သေခြင်း ၃မျိုး
မရဏ (သေခြင်း).....
(၂) သန္တတိမရဏ (အပိုင်း-၂)

+++++++++ မှန်ရိပ်ဥပမာ ********* မှန်မျက်နှာထိုထိုဝတ္ထု တိုက်ဆိုင်မိသောအခါ၌ မှန်အပြင်မှာ အရိပ်ပေါ်၏၊ မျက်နှာ လွဲပြန်လျှင် ထိုအရိပ် ကွယ်ပျောက်၏၊ တဖန် တိုက်ဆိုင်ပြန်လျှင် အရိပ် ပေါ်မြဲ ပေါ်ပြန်၏၊ မျက်နှာလွဲပြန်လျှင် အရိပ်ပျောက်မြဲ ပျောက်ပြန်၏၊ မှန်အပြင်နှင့် စက္ခုအကြည်တူ၏၊ အရိပ်နှင့် စက္ခုအကြည်မှာ ဖြစ်ပေါ် ကြသော နာမ်ဓာတ်စု တူ၏၊ ဖြစ်ပေါ်မှုကား နာမ်ဓာတ်စု၏ ဇာတိဓမ္မ တည်း၊ ချုပ်ပျောက်မှုကား နာမ်ဓာတ်စု၏ မရဏဓမ္မကြီးပေတည်း။ ။ ရေအကြည် စသည်တို့၌ပေါ်သော အရိပ်တို့နှင့်လည်း တူပါ၏၊ နေရောင်, မီးရောင်တို့၌ ပေါ်သောလူရိပ်, သစ်ရိပ်တို့နှင့်လည်း တူပါ၏၊ သစ်ပင်ရိပ် မှာ သစ်ပင်နှင့် အဆင်းသဏ္ဌာန်တူ၏၊ မြေအပြင်နှင့် စက္ခုအကြည် တူ၏၊ နေနှင့် ရှေးကံဟောင်း တူ၏၊ အရိပ်နှင့် စက္ခုအကြည်မှာ ပေါ်သောနာမ် ဓာတ်စု တူ၏။ မှန်ဘီလူးကြီး ဥပမာ ************** အန္ဓပုထုဇဉ် သတ္တဝါတို့သည် ရေ, မြေ, တော, တောင်, အိပ်ရာ, ကျောင်း, ကန်, နွား, ကျွဲ, ဆင်, မြင်း, လူ, ရှင်, ယောက်ျား, မိန်းမ, ဦးခေါင်း,ခြေ,လက်အစရှိသော ထိုထိုအဆင်းသဏ္ဌာန်ကို မြင်ကြသော အခါ သက္ကာယဒိဋ္ဌိအတိုင်း ဘယ်ဟာကို ငါမြင်သည်, ငါကြည့်သည်, ငါရှုသည်ဟု ဖြစ်ကြကုန်၏၊ အမြင်နာမ်ဓာတ်စု ဖြစ်ပေါ်မှုဟူ၍ မသိကြ ကုန်၊ ထိုဓာတ်စု၏ မြင်မှု,ကြည့်မှု, ရှုမှုဟူ၍မသိကြကုန်၊ တဖန်ကွယ်၍ သွားပြန်လျှင် ငါမမြင်ပြန်ပြီဟု သိကြကုန်၏၊ ထိုနာမ်ဓာတ်စုတို့၏ သေဆုံးမှု, ပျောက်ကွယ်မှု, အနိစ္စရောက်ကြသောအမှုဟု မသိကြကုန်။ အနာအို,အနာဟောင်းကြီးရှိကြရာ၌ ပကတိမျက်စိနှင့် မမြင်ကောင်း၊ မှန်ဘီလူးကြီး တပ်၍ကြည့်မှ သံသေဒဇ ပိုးငယ်တို့သည် အနာနှင့် အပြည့် ကျရောက်ဖြစ်ပေါ်လာရာ၌ ထထိုပိုးတို့၏ တိုက်မှု, စားမှုကြောင့် အနာ သည်ယားယံ၍လာ၏၊ အရည်စက်လည်း ယိုထွက်၍လာ၏။ အနာရှင်မူကား မှန်ဘီလူး မရှိသည်ဖြစ်၍ ပိုးကောင်ငယ်တွေကိုပင် ကိုယ့်အသွေး, ကိုယ့်အသားမှတ်၏၊ ပိုးကိုက်၍ယားယံသည်ကိုပင် အနာ ပျေက်၍ ယားယံသည်ဟု ဝမ်းမြောက်ဝမ်းသာရှိ၏၊ ပိုးတို့ကြောင့်ဖြစ်သောအရည်အစက် ယိုထွက်သည်ကိုလည်း အနာပျောက်လို၍ မန်းရည်ယိုသည်ဟု ဝမ်းမြောက်၏၊ ထိုအောကာင်းကိုသိသော ဆေးသမားဆရာကထိုသူ၏မျက်စိ၌ မှန်ဘီလူးကြီးတပ်၍ ပြသောအခါ၌ အနာထဲမှာ နဂါးတွေက နေသကဲ့သို့ လောက်လက် ဆူကြ တရွရွ နောကသော ပိုးငယ်တွေကို မြင်လေ၏၊ ထိုအခါမှ ကြက်သီးကြီး ထ၏၊ ကြောက်လှ၏၊ ယခုပင် အတွင်းသို့ အခေါင်းပေါက်အောင် စားကြလိမ့်မည်ထင်၏၊ မအိပ်ဝံ့မနေဝံ့ အနာရိပ်, ပိုးရိပ်ကိုသာ တကြည့်တည်း ကြည့်၏၊ ဆေးဆရာကို တွယ်တာ၏၊ သုတ်လိမ်းရန်ပေးသော ဆေးကို နည်းလှသည်ထင်၏၊ နှစ်ကြိန် သုံးကြိမ်းသုတ်လိမ်းရန်ပေးသောဆေးကို တစ်ကြိမ်းတည်း အကုန်လိမ်း၏၊ ဆေးဆရာက ဣရိယယာပထ မျှတရန် အိပ်ပါဟုဆိုသော် မအိပ်နိုင် မအိပ်ဝံ့ရှိ၏၊ အနာကိုကြည့်၍ဆေးသုတ်လိမ်းမှု၌သာ မနေ မနား အားထုတ်၏။ ဥပမာ ဥပမေယျ စပ်ဟပ်ပြချက် ၁။ အန္ဓပုထုဇဉ် အဖြစ်နှင့်နေသော သတ္တဝါစုသည် အနာသည်, ရောဂါသည်ကြီးနှင့်တူ၏။ ၂။ အနမတဂ္ဂ သံသရာ၌အစဉ်ဖြစ်၍လာခဲ့သော မျက်လုံးနှစ်ခု သည် အနာဟောင်းကြီးနှင့်တူ၏။ ၃။ ထိုထို အဆင်းသဏ္ဌာန်နှင့် တွေ့ကြုံမိတိုင်းစက္ခုအကြည်မှာ ဖြစ်ပေါ်လာသောစက္ခုဉာဏ် အမှူးရှိသော နာမ်ဓာတ်စုသည် ထိုအနာ ဟောင်းကြီးဖြစ်ပေါ်လာသော အလွန်သိမ်မွေ့စွာသော သံသေဒဇပိုး ငယ်နှင့်တူ၏။ ၄။ ဝိပဿနာသမ္မာဒိဋ္ဌိ ဉာဏ်မျက်စိ မရှိဘူးသေးသည်ဖြစ်၍ ထိုနာမ်ဓာတ်စုကို ဓာတ်အသီးအခြား, ဓမ္မအသီးအခြား, အာဂန္တုတရားစု, ပဋိစ္စသမုပ္ပါဒ်တရားစုဟူ၍သက်သက်မသိမမြင်သည့် အတွက်ထိုဓာတ် တို့ကိုငါပြု၍ ငါမြင်သည်ဟုဖြစ်၍ နေကြသော အန္တပုထုဇဉ်စု၏အမှုသည် အာဂန္တုက သံသေဒဇပိုးကောင်တွေကို ကိုယ်သွေး, ကိုယ့်သားဟု ဖြစ် သော အနာသည်နှင့်တူ၏။
 ကျေးဇူးတော်ရှင်လယ်တီဆရာတော်ကြီး
-------------
တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ