Unicode
အသံရှိသော
ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး အသာဆုံး ဧတဒဂ်ဘွဲ့ရ အရှင်လကုဏ္ဍကဘဒ္ဒိယ


အရှင်လကုဏ္ဍကဘဒ္ဒိယသည် ဘုရားရှင်
သာသနာတော်ဝယ် သာယာချိုမြိန်သော အသံရှိသော
ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး အသာဆုံး ဧတဒဂ်ဘွဲ့ကို
ရရှိသော မထေရ်တစ်ပါး ဖြစ်ခဲ့သည်။

ထိုအရှင်သည် သာယာချိုမြိန်သော အသံရှိသော
အရာတွင် ဧတဒဂ်ဘွဲ့ရရှိခဲ့သော်လည်း
ရုပ်ရည်ရူပကာယတော်ကား အလွန်အကြည့်ရဆိုးသည်။
အလွန် ပုကွေးသေးငယ်သည်။
ကိုရင်ငယ်ကလေးဟု ထင်ရ၍ ပုထုဇဉ်ရဟန်းအချို့၏
ပြက်ရယ်လှောင်ပြောင်မှုကို အမြဲ ခံရလေသည်။

▬▬▬▬▬▬▬▬▬▬▬▬▬▬
“အတိတ်မကောင်းမှုကံ”
▬▬▬▬▬▬▬▬▬▬▬▬▬▬
ကဿပဘုရားရှင် ပရိနိဗ္ဗာန်စံဝင်ပြီးနောက်
သရီရိကဓာတ်တော်များကို ဌာပနာ၍ စေတီကြီးတစ်ဆူ
တည်ထားကိုးကွယ်ရန် စည်းဝေးတိုင်ပင်ကြသည့်
အချိန်အခါကာလ ဖြစ်လေသည်။

“အဘယ်ပမာဏရှိသော စေတီကြီးကို
တည်ဆောက်ကြမည်နည်း” ဟုညှိနှိုင်းတိုင်ပင်ကြရာ
အချို့က ခြောက်ယူဇနာခန့်တည်မည်။
အချို့က ငါးယူဇနာခန့်တည်မည်။
အချို့က လေးယူဇနာခန့်တည်မည်
စသည်ဖြင့် အသီးသီး အကြံပြုကြလေသည်။

ထိုအထဲတွင် အရှင်လကုဏ္ဍကဘဒ္ဒိယမထေရ်လောင်း
လက်သမားဆရာကြီးသည် ထိုအစည်းအဝေး၌
အဓိကပုဂ္ဂိုလ်အဖြစ် ပါဝင်လေသည်။

“အို-အချင်းတို့...လာကြကုန်လော့။
မည်သူက မည်သို့ပင် အကြံပြုပါစေ။
နောင်အခါဝယ် ပြုပြင်ရန် လွယ်ကူသော
စေတီကို တည်ဆောက်မှ သင့်တော်ပါမည်။”

ဟု အဆုံးအဖြတ်စကားကို ပြောကြား၍ တင်ပြ
အကြံပြုသူများ၏ အတိုင်းပမာဏထက်
သေးငယ်သော တစ်မျက်နှာလျှင် တစ်ဂါဝုတ်၊
လေးမျက်နှာ လေးဂါဝုတ် (အကျယ်တစ်ယူဇနာ)
အမြင့်တစ်ယူဇနာရှိသော စေတီကိုသာ
တည်ထားလေသည်။

လက်သမားဆရာကြီးသည်
အတုမရှိ၊ မနှိုင်းယှဉ်နိုင်သော
ဉာဏ်တော်ရှင် ဘုရားရှင်၏ သရီရကစေတီ
တည်ထားရာ၌ သူတစ်ပါး တင်ပြ အကြံပြုသည်ထက်
နိမ့်လွန်းသော အတိုင်းပမာဏကိုပြုလုပ်၍
တည်ထားရန် ပြုလုပ်ပြောဆိုသော ကံကြောင့်
ဖြစ်လေရာဘဝတိုင်းဝယ် အခြားသူများအောက်
ပုကွ ယုတ်နိမ့်သော ခန္ဓာကိုယ်ရှိသူ ဖြစ်ခဲ့ရသည်။

ကံဝဋ်ကြွေးဟူသည် အကုသိုလ်ပြုမှ မဟုတ်။
ကုသိုလ်ပြုသော်လည်း မိမိ၏စိတ်စေတနာများအတိုင်း
ထိုစေတနာ၏ အကျိုးဝိပါကဝဋ်သည် မိမိထံသို့
လိုက်ပါသည်ကို သိရပါမည်။

ထို့ကြောင့် ကုသိုလ်ကောင်းမှုပြုလုပ်ရာ၌လည်း
သူတစ်ပါးထက် စေတနာမြင့်မြတ်ထူးကဲပါက
အကျိုးပေး ပိုမိုကြီးကျယ်သလို စေတနာလျော့မိ၊
ယုတ်မိပါကလည်း နိမ့်ကျစွာ အကျိုးပေးသည်ကို
သတိပြု ဆင်ခြင်ရပါမည်။