သေခြင်း ၃မျိုး
မရဏ (သေခြင်း)...
.. (၂) သန္တတိမရဏ (အပိုင်း-၄) 
<<<သောတ၊ ဃာန ၊ကာယ၊ မနော အကြည်မှာ ပေါ်ကြသော နာမ်ဓာတ်စု၏ သန္တတိမရဏ>>><<<ရုပ်၏ သန္တတိမရဏ>>> +++++++++++++++++++++
+ (၁) သောတ အကြည်မှာ ပေါ်ကြသော နာမ်ဓာတ်စု၏ သန္တတိမရဏ အသံကြားတိုင်းကြားတိုင်း သောတအကြည်ပေါ် မှာဖြစ်ပေါ်လာကြကုန်သော သောတဝိညာဏ်အမူးရှိသော အသံကြား နာမ်ဓာတ်တို့မှာလည်း ကြား၍ နေဆဲအခါ သန္တတိဇာတိဖြစ်မှု, အသံတိတ် ၍မကြားဘူးဟု ဖြစ်သောအခါ သန္တတိမရဏ ဆိုက်မှုကိုသိအပ်၏။ ။ အနာစောင်းကြီး ဥပမာ၌လည်း သောတအကြည်သည်အနာနှင့် တူ၏။ ဗဟိဒ္ဓမှ အသံအမျိုးမျိုး ခိုက်ဆဲ,တိုက်ဆဲအခါ၌ သောတအကြည်ပေါ်မှာ ပွက်ပွက်ဆူ ဖြစ်ပေါ်ကြသော အသံကြားနာမ်ဓာတ်တို့သည် အနာ၌ ဖြစ်ပေါ်ကြသော သံသေဒဇ ပိုးငယ်တို့နှင့်တူသည်၊ အသံတို့မည်သည် အထည်ဝထ္ထုရှိသော ဓာတ်မျိုးမဟုတ်သော ကြောင့် ဖြစ်ပေါ်မှု, ချုပ်ပျောက်မှုအလွန်ထင်ရှား၏။ ဗဟိဒ္ဓ၌ အသံချုပ် ပျောက်သည်နှင့် တပြိုင်နက်နားထဲမှာ ကြားမှု ချုပ်ပြောက်၏။ ။ကြားမှု ဆိုသည်ကား သောတဝိညာဏ်အမှူးရှိသော ဖဿ, ဝေဒနာအစရှိသော နာမ်ဓာတ်စုပင်တည်း၊ ကြားသည်ဟူ၍ကား သိကြ၏၊ ဓာတ်အသီးအခြား ပေါ်မှုဟူ၍ကား မသိကြသောကြောင့်ငါကြားသည်, ဘယ်သူ ကြားသည် ဟု သက္ကာယဒိဋ္ဌိ ဖြစ်၍ နေကြ၏။
 (၂) ဃာန အကြည်မှာ ပေါ်ကြသော နာမ်ဓာတ်စု၏ သန္တတိမရဏ နှာခေါင်းမှာ အနံ့ နံတိုင်း နံတိုင်း ဃာန အကြည်ပေါ်မှာ အနံ့ယူ နာမ်ဓာတ်စု ဖြစ်ပေါ်မှု, သေဆုံးမှု, လျှာပေါ်သို့အချို အချဉ်အစရှိသော ကောင်း, မကောင်းသော အရသာတို့ကို သုံးဆောင်တိုင်း သုံးဆောင်တိုင်း ဇိဝှါအကြည်ပေါ်မှာ အရသာယူ နာမ်ဓာတ်စု၏ ဖြစ်ပေါ်မှု, သေဆုံးမှု တို့၌လည်း နံသည်, မွေးသည်ဟု သိကြသည်၊ ဓာတ်ပေါ်မှု, ဓာတ်သေမှု ဟု မသိကြ၊ သက္ကာယဒိဋ္ဌိ-သာဖြစ်၍နေကြ၏၊ လျှာ၌ရောက်သော အရသာတို့ကိုလည်း ချိုသည်,ချဉ်သည် သိကြ၏၊ ချိုမှု,ချဉ်မှု ပျောက်ပြယ် ကွယ်ဆုံးမှုကိုလည်း သိကြ၏၊ ဓာတ်ပေါ်မှုဟုမသိကြ၊ 
 (၃) ကာယအကြည်မှာ ပေါ်ကြသော နာမ်ဓာတ်စု၏ သန္တတိမရဏ ကာယအကြည်မည်သည် အတွင်းအပြင်တကိုယ်လုံး အပြည့်ရှိ၏၊ မြေဓာတ်, မီးဓာတ်,လေဓတ်ဟူသော ဖောဋ္ဌဗ္ဗဓာတ် ၃-ပါးသည်လည်း တကိုယ်လုံးမှာရှိသော ဖောဋ္ဌဗ္ဗသုံးပါး, သူတပါးတို့၏က်ုယ်အင်္ဂါကြီးငယ် အဝတ် ပုဆိုး အခင်း အရုံစသော ဗဟိဒ္ဓမှာရှိသော ဖောဋ္ဌဗ္ဗ-၃ပါး၊ သွားလာထကြ၍ ဦးခေါင်း တွင်း, ဦးနှောက်တွင်း, ရင်တွင်း, ဝမ်းတွင်း, အဆုတ်တွင်း, အသည်းတွင်း လှုပ်ရှားမှန်းသိမှု၊ ခါးတွင်း, ပေါင်တွင်း, ခြေတွင်း လှုပ်ရှားမှန်းသိမှုတို့၌ လှုပ်ကြသော အတွင်းဝါယော ထိခိုက်မှုကြောင့် ခိုက်သမျှနေရာ၌ ကာယ ဝိညာဏ်အမှူးရှိသော နာမ်ဓာတ်စုသည် ပွက်ပွက်ဆူ ဖြစ်ပေါ်၏၊ အလှုပ် ပျောက်တိုင်း ပျောက်တိုင်းသိ၏၊ ထို့အတူကိုယ်တွင်း, ဦးခေါင်းတွင်း,ရင်တွင်း, ဝမ်းတွင်း, ခါးတွင်း, ပေါင်တွင်း, ခြေသလုံးတွင်း, ခြေဖဝါးတွင်းတို့၌ ပူလျှင်ပူမှန်းသိမှု, နွေးလျှင်နွေး မှန်းသိမှု, အေးလျှင်အေးမှန်းသိမှု, ညောင်းလျှင်ညောင်းမှန်းသိမှု, ညာလျှင်ညာမှန်းသိမှု, နာလျှင်နာမှန်းသိမှု, ကျင်လျှင်ကျင်မှန်းသိမှု စသည်တို့၌လည်း ကာယနာမ် ဓာတ်စု ဖြစ်ပေါ်မှု, သေဆုံးမှု ဓာတ်သချုႋင်း ကျမှုကိုသိလေ၏။ ဗဟိဒ္ဓမှ အဝတ်အရုံစသည်နှင့် ထိခိုက်ရာ၌လည်းကောင်း။ သူတပါး၏ ကိုယ်အင်္ဂါနှင့် မိမကိုယ်အင်္ဂါထိပါးရာ၌ လည်းကောင်း၊ မီးရှိန်မီးပူ ထိပါးရာ၌လည်းကောင်း၊ နေပူရှိန် ထိပါးရာ၌ လည်းကောင်း၊ ဆောင်းအေးရှိန်ထိပါးရာ၌လည်းကောင်း၊ တုံး, တိုင်, ခလုတ်, ဆူးငြောင့် စသည်တို့နှင့် ခိုက်မိ တိုက်မိရာ စူးမိရာ နာရာ ကျင်ရာ တို့၌လည်းကောင်း ကာယနာမ်ဓာတ်တို့၏ ဖြစ်ပေါ်မှု ပျက်ကွယ်မှုကို သိလေ။ ။နာမ်ဓာတ်တို့၏ ပေါ်မှု, ပျက်မှုကို မသိကြကုန်သော အန္ဓ ပုထုဇဉ်တို့မှာ ငါပူသည်, ငါအေးသည်, ငါချမ်းသည်,ငါနာသည်, ငါကျင် သည် ဤသို့စသည်ဖြင့် သက္ကာယဒိဋ္ဌိချည်းပင် ဖြစ်လေ၏။
 (၄) မနောအကြည်မှာ ပေါ်ကြသော နာမ်ဓာတ်စု၏ သန္တတိမရဏ နှလုံးအိမ်အတွင်း၌ ဟဒယဝတ္ထုခေါ်သော ရုပ်တစုသည် တည် ရှိ၏။ စမ်းရေအိုင် စမ်းရေတွင်, စိမ့်ရေအိုင် စိမ့်ရေတွင်း, စမ်းရေပွက်တို့မှ တစိမ့်စိမ့် တသွင်သွင် စမ်းရေအလျဉ် စမ်းရေပွက် ပေါ်ထွက်၍နေဘိ သကဲ့သို့ ထိုဟဒယရုပ်မှ ဘဝင်ဟုဆိုအပ်သော မနောအကြည်သည် မပြတ်မစဲ အမြဲအစဉ် ပေါ်ထွက်၍နေ၏။ အာရုံခြောက်ပါးတွင် တပါးပါးထိခိုက်လာသောအခါ အာဝဇ္ဇန်းကိစ္စ, ဇောကိစ္စတို့ဖြင့် ကာယကံမှု,ဝစီကံမှု, မနောကံမှုအနေနှင့်လျှမ်းလျှမ်းတက် ထကြ၏။ အာရုံစဲပြန်လျှင် ကျမြဲ ကျပြန်၏။ အာရုံအသစ် ထင်မှုရှိလျှင် ထိုဘဝင်မနောသည် မသေရုံမျှ ခန္ဓာကို စောင့်ရှောက်မှုနှင့် တလစ်လစ် တဖွေးဖွေး အစဉ်မပြတ်ဖြစ်၍ နေ၏။ အာရုံခြောက်ပါးတွင် တပါးပါးထင်လာသည်ရှိသော် အာရုံ အားကြီးအားငယ်သို့လိုက်၍ အာဝဇ္ဇန်းကိစ္စ,ဇောကိစ္စတို့နှင့် တဟုန် တည်းထလေ၏၊ အာရုံစဲပြန်လျှင် ကျမြဲကျပြန်လေ၏၊ ညဉ့်အခါ၌အိပ်ပျော်နေသောအခါ ဘဝင်ကိစ္စမျှနှင့် မသေရရုံ အစဉ်မပြတ်ဖြစ်၍ နေ၏၊ အိပ်ရာက နိုးသည်မှစ၍ တစ်နေ့ပတ်လုံး အထလည်းမစဲ အကျ လည်းမစဲ ခုတင် ခုထ ခုကျဖြစ်နေ၏၊ ထမှုမှာလည်း လောဘပူး ဝင်၍ လောဘနှင့်တကွ ထ-သောအခါထိုသူသည် လောဘအကြံကို ကြံ၏၊ ထို့ထက်အားကြီးစွာ ထ-သောအခါ လောဘစကားတွေထွက်၍ ပေါ်၏။ ထို့ထက်အားကြီးသောအခါ ကိုယ်အင်္ဂါတို့ကို ချီကြလှုပ်ရှား၍ လောဘ အာရုံရှိရာသို့ သွားလာလုပ်ကိုင်ခြင်းအမှုကိုပြု၏၊ ဒေါသပူးဝင်မှု, မာနပူး ဝင်မှု, သဒ္ဓါပူးဝင်မှု,ပညာပူးဝင်မှု စသည်တို့မှာလည်း ပူးဝင်လာသော အဂန္တုကဓာတ် အားလျော်စွာ ကာယကံမှု, ဝစီကံမှု, မနောကံမှုတို့သည် တစ်နေ့ပတ်လုံး အိပ်ရာ၌ အိပ်၍မပျော်သမျှကာလပတ်လုံး တလှုပ်လှုပ် နေကုန်၏။ ကာယကံမှုတို့တွင် မျက်တောင်ခတ်မှုသည် အလွန်လျင်မြန် ၏၊ ထိုမျက်တောင် တစ်ချက်တစ်ချက်သည် ဇောတစ်သုတ်တစ်သုတ် ထ၍ မှုတ်မှုပေတည်း၊ ဇောအဟုန်မည်သည် ဘယ်မျှလောက် လျင်မြန် သည်စု သိရန်အချက်တည်း။ ။ခြေတစ်လှမ်းတစ်လှမ်းလျှင် ဇောအသုတ် ပေါင်းတစ်ရာမက ထ၍ မှုတ်မှုပြီးစီးသည်၊ ဇောတသုတ် တသုတ်ဆို သည်မှာလည်း တကြိမ်ထ-သော ဇောတစ်ခါသေသည်ကို တသုတ် ခေါ်သည်၊ ဇောအသုတ် တရာရှိလျှင် သေဘေးတရာ သင့်၏၊ ဇော သင်္ချိုင်း တရာကျ၏ သေမင်း၏ လက်သို့ အခါတရာ ပါ၏၊ <<<ရုပ်၏ သန္တတိမရဏ>>> ရုပ်၏ သန္တတိမရဏကိုမူကား ရှေး၌ ပြဆိုခဲ့သော သွားခြင်းအမှု၌ ခြေတလှမ်း ခြေတလှမ်းအချတွင် ခြေဖဝါးမှ ငယ်ထိပ်ပေါက်အောင် ထိတ်ခနဲ ထိတ်ခနဲ ရုပ်ကြွမှု, ရုပ်ထမှုထင်ရှားရာ၌ မချမီတစ်ကိုယ်လုံးသည် အောက်သို့တွဲ၍နေ၏။ ခြေချသည်နှင့် တပြိုင် နက် အထက်သို့ရိုက်သော ဝါယောဟုန် ဖြစ်ပေါ်၏။ အထက်သို့ရိုက် မှန်းသိကြ၏။ ထိတ်ခနဲဖြစ်သွားမှန်းသိကြ၏။ ထိုဝါယောမပေါ်မီရှိသော ရုပ်ကိုယ်ကြီးသည် ထိုဝါယောပေါ်သည်နှင့် တပြိုင်နက်မီးတောက်ကြီး သေပျောက်သကဲ့သို့ သေပျောက်လေ၏။ အနိစ္စရောက်လေ၏။ သေမင်း နိုင်ငံသို့ပါလေ၏။ မြင်နိုင်ခဲစွ၊ တိဟိတ်ဉာဏ်မျိုးမှ မြင်နိုင်ရာသည်။ အထက်သို့တပြိုင်နက် ရိုက်ချက်ကား အသစ်ဖြစ်ပေါ်သော ဝါယော၏ ဇာတိမှုတည်း။ ။ ယမ်းပုံသို့မီးကျ၍ မီးတောက်ထသကဲ့သို့ မြန်၏။ ထိုတစ်ကိုယ်လုံး အကုန်အထက်သို့ရိုက်မှု, ခဏချင်းရပ်၍ ပျောက်၍ သွားပြန်မှုလည်း ထင်ရှားသိကြ၏။ ထိုထိတ်ခနဲ ထင်လိုက်မှု ပျောက်ကွယ်ချက်ကိုလည်း သိကြ၏။ ရိုက်သောဝါယော မီးတောက်ကြီး သေမှုပေတည်း။ ဝါယောဓာတ်ချုပ်မှု, အနိစ္စရောက်မှုတည်း။ ထိုဝါယော တွေချုပ်သည်နှင့် တပြိုင်နက် တချက်တည်း။ မြေဓာတ် လေဓာတ်လွန် ကဲသော ရုပ်စု,ရုပ်ခဲ ဖြစ်မြဲဖြစ်၏။ ။ တဖန်ခြေချပြန်လျှင်မီးတောက်ကြီးရုတ်တရက်သေသကဲ့သို့ ထိုရုပ်ခဲစုသေပျောက်ပြန်၏။ ။ ဤခြေလှမ်းချက်၌ ဓာတ်သစ်ဖြစ်ပေါ်မှု, ဓာတ်သစ်သေမှု, ရုပ်သေမှု,ခဏမစဲ ကိုယ်လုံးကျွတ် ရုပ်သစ်ရုပ်ဟောင်းပြောင်းလဲမှုကို ဉာဏ်မျက်စိပေါက်အောင် မြင်နိုင်လျှင်ပင် တိဟိတ်ဉာဏ်မှန်ပေ၍ အရာတိုင်းမှာ မြင်နိုင်ကြလတံ့။ အလွန်သိမ်မွေ့စွ၊ အချက်ရှာတတ်မှ မြင်ကြမည်၊ ထိုမှတပါး မိမိကိုယ်မှာ ထိုထိုနေရာ၌ ပူ၍လာသည်ကိုလည်းသိကြ၏။၊ အပူပျောက် သည်ကိုလည်းသိကြ၏၊ အေးသည်ကိုလည်းသိကြ၏၊ အအေးပျောက် သည်ကိုလည်းသိကြ၏၊ ညောင်းညာ၍ လာသည်ကိုလည်း သိကြ၏၊ ပျောက်သည်ကိုလည်း သိကြ၏။ ဤသို့အစရှိသည်ဖြင့် ရုပ်မရဏ, ဓာတ် မရဏ, ရုပ်သေမှု,ဓာတ်သေမှု, ရုပ်အနိစ္စ, ဓာတ်အနိစ္စ, ရုပ်သင်္ချိုင်းကျမှု, ဓာတ်သင်္ချိုင်းကျမှုတို့ကို သိကြလေကုန်။
 ကျေးဇူးတော်ရှင်လယ်တီဆရာတော်ကြီး
----------
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ