သေခြင်း ၃မျိုး
(၃) ခဏိကမရဏ..
. (ခ) ရုပ်ဓာတ်၏ခဏိကမရဏ... (အပိုင်း-၆) (နောက်ဆုံးပိုင်း) ++++++++++++++++++++
(ခ) ရုပ်တရားတို့၏ ခဏိကမရဏ၌လည်း ခက်မာမှု, နူးညံ့မှုဟူသော မြေဓာတ်၏ မရဏ, ဖွဲ့စည်းတွယ်ကပ်မှုဟူသော ရေဓာတ်၏ မရဏ, ပူမှုအေးမှု ချမ်းမှုဟူသော မီးဓာတ်၏မရဏ, လှုပ်ရှားမှု, ကြရွမှု, တောင့် တင်းမှုဟူသော လေဓာတ်၏မရဏ ထိုဓာတ်ကြီးလေးပါး၌မှီသော စက္ခုအကြည်၏ မရဏ, သောတအကြည်၏ မရဏ စသည်ဖြင့် များသော အပြားရှိ၏၊ ခဏိကဇာတိ, ခဏိကဇရာတို့၌ ပြဆိုခဲ့ပြီးသော နည်းကို မှီ၍ ဤခဏိကမရဏကိုလည်း သိလေ။ ပုဂ္ဂိုလ်, သတ္တဝါ, အင်္ဂါကြီးငယ်အစရှိသော သဏ္ဌာန်မျိုးကို ပယ်ဖျောက်၍ ကိုယ်တွင်းမှာ သက်သက်သော မာမှုနူးညံ့မှု, သက်သက်သော ပူမှုအေးမှု အစရှိသော ဓာတ်သဘော ပရမတ်သဘောကို မိမိရရ မြင်နိုင်မှ ထိုဓာတ်တို့၏ ခဏိကမရဏကို မြင်နိုင်ရာသည်။ ခဏိကဇာတိ, ခဏိကမရဏကို မြင်နိုင်ရန် အခွင့်သည် အလွန်ခဲယဉ်း၏။ သန္တတိဇာတိ, သန္တတိဇရာ, သန္တတိမရဏတို့ကို မြင်နိုင်လျှင်ပင် ဝိပဿနာ သမ္မာဒိဋ္ဌိ ကောင်းကောင်းဖြစ်တော့သည်၊ တာရှည်လေးမြင့် စွဲစွဲမြဲမြဲ ပွားများနိုင်လျှင် သက္ကာယဒိဋ္ဌိ ငရဲမီးကို သတ်ငြိမ်းစေနိုင်တော့ သည်။ လေငြိမ်ရာ အရပ်၌ ထွန်း၍ထားသော မီးတောက်မီးလျှံကို စေ့စေ့ ကြည့်၍ နေလျှင် လူလူ လူလူ နေသည်ကို မြင်ရ၏၊ လူလူတက်မှု ဟူသမျှ သည် ခဏိကဇာတိတည်း၊ အသစ်အသစ် ဖြစ်ပေါ်မှုတည်း၊ ထိုအသစ် အသစ် ဖြစ်ပေါ်မှုဟူသမျှသည် အဟောင်းပျက်မှုကို အစားစိုက်မှုချည်း တည်း၊ အဟောင်းပျက်မှုစုကား ပျောက်ကွယ်မှုဖြစ်၍ မျက်စိမမြင်ရာသို့ မြုပ်လေ၏၊ အသစ်ဖြစ်မှုကား မျက်စိမြင်ရာသို့ ပေါ်၍ လာ၏၊ ပျက်မှု သည် ဉာဏ်မျက်စိ၏ အရာတည်း။ မီးတောက်မီးလျှံ၌ ဧရာတည်ဖြစ်သော မြေဓာတ်သည် အလွန် အားနည်း၏၊ ထိုမြေဓာတ်ကို မှီတွယ်၍ တောက်သော မီးဓာတ်သည် အလွန်ထက်သန်၏၊ မှီရာမြေဓာတ် ခဏချင်း ခဏချင်း ကုန်အောင် လောင်၏၊ စား၏၊ မြေဓာတ်၏ ခဏခဏ ကုန်မှုကို ဉာဏ်နှင့် ကြည့်မှ ခဏခဏ မီးပျက်မှု ထင်ရှား၏။ သတ္တဝါတို့၏ ကိုယ်ခန္ဓာသည်လည်းဓာတ်မီးခဲကြီးအတိ ဖြစ်၏၊ ဓာတ်မီးတုံးကြီးအတိ ဖြစ်၏၊ မီးဟူသမျှသည်တလူလူနေသည်ချည်း၊ ကိုယ်ခန္ဓာကြီးသည် ထိုမီးတောက် မီးလျှံအလားပင်တည်း။ ။ဘယ်နေရာကို မဆို လက်နှင့် စိစိစမ်း၍ ဉာဏ်နှင့်စေ့စေ့ကြည့်မှ အေးလျှင်လည်း အေးရှိန် တလူလူတွေ့ရ၏၊ ပူလျှင်လည်းပူရှိန် တလူလူတွေ့၏၊ တလူလူဖြစ်နေသမျှ ဖြစ်မှုပျက်မှုချည်း၊ “ယထာပုဗ္ဗုဠကံ ပဿေ”ဟူသောပုဒ်မှာ ပြခဲ့သော ရေပွက်ဥပမာအတိုင်း ထင်မြင်အောင်ကြည့်လေ
 ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီး
----------