။ "ပစ္စည်းရှိ လူဆင်းရဲ" ဆိုတာ "ဝိသမ လောဘသမား" ပါပဲ။

#တန်ရာတန်ကြေး
-------------

လောကကြီးမှာ ဘယ်အရာမဆို "တန်ရာတန်ကြေး" ဆိုတာ ရှိတယ်။ ဒါပေမဲ့ တန်ရာတန်ကြေး မပေးချင်ကြဘူး၊ အချောင် ရချင်ကြတယ်။ အဲဒါ လောဘကြီးလို့ပဲ။

ဒါကြောင့် ပြောကြတယ်လေ။ "ပေါချောင်ကောင်းလေး ရချင်လိုက်တာ" တဲ့။

တကယ်တော့ "ပေါချောင်ကောင်း" ဆိုတာ မရှိပါဘူး။ " ပေါတယ်, ချောင်တယ်" ဆိုမှတော့ ဘယ်လိုလုပ် ကောင်းတော့မှာလဲ။ စဉ်းစားကြည့်ရင် အဖြေက ရှင်းနေတာပါ။

ဒီလောက် ရှင်းပါလျက် အချောင် လိုချင်တယ်ဆိုတော့ အတော်ခက်သွားပြီ။ တရားခံက "လောဘ" ပဲ ဖြစ်ပါတယ်။

#ရွဲကုန်သည်ရဲ့လောဘ
------------------

ရွဲကုန်သည် သေရိဝဟာ အရောင်းအဝယ်လုပ်ရင်းနဲ့ အရိဋ္ဌပူရမြို့ ရောက်သွားတယ်။

အဲဒီမြို့မှာနေတဲ့ အဖွားအိုက ခွက်ဟောင်းကြီး ယူလာပြီး " ရွဲနှင့် လဲမယ်" လို့ ပြောလိုက်တော့ သေရိဝက အဲဒီခွက်ကို အပ်နှင့် ခြစ်လိုက်တယ်။ " ရွှေခွက်" ဆိုတာကို သိသွားတယ်။

ဒီတော့ " ဒီအဖွားကြီး ရွှေခွက်မှန်း မသိရှာဘူး၊ အခု လဲလို့ မဖြစ်သေးဘူး၊ ပြီးတော့မှ ပြန်လာပြီး ရွဲနှင့် လဲမယ်" လို့ အကြံထုတ်တယ်။

အဲဒီနောက် " အဖွားရဲ့ ခွက်က ဘာမှ အဖိုးမတန်ဘူး" ဆိုပြီး ပြန်ပေးလိုက်တယ်။ အချောင်ရချင်လို့ ဟန်ဆောင်လိုက်တာပဲ။

အဲဒီအချိန်မှာပဲ ဘုရားလောင်း ရွဲကုန်သည်က ရွှေခွက်ကြီးကို ပါသမျှ ရွဲတွေနှင့် လဲပြီး ယူသွားပါတော့တယ်။

သေရိဝဟာ ရွှေခွက်ကြီး သူများ လဲသွားပြီလို့ သိလိုက်တာနဲ့ " ငါတော့ လက်လွတ်ပြီ" ဆိုပြီး နောင်တ ရသွားတယ်။ အဲဒီနောင်တကြောင့် သူဟာ မူးလဲပြီး သေဆုံးသွားတယ်။

ဒီလိုဖြစ်ရခြင်းဟာ အချောင်လိုချင်တဲ့ လောဘကြောင့်ပါပဲ။ ဒါကြောင့် အချောင် မလိုချင်ကြနဲ့။ တန်ရာတန်ကြေး ပေးရမယ်။ ဒါမှ " သမ္မာအာဇီဝ" ဖြစ်မယ်။

"သမ္မာအာဇီဝ"ဆိုတာ တရားသဖြင့် ရှင်သန်ခြင်းပါပဲ။ တရားသဖြင့် ရှင်သန်မှလည်း ဘဝက ငြိမ်းချမ်းမှာပေါ့။

#လောဘနည်းတော့ရောင့်ရဲ
----------------------

တချို့လူတွေကြတော့ လောဘ ရှိတာ မှန်တယ်။ ဒါပေမဲ့ လွန်လွန်ကဲကဲ မဖြစ်ဘူး။ ဒီတော့ တရားလက်လွတ် မဖြစ်တော့ဘူး။

စီးပွားရှာလည်း တရားသဖြင့် ရှာတယ်။ လူမှုရေး လုပ်လည်း စေတနာ ရှေ့ထားပြီး လုပ်တယ်။ ဇွဲကလည်း ကောင်းတယ်။ "ငုတ်မိသဲတိုင် တက်နိုင်ဖျားရောက်" ဆိုတဲ့ ဇွဲမျိုးပေါ့။

ဒါကြောင့် တဖြေးဖြေးနဲ့ အောင်မြင် လာတယ်။ ကားတစ်စီးမှ နှစ်စီး ဖြစ်လာတယ်။ တိုက်တစ်လုံးမှ နှစ်လုံး ဖြစ်လာတယ်။ လုပ်ငန်းတွေလည်း တိုးချဲ့တယ်။

ဒါပေမဲ့ သူ့စိတ်ဓာတ် ပြောင်း မသွားဘူး။ ပုံမှန်လေးပဲ။ အဆင်ပြေလို့လည်း မာန မဖြစ်ဘူး။ "အကြောင်းစုံလို့ပဲ" လို့ သဘောထားလိုက်တယ်။ ဒီတော့ အူယားဖားယား မဖြစ်တော့ဘူး။

အဆင်မပြေလို့လည်း သောက မဖြစ်ဘူး။ " အချိန်မတန်သေးလို့ပဲ" ဆိုပြီး သဘောထားလိုက်တယ်။ ဒီတော့ ရင်ဘတ်စည်တီး မဖြစ်တော့ဘူး။

ဆိုလိုတာက နတ်သုဒ္ဓါ စားရလို့လဲ ဝမ်းမသာဘူး။ ထမင်းကြမ်း စားရလို့လဲ ဝမ်းမနည်းဘူးပေါ့။

အဲဒီလို ပုဂ္ဂိုလ်မျိုးကို " ရောင့်ရဲသူ" လို့ ခေါ်ပါတယ်။ အဲဒါ ဘာကြောင့် လဲ၊ လောဘနည်းလို့ပါ။

လောဘနည်းတော့ ရောင့်ရဲတယ်။ ရောင့်ရဲတော့ ဘာကိုမှ စွဲစွဲလန်းလန်း မဖြစ်တော့ဘူး။ အပိုအဆာတွေ မလိုချင်တော့ဘူး။ ရတာလေးနှင့် ကျေနပ်တယ်။

ရောင့်ရဲတယ်ဆိုတာ ပစ္စည်းဥစ္စာကို မရှာရဘူးလို့ မဆိုလိုဘူး။ ပစ္စည်းဥစ္စာကိုလည်း ရှာပါ၊ ရရင်လည်း ကျေနပ်ပါလို့ ဆိုလိုတယ်။

တချို့လူတွေ ရတော့ ရတယ်။ ဒါပေမဲ့မကျေနပ်ဘူး။ တစ်သိန်းဆု ပေါက်တဲ့ လူလိုပေါ့။ " တစ်သိန်းဆု ဆိုတော့ နည်းလိုက်တာ၊ ဆယ်သိန်းလောက် ပေါက်ရင် ကောင်းမှာ" ဒီလို ဖြစ်သွားတယ်။ သူဟာ ရပေမဲ့ မကျေနပ်ဘူး။ အဲဒါ မရောင့်ရဲလို့။

ဒါကြောင့် ဘယ်လောက်ရရ ရရင် ကျေနပ်ကြ။ နည်းနည်း ရလည်း ကျေနပ်ကြ၊ များများ ရလည်း ကျေနပ်ကြ။ အရေးကြီးတာက ဇွဲကောင်းကောင်းနှင့် အလုပ်လုပ်ဖို့ပါပဲ။

#ရှိတာကိုတွေးပါ
-------------

လောဘရဲ့ သဘောကတော့ ရလေလိုလေပဲ။ ဘယ်လောက်ရရ အားရတယ်ဆိုတာ မရှိဘူး။ ဒါကြောင့် လောဘနောက် လိုက်ရင် မဆုံးနိုင်ဘူး။

ဒီတော့ လောဘကို လျှော့ချရမယ်။ လောဘကို လျှော့ချနိုင်ဖို့အတွက် ရှိတာကို တွေးရမယ်။

ကိုယ့်မှာ စားစရာ ရှိတယ်၊ ဝတ်စရာ ရှိတယ်၊ နေစရာ ရှိတယ်။ အဲဒါကို တွေးလိုက်စမ်းပါ၊ ကိုယ့် ဘဝလေးဟာ ကျေနပ်စရာ ဖြစ်သွားတယ်။

#ဖြည့်ပြီးတွေးပါ
------------

အကယ်၍ ကိုယ့်မှာ မရှိရင်လည်း ဖြည့်ပြီး တွေးရမယ်။ ဒါဆိုရင် အလိုမကျတာတွေ အားငယ်တာတွေ မဖြစ်တော့ဘူး။

ကိုယ့်မှာ ကားမရှိလို့ ဝမ်းမနည်းနဲ့၊ ကားမရှိလည်း ဆိုင်ကယ် ရှိတယ်။ ဟုတ်တာပေါ့။ ဆိုင်ကယ်စီးပြီး ပြုံးနေတဲ့သူတွေ အများကြီးပဲ။

ဆိုင်ကယ် မရှိလို့ ဝမ်းမနည်းနဲ့၊ ဆိုင်ကယ် မရှိလည်း စက်ဘီး ရှိတယ်။ ဟုတ်တာပေါ့။ စက်ဘီးစီးပြီး ပြုံးနေတဲ့သူတွေ အများကြီးပါ။

စက်ဘီး မရှိလို့ ဝမ်းမနည်းနဲ့၊ စက်ဘီး မရှိလည်း ခြေထောက် ရှိတယ်။ ဟုတ်တာပေါ့။ ခြေလျှင် လျှောက်ပြီး ပြုံးနေတဲ့သူတွေ အများကြီးပါ။

ခြေထောက် မရှိလို့ ဝမ်းမနည်းနဲ့၊ ခြေထောက် မရှိလည်း (ဝှီးချဲ) ဘီးတပ်ကုလားထိုင် ရှိတယ်။ ဟုတ်တာပေါ့။ ဝှီးချဲပေါ်မှာ ပြုံးနေတဲ့ သူတွေ အများကြီးပါ။

တကယ်တော့ အပြုံးဆိုတာ ဒုက္ခ မရှိလို့ မဟုတ်ဘူး၊ ဒုက္ခကို မေ့နိုင်လို့ပါ။ ဒါကြောင့် ဒုက္ခကို မေ့နိုင်အောင် ကြိုးစားကြ။ ဒုက္ခကို မေ့နိုင်ဖို့အတွက် ဖြည့်ပြီး တွေးကြစမ်းပါ။

ဒီလို ဖြည့်ပြီး တွေးလိုက်တော့ ဘဝဟာ ပြည့်စုံသွားတယ်။ ပြည့်စုံမှတော့ ချမ်းသာပြီပေါ့။

"သတ္တဝါခပ်သိမ်း၊ တရားကိန်း၊ အေးငြိမ်းချမ်းသာ ရှိပါစေ"
______________________
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ
-----------
(သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ)
-------
ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ
ပြုပြင်ထားသည့် သင်္ခါရ တရားမှန်သမျှသည်
ပျက်စီးခြင်းလျင် နိဂုံးရှိသဖြင့် မမေ့မလျော့သော
သတိတရားဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြလော့။
-----------
ကောင်းမှုမြတ်နိုး ကောင်းအောင်ကြိုး၍
ကောင်းကျိုးကိုယ်၌ တည်ပါစေ
#ဝေလင်းထိုက်