သေခြင်း ၃မျိုး

မရဏ (သေခြင်း).....(၃)

ခဏိကမရဏ (အပိုင်း-၅) ++++++++++++++++++

(က) နာမ်ဓာတ်၏ခဏိက မရဏ၊

(ခ) ရုပ်ဓာတ်၏ခဏိကမရဏ...ဟူ၍နှစ်ပါးအပြားရှိ၏။

(က) နာမ်ဓာတ်၏ မရဏ သည်လည်း- (၁) စက္ခုဝိညာဏ်အမှူးရှိသော အမြင်နာမ်စု၏ မရဏ၊

(၂) သောတဝိညာဏ်အမှူးရှိသော အကြားနာမ်စု၏မရဏ၊

(၃) ဃာန ဝိညာဏ်အမှူးရှိသော အနံ့ခံနာမ်စု၏ မရဏ၊

(၄) ဇိဝှါဝိညာဏ် အမှူးရှိ သော အရသာခံနာမ်စု၏ မရဏ၊

(၅) ကာယဝိညာဏ် အမှူးရှိသော အထိအသိနာမ်စု၏ မရဏ၊

(၆) မနောဝိညာဏ်အမှူးရှိသော အကြံ အဖန်နာမ်စု၏ မရဏ ဟူ၍ ခြောက်ဂိုဏ်းရှိ၏။ ဖဿ၏ မရဏ, ဝေဒနာ၏မရဏ, လောဘ၏မရဏ, ဒေါသ၏မရဏ, သဒ္ဓါ၏မရဏ, ပညာ၏ မရဏ စသည်ဖြင့်များစွာရှိ၏။ ။ သန္တတိမရဏကိုပြဆိုသော အခန်း၌ ဇော တသုတ်ထ၍ ကျပျောက်မှုကို မရဏတခုဟု ဆိုခဲ့သည်ကား သန္တတိ မရဏတည်း။ ခဏိက မရဏမှာမူကား ထိုဇောတသုတ်အတွင်း၌ပင်လျှင် ပထမဇော၏သေမှုတခြား, ဒုတိယဇော၏သေမှုတခြား, တတိယဇော၏ သေမှုတခြားစသည်ဖြင့် မရဏတရားများပြားလေ၏။ အနှစ်အဆီပြည့်သောသစ်စေးနှစ်ကို မီးရဲရဲစွဲလောင်၍နေသည်ကို စေံစေ့ကြည့် လျှင်မီးရွရွရွရွနေသည်ကိုမြင်လတံ့။ ရွရွရွရွဖြစ်မှု မည်သည်ကား ပျက်မှုနှင့် ဖြစ်ပေါ်မှု ထွေးယှက်ချက်ပေတည်း။ ဤဥပမာလည်း ရှေး၌ ပြဆိုခဲ့ပြီ၊ မုန့်ညင်းစေ့ပမာဏရှိသော ယမ်းမီး ဥပမာလည်း ပြဆိုခဲ့ပြီ။ ။ပဋိသန္ဓေ တည်နေသည်မှစ၍ တစ်ဘဝလုံး စက္ခုစသော အကြည်ဒွါရ ခြောက်ဌာန တွင် အလှည့်အလည်အားဖြင့် ခဏမစဲတလစ်လစ် တလက်လက် အတွင်ဖြစ်, အတွင်ပျက် မျက်တောင်တခတ်ခန့်ကာလမှာ နာမ်၏မရဏ ကာလပေါင်း တစ်ထောင်မက လျင်မြန်လှ၏။ လျင်မြန်ပုံကို ယုတ္တိနှင့် ဆိုပေအံ့။ ။ ဝိညာဏ်နှင့်အတူတကွ ဖြစ်ပေါ်ကြသော နာမ်အစု နာမ်အခဲမည်သည် ခန္ဓာကိုယ်မှာနှစ်ခုပြိုင်၍ ဖြစ်ရိုးမရှိ၊ စက္ခုမှာ ဖြစ်ကြခိုက် စက္ခုမှာသာ ရှိ၏၊ တစ်ကိုယ်လုံးမှာ မရှိ၊ သောတမှာ ဖြစ်ကြခိုက် သောတမှာသာ ရှိ၏။ တစ်ကိုယ်လုံးမှာ မရှိ၊ ဃာနမှာ ဖြစ်ကြခိုက် ဃာနမှာသာ ရှိ၏။ တစ်ကိုယ်လုံးမှာ မရှိ၊ ဇိဝှါမှာ ဖြစ်ကြခိုက် ဇိဝှါမှာသာ ရှိ၏။ တစ်ကိုယ်လုံးမှာ မရှိ၊ ဟဒယဝတ္ထုမှာ ဖြစ်ကြခိုက် ဟဒယဝတ္ထုမှာသာ ရှိ၏။ တစ်ကိုယ်လုံးမှာ မရှိ၊ ကာယမှာ လည်း ခြေဖဝါးမှာ ဖြစ်ကြခိုက် ခြေဖဝါးမှာသာ ရှိ၏။ တစ်ကိုယ်လုံးမှာ မရှိ၊ လက်ညှိုးလက်ဖျားမှာ ဖြစ်ကြခိုက် လက်ညှိုးလက်ဖျားမှာသာ ရှိ၏။ တစ်ကိုယ်လုံးမှာ မရှိ။ ။ ဤနည်းအတိုင်း တစ်ကိုယ်လုံးမှာသိလေ။ ။ ထိုသို့ဖြစ်သော်လည်းအတုမရှိ မြန်လှသည့်အတွက်ကြောင့် မြင်မှု, ကြားမှု, နံမှု, လျက်မှု, ပူမှု, ချမ်းမှု, ကြံဖန်မှုတို့သည် တပြိုင်နက် ပြိုင်၍ဖြစ်သည်ဟု ထင်ကြရကုန်၏။ ဥပမာကား-မြန်မှုတွင် အတိတ်ရဖြစ်သော ဘုရားအလောင်း တော် ဇဝနဟင်္သာမင်းကြီးသည် မိတ်ဆွေဖြစ်သော ဗာရာဏသီမင်းကြီးထံ လာရာ အစွမ်းကိုပြခြင်းငှာ ဗာရာဏသီပြည် ပေါ်မှာဝဲလေ၏၊ ဗာရာ- ဏသီပြည်ပေါ်မှာ ကြည့်လေရာရာ ဟင်္သာချည်းဖြစ်နေ၏၊ ဤအတူ အေးစွာသောရေကို ချိုးလောင်းရာ တစ်ကိုယ်လုံး အေးမှုကို တစ်ပြိုင်နက် တည်းသိ၍နေသကဲ့သို့ထင်ရ၏။ ။ ထိုသို့ပြိုင်၍ နှစ်ဌာနမျှ ဖြစ်သည်ဟု မရှိ၊ အာရုံထိခိုက်မှု အားရှိရာ, မနသိကာရ အားကြီးရာတို့၌ အစဉ်အား ဖြင့်သာ ပေါ်၍သွား၏။ ခြေဖျား၌ အာရုံထိခိုက်မှုအားကြီးခဲ့လျှင်ခြေဖျားမှာဖြစ်ပေါ်၏၊ လက်ဖျားမှာ အာရုံထိခိုက်မှု အားကြီးခဲ့လျှင်လက်ဖျားမှာ ဖြစ်ပေါ်၏၊ တစ်ကိုယ်လုံးမှာ ဤနည်းတူသိလေ။ ။ အတွင်းအပြင် တစ်ကိုယ်လုံးမှာ အပ်ဖျားနှင့် ထိုး၍ စမ်း၊ နာကောင်းသမျှနေရာစုသည် သိတ်ပေါ်ထွက်နိုင်သော နေရာချည်းတည်း။“တစ်ကိုယ်လုံးမှာ ဖြစ်နိုင်၏, နှံ့၏” ဟူသော်လည်း နှလုံးအိမ်ထဲမှာစမ်းရေ စိမ့်ရေကဲ့သို့ အမြဲဖြစ်၍ နေသည်၊ တခြားတပါးသော နေရာဌာနမှာ ဖြစ်ပေါ်ခိုက်သာ နှလုံးအိမ်မှာ စိတ်ပြတ်သည်။ အာရုံထိခိုက်ရာဌာနမှာ စိတ်ဖြစ်ပေါ်သည်ဟူသောစကား၌ ခြေသန်း ဖျားကို ထိခိုက်လျှင် ထိမှုဒဏ်ချက်ကြောင့် ထိသော နေရာမှာ မီးပွင့်သကဲ့သို့ ဖြစ်ပေါ်၍ထိုနေရာမှာပင် မီးပွင့်ငယ် သေပျောက်သကဲ့သို့ ပျောက်ဆုံး၏။ ။ ထိုနေရာမှာ ပေါ်မည်ရှိလျှင် နှလုံးအိမ်မှာ ချုပ်ကွယ်၏။ ။ မချုပ်မကွယ်မသေမဆုံးဘဲနှင့် တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွေ့သည်ဟူ၍ကားမရှိ၊ ဓမ္မတာသည်သာတည်း။ ထို့ကြောင့် ပြင်ပအပေါ်ရေနှင့်တကွဦးနှောက်တွင်း, အဆုတ်တွင်း, အသည်းတွင်းစသော အတွင်းအပတစ်ကိုယ်လုံးမှာ တစ်နေ့အတွင်း, တစ်ရက်အတွင်း စိတ်နှင့်တကွသောနာမ်ဓာတ်စု ဖြစ်မှု ပျက်မှု လွတ်ကင်းရာ နေရာကိုရှာသော် အနုမြူမျှမရလတ္တံ့၊ တစ်နေ့အတွက် တစ်ကိုယ်လုံးမှာ အနုမြူမျှမလပ်ဘဲ အထပ်ထပ် အကုဋေမက စိတ်သင်္ချိုင်းကျမှု, ဖဿသင်္ချိုင်းကျမှု, ဝေဒနာသင်္ချိုင်းကျမှုကို သိအပ်သတည်း။ဤကား နာမ်၏ ခဏိကမရဏကို ပြဆိုသော အခန်းတည်း။ ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီး

------------

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ