မရဏ (သေခြင်း) (အပိုင်း-၁)
+++++++++ 
(၁) ဘဝဆုံးမရဏ,
(၂) သန္တတိမရဏ,
(၃) ခဏိကမရဏ- ဟူ၍ သုံးပါး အပြားရှိ၏။
(၁) ဘဝဆုံးမရဏ အာယုက္ခယ-အသက်တမ်းကုန်၍ သေခြင်းတစ်ပါး၊ ကမ္မက္ခယ-ကံအစွမ်းကုန်၍ သေခြင်းတစ်ပါး၊ ဥဘယက္ခယ-အသက်တမ်း လည်းကုန်, ကံအစွမ်းလည်းကုန် နှစ်ပါးဆုံ၍ သေခြင်းတစ်ပါး၊ ဥပစ္ဆေဒက-အကုသိုလ်ကံတပါး အတင်းဖြတ်၍ သေခြင်းတပါး၊ ဤ ၄- ပါးသော သေခြင်းသည် ဘဝဆုံးမရဏ မည်၏။ (၂) သန္တတိမရဏ သန္တတိမရဏ သည် နာမ်သန္တတိမရဏ, ရုပ်သန္တတိမရဏ ဟူ၍ နှစ်ပါးရှိ၏။ ။ နာမ်သန္တတိမရဏဆိုသည်ကား-ဆိုက်ရောက်သော အခွင့်အားလျော်စွာ ဖြစ်ပေါ်လာကုန်သော နာမ်ဓာတ်တို့၏ ကွယ်ပျောက် ပျက်ဆုံးခြင်းတည်း၊ ထိုနာမ်သန္တတိမရဏသည် မျက်စိ၌ အမြင်ဓာတ်စု၏ သေဆုံးခြင်း, နား၌ အကြားဓာတ်စု၏ သေဆုံးခြင်း, နှာခေါင်း၌ အနံ့ ဓာတ်စု၏ သေဆုံးခြင်း, လျှာ၌ အရသာကို သိသော ဓာတ်စု၏ သေဆုံး ခြင်း,တကိုယ်လုံး၌ အတွေ့အထိကိုသိသော ဓာတ်စု၏ သေဆုံးခြင်း, နှလုံးအိမ်တွင်း၌ အကြံအဖန် ဓာတ်စု၏ သေဆုံးခြင်းဟူ၍ ခြောက်ပါး အပြားရှိ၏။ ဖဿခြောက်ပါး၏ သေခြင်း, ဝေဒနာ ခြောက်ပါး၏ သေခြင်း, သညာခြောက်ပါး၏ သေခြင်း, စေတနာ ခြောက်ပါး၏ သေခြင်း, ဝိတက်ခြောက်ပါး၏ သေခြင်း, ဝိစာရခြောက်ပါး၏ သေခြင်း, ဝီရိယ၏ သေခြင်း, ပီတိ၏ သေခြင်း, ဆန္ဒ၏ သေခြင်း, လောဘ၏ သေခြင်း, ဒေါသ၏ သေခြင်း, မောဟ၏ သေခြင်း, မာန၏ သေခြင်း, ဒိဋ္ဌိ၏ သေခြင်း, ဣဿာ၏ သေခြင်း, မစ္ဆေရ၏ သေခြင်း, သဒ္ဓါ၏ သေခြင်း, သတိ၏ သေခြင်း, ဟိရီသြတ္တပ္ပ၏ သေခြင်း, အလောဘ၏ သေခြင်း, အဒေါသ၏ သေခြင်း, အမောဟခေါ်သော ပညာ၏ သေခြင်း, ကရုဏာ၏ သေခြင်း, မုဒိတာ၏ သေခြင်း, ဒါနကုသိုလ်စိတ်၏ သေခြင်း, သီလကုသိုလ်စိတ်၏ သေခြင်း, ဘာဝနာကုသိုလ်စိတ်၏ သေခြင်း, ကာယကံ၏ သေခြင်း, ဝစီကံ၏ သေခြင်း, မနောကံ၏ သေခြင်း အစရှိ သည်ဖြင့် နာမ်၏ သေခြင်းသည် များသော အပြားရှိ၏။ “သေခြင်း”ဆိုသည်ကား-မီးပြင်းထိုး၍ တစုံတခုကို ကျိုချက်သော အခါ ရေပွက်တို့သည် မီး၏ အဟုန်ကြောင့် ဆူဆူတက်၍ ထကုန်၏၊ မီးကို ငြိမ်း၍ ထားသောအခါ ထိုရေပွက်တို့သည် ကွယ်ပျောက်ပျက်ဆုံး၍ ကုန်၏၊ ရေပကတိတိုင်း ရှိ၏၊ တဖန် မီးထိုးပြန်လျှင် ဆူပွက်မြဲ ဆူပွက် ပြန်၏၊ မီးငြိမ်းပြန်လျှင် အပွက်အကုန် သေမြဲ သေပြန်၏၊ မီးတောက် ပြန်လျှင် ပွက်မြဲပွက်ပြန်၏၊ မီးမရှိပြန်လျှင် အပွက်သေမြဲ သေပြန်၏၊ ဤဥပမာ၌ အပွက်သေသည် ဟူသကဲ့သို့ ထိုထိုဓာတ်၏ သေခြင်းတည်း။ လောဘအာရုံ၌ ကြုံတွေ့သောအခါ နှလုံးထဲမှာ လောဘဓာတ် ပွက်ပွက် ဆူ ဖြစ်ပေါ်၍လာ၏၊ ထိုအာရုံနှင့် လွဲပြန်လျှင် ထိုလောဘဓာတ် သေပြန် ၏၊ အကုန်လုံး ကွယ်ပျက် ပျောက်ဆုံးပြန်၏၊ တဖန် ထိုအာရုံနှင့် တွေ့ဆုံ ပြန်လျှင် လောဘဓာတ် ပွက်ပွက်ဆူဖြစ်ပေါ်ပြန်၏၊ အာရုံနှင့် လွဲပြန်လျှင် သေပျောက်မြဲ သေပျောက်ပြန်၏၊ ဤသို့ ဓာတ်သေသည်ကို “မရဏ” ဟုဆိုသတည်း။ မျက်စိနှင့် ထိုထိုအဆင်းသဏ္ဌာန် တွေ့ထိ၍ နေဆဲအခါ၌ စက္ခု အကြည်ပေါ်မှာ စက္ခုဝိညာဏ်နှင့်တကွ နာမ်အမြင်ဓာတ်စု ပွက်ပွက်ဆူ ဖြစ်ပေါ်၍နေ၏၊ ဤကား နာမ်၏ သန္တတိဇာတိဓမ္မတည်း။ ။ ထိုအဆင်း သဏ္ဌာန်နှင့် မျက်နှာလွဲပြန်လျှင် ဝိညာဏ်နှင့်တကွ ထိုနာမ်ဓာတ်စု အကုန် သေ၏၊ ပျောက်ပျက်ကွယ်ဆုံး၏၊ ဤကား-နာမ်၏ သန္တတိမရဏဓမ္မ ကြီးတည်း။ - ရေကို ကျိုချက်ရာ၌ ရေနှင့် စက္ခုအကြည်သည် တူ၏၊ - မီးတောက်နှင့် ထိုထိုအဆင်းသဏ္ဌာန်စုသည် တူ၏၊ - မီးတောက်၏ အဟုန်ကြောင့် ရေအပြင်မှာ ရေပွက်ငယ်တွေ ဆူဆူတက် ပွက်ပေါ်သည်နှင့် ထိုထိုအဆင်းသဏ္ဌာန် အရိပ်ခိုက်မှု, ထင်မှုကြောင့် စက္ခုအကြည်ပေါ်မှ စက္ခု ဝိညာဏ်စသော နာမ်ဓာတ်စု ဆူဆူတက် ဖြစ်ပေါ်မှု တူ၏၊ - မီးငြိမ်းလျှင် ရပွက်ငယ်တွေ အကုန်ပျောက်ဆုံးသည်နှင့် ထိုထိုအဆင်း သဏ္ဌာန်ရိပ်စု ခိုက်မှု ထင်မှု မရှိပြန်လျှင် စက္ခုဝိညာဏဓာတ်နှင့်တကွသော ထိုနာမ်ဓာတ်စု သေဆုံး ကွယ်ပျောက်မှုသည် တူ၏။ ကျေးဇူးတော်ရှင်လယ်တီဆရာတော်ဘုရားကြီး


------------------

တစ်နေ့နေ့တစ်ချိန်ချိန် ကျွန်တော်လူ့လောကကြီးကနေထွက်ခွာသွားတဲ့အခါ ကျွန်တော်မှတ်သားထားတဲ့ တရားဓမ္မ တွေ အသိပညာတွေဆက်လက်ရှင်သန်ပြီးလူ့လောကအတွက် အကျိုးဖြစ်ထွန်းစေချင်ပါတယ် စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ