လူများစုဟာ သာမန်အားဖြင့် အလိုလိုနေရင်း စိတ်ဓါတ်ကျ စိတ်အားငယ်လေ့မရှိကြပါဘူး။ အခြေအနေတစ်ခုကြောင့်သာ စိတ်ဓါတ်ကျ စိတ်အားငယ်လေ့ရှိကြပြီး တချို့က နာလန် ထမှုမြန်ဆန်တတ်ပေမဲ့ တချို့က နလန်ထမှုနှေးတတ်ကြပါတယ်။ တချို့ကတော့ စိတ်ဓါတ်ကျစိတ်အားငယ်မှုရဲ့ အပြတ်အသတ်အနိုင်ယူခြင်းကိုခံလိုက်ရပြီး ထာဝရ လက်မြှောက် အရှုံးပေးကာ ကမ္ဘာလောကထဲကနေ အပြီးအပိုင်ထွက်ခွာသွားတဲ့အထိ ဖြစ်တတ်ကြပါတယ်။ နေထိုင်မကောင်းဖြစ်ချိန်၊ အလုပ်အကိုင်အဆင်မပြေချိန်၊ မိသားစုပြဿနာ၊ အချစ်ရေး အိမ်ထောင်ရေးပြဿနာတွေ ဖြစ်တဲ့အချိန်တွေမှာ စိတ်ဓါတ်ကျတတ်ပြီး အဲလိုပြဿနာတွေစုပေါင်းပြီးဖြစ်တဲ့အချိန်တွေဆို စိတ်ဓါတ်ကျစိတ်အားငယ်ခြင်းက ပိုဆိုးတတ်ပါတယ်။ တစ်ခါတလေမှာ ကိုယ့်ရဲ့မိတ်ဆွေတချို့ အကြီးအကျယ်အောင်မြင်တာကို မြင်တွေ့ပြီး မိမိနဲ့ နှိုင်းယှဉ်မိကာ စိတ်ဓါတ်ကျခြင်းလည်းဖြစ်တတ်ပါတယ်။

စိတ်ဓါတ်ကျစိတ်အားငယ်ခြင်းဟာ ခန္ဓာကိုယ်အားနည်းမှုတစ်ခုလိုပဲ စိတ်ခွန်အားတွေ ကျဆင်းခြင်း၊ စိတ်အင်အားတွေ ချို့တဲ့အားနည်းခြင်းဖြစ်တဲ့အတွက် ပြန်လည် အားဖြည့်ပေးခြင်းဖြင့် ကုသပျောက်ကင်းနိုင်ပါတယ်။ ရောဂါပြင်းထန်သူတွေအတွက် စိတ်ရောဂါအထူးကုနဲ့တွေ့ဆုံဖို့လိုအပ်ပေမဲ့ သာမန်စိတ်ဓါတ်ကျ အားငယ်သူတွေ အနေနဲ့ အောက်ပါအချက်တွေကို ပြုလုပ်ခြင်းဖြင့် စိတ်အင်အားပြန်လည်ပြည့်ဖြိုးစေပြီး စိတ်ဓါတ်ကျစိတ်အားငယ်မှုကို တွန်းလှန်တိုက်ခိုက်သွားနိုင်ပါလိမ့်မယ်။

(၁) မိမိမှာရှိတဲ့ ကောင်းတဲ့အချက်တွေကို ချရေးပါ

စိတ်ဓါတ်ကျ စိတ်အားငယ်ချိန်မှာ လူများစုဟာ ကိုယ့်ရဲ့အားနည်းချက်တွေ၊ မအောင်မြင်မှုတွေကို ထပ်တလဲလဲတွေးမိနေလေ့ရှိပါတယ်။ ဒါကြောင့်လည်း စိတ်ဓါတ်ကျ စိတ်အားငယ်မှု ပိုမိုပြင်းထန်လာတတ်ပါတယ်။ကိုယ့်ကိုယ်ကိုယ်သတ်သေတဲ့အထိစိတ်ဓါတ်ကျရောဂါခံစားနေရသူတွေဟာ တကယ်တမ်းအဆိုးဝါးဆုံးအခြေအနေကို ရင်ဆိုင်ခဲ့ရတာ ဟုတ်ချင်မှဟုတ်မှာပါ။ ဒီလိုသာဆို ကိုယ်လက်အင်္ဂါမပြည့်စုံသူတွေ၊ ရောဂါဘယဖိစီးမှုကြောင့်ဆေးရုံမှာ ကာလရှည်နေနေရသူတွေ ဘယ်မှာရှိတော့မှာလဲ။ ဒါဟာ တွေးတောစရာကောင်းတဲ့အချက်ပဲ မဟုတ်ပါလား။ မိမိမှာရှိတဲ့ ကောင်းတဲ့အချက်တွေကို ချရေးပြီး ပြန်လည်ဖတ်ကြည့်ရင်း စိတ်ခွန်အားပြန်ပြည့်လာတာ အံ့သြဖွယ်တွေ့ရှိရပါလိမ့်မယ်။ ဥပမာ - "ငါဟာ အသားဖြူတယ်၊ ငါဟာ အရပ်ရှည်ပြီး ခန့်ညားတယ်၊ ငါဟာ ဟာသဉာဏ်ရှိတယ်" စသဖြင့်ချရေးပါ။ မရှက်ပါနဲ့။ မိမိကိုယ်ကိုသဘောကျနှစ်သက်မိတာဟာ ရှက်စရာမဟုတ်ပါ။ ချီးမွမ်းဂုဏ်ယူဖွယ်ရာသာဖြစ်ပါတယ်။

(၂) မိမိမှာရှိတဲ့ အရည်အချင်းတွေကို ချရေးပါ

လူတိုင်းမှာ အရည်အချင်းကိုယ်စီရှိကြပါတယ်။ သူများနဲ့မတူပေမဲ့ ကိုယ့်မှာလည်း ကောင်းမွန်တဲ့ အသုံးဝင်တဲ့အရည်အချင်းတော့ရှိတတ်ကြတာပါပဲ။ ကိုယ့်ကိုယ်ကို အမှန်အတိုင်းရှုမြင်ပြီး ကိုယ့်ရဲ့ အရည်အချင်းတွေကို တစ်ခုချင်းချရေးပါ။ တခြားသူတွေအနေနဲ့အရေးမပါတဲ့အရည်အချင်းမျိုးဖြစ်နေမှာပဲ ဆိုပြီး ချန်ထားခဲ့တာမျိုး မလုပ်ပါနဲ့။ ကောင်းမွန်တဲ့အရည်အချင်းတိုင်းဟာ တချိန်ချိန်မှာ အသုံးဝင်တာချည်းပါပဲ။ ဥပမာ - "ငါဟာ ဘွဲ့ရပြီးသား၊ ငါ ရေကူးတတ်တယ်၊ ငါ့မှာ ဘာသာစကားကျွမ်းကျင်မှုရှိတယ်" စတဲ့အချက်တွေကို ကိုယ့်စိတ်ထဲစဉ်းစားမိသလောက်ချရေးလိုက်ပါ။

(၃) မိမိဘေးပတ်ဝန်းကျင်ရှိ မိမိကိုချစ်တဲ့သူတွေ စေတနာထားတဲ့သူတွေကို ချရေးပါ

ကိုယ့်မိဘ၊ ကိုယ့်ချစ်သူ၊ ကိုယ့်မိတ်ဆွေ၊ အပြန်အလှန်ကျေးဇူးပြုဖူးသူ၊ ကိုယ့်အပေါ်ချစ်ခင်သူ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ကျောင်းနေဖက်သူငယ်ချင်းတွေထဲက ကိုယ်နဲ့ရင်းနှီးချစ်ခင်သူ၊ အွန်လိုင်းဖေ့စ်ဘုတ်ပေါ်မှ ခင်မင်ရင်းနှီးသူ စတာတွေကိုပါ မချွင်းမချန်ချရေးပါ။ ကိုယ့်မှာ မိတ်ဆွေသူငယ်ချင်းတွေ ပေါများပြီး ပျော်စရာဘဝတစ်ခုကို ပိုင်ဆိုင်ထားကြောင်းတွေ့ရ မှာဖြစ်ပါတယ်။

(၄) မိမိရဲ့ အလုပ်ခွင်မှာ စွမ်းဆောင်နိုင်မှုတွေကို ချရေးပါ

အလုပ်အကိုင်အဆင်မပြေလို့ စိတ်ဓါတ်ကျနေသူတွေအတွက် သင့်တော်တဲ့နည်းလမ်းလေးဖြစ်ပါတယ်။ အလုပ်အကိုင်ရှာဖွေရခက်ခဲနေချိန်ပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာလုပ်တိုင်း အဆင်မပြေ ချီးကျူးမခံရ ဆူကြိမ်းခံနေရလို့ပဲဖြစ်ဖြစ် မိမိဟာ အလုပ်မှာ အလွန်ညံ့ဖျင်းတယ်လို့ ထင်မြင်မိစေပါတယ်။ တကယ်တော့ အရင်အလုပ်တွေမှာရော အခုအလုပ်မှာပါ ကိုယ်စွမ်းဆောင်ခဲ့တာ ရှိကိုရှိခဲ့မှာပါ။ ဒါကို သေချာပြန်စဉ်းစားပြီး ချရေးပါ။ အသေးမွှားဆုံးစွမ်းဆောင်ချက်ဟာလည်း အရေးပါကြောင်း အသိအမှတ်ပြုပြီး သေသေချာချာ စာရင်းပြုစုပါ။ ဥပမာ - "ငါအမြဲအလုပ်ကို စောစောရောက်တယ်၊ ငါ့အရင်အလုပ်မှာ ရောင်းအားတက်အောင်လုပ်နိုင်တဲ့အဖွဲ့ထဲ ငါပါဝင်ခဲ့တယ်" စသဖြင့်ချရေးသင့်ပါတယ်။

(၅) မိမိလုပ်ခဲ့တဲ့ ကောင်းတဲ့အလုပ်တွေကို ချရေးပါ

ငါဟာ မိသားစုအတွက် လစဉ်ငွေထောက်ပံ့ခဲ့တာပဲ၊ မထောက်ပံ့နိုင်တဲ့ယာယီကာလတစ်ခုအတွက် စိတ်ဓါတ်မကျသင့်ဘူး၊ ငါအရင်ကပရဟိတတွေမှာ တတပ်တအား ပါဝင်ပြီး ငွေအားလူအားနဲ့ ကောင်းမှုပြုခဲ့တာပဲ အစရှိသည်ဖြင့် မိမိလုပ်ခဲ့တဲ့ကောင်းတဲ့အလုပ်တွေကို ချရေးပါ။

(၆) မိမိရဲ့အနာဂတ်ပန်းတိုင်အတွက် လျှောက်လှမ်းထားသမျှကို ချရေးပါ

ရည်မှန်းချက်ကြီးကြီးထားပြီး ကြိုးစားနေရင်း စိတ်ဓါတ်ကျစရာရှုံးနိမ့်မှုတွေ ကြုံတွေ့လာရတဲ့အခါ လက်လျှော့ချင်စိတ်တွေဖြစ်ပေါ်ပြီး မိမိဘဝအဆုံးသတ်တော့မလိုလို ခံစားမိတတ် ပါတယ်။ မိမိလျှောက်လှမ်းခဲ့သမျှ ဘဝခရီးလမ်း၊ မိမိလုပ်ခဲ့သမျှ အလုပ်တွေအားလုံးကို ပြန်လည်စဉ်းစားကြည့်ပါ။ အောင်မြင်ခဲ့တာရှိသလို ကျရှုံးခဲ့တာလည်း ရှိတာပါပဲ။ အနာဂတ် ပန်းတိုင်အတွက် အခုအချိန်မှာ စိတ်အားငယ်စရာကြုံတွေ့နေပေမဲ့ ဆက်လျှောက်နေမှသာ ပန်းတိုင်ကိုရောက်မှာဖြစ်ကြောင်း၊ အရင့်အရင်ကာလတွေမှာလည်း ဒီလိုစိတ်ဓါတ် ကျစရာတွေကြုံခဲ့ပေမဲ့ ဆက်လျှောက်ခဲ့လို့သာ ဒီအခြေအနေထိရောက်ရှိလာတာဖြစ်ကြောင်း သတိပြုမိပြီး စိတ်အားတက်လာပါလိမ့်မယ်။

(၇) ချရေးထားသမျှပြန်ဖတ်ပြီး အားမွေးပါ

အထက်ပါအကြောင်းအရာတွေအားလုံးကို စိတ်ရှည်လက်ရှည်ချရေးပါ။ စိတ်ဓါတ်ကျနေသူအဖို့ တခါတလေမှာ ဒီလိုချရေးဖို့တောင် ငြီးငွေ့ဖွယ်ကောင်းနေလောက်ပေ မဲ့ ရေးရင်းရေးရင်း စိတ်လက်ပေါ့ပါးကြည်လင်လာပါလိမ့်မယ်။ ဒါဆိုရင်တော့ ရေမိုးချိုးအဝတ်အစားလဲ၊ အပြင်ထွက်ပါ။ ငွေကြေးအဆင်ပြေရင် ဈေးဝယ်ထွက်ပြီး ကိုယ်ကြိုက်တဲ့ အဝတ်အစားနည်းနည်းဝယ်ပါ။ အများကြီးငွေကုန်ခံပြီးမှ ပြန်ပြီးစိတ်ညစ်ရတာမျိုးလည်း မဖြစ်ပါစေနဲ့။ တကယ်လို့ ပရဟိတအသင်းတစ်ခုခုထဲမှာ ပါဝင်ထားခဲ့ရင် အခုချိန်ဟာ ပရဟိတအသင်းနဲ့အတူ ကောင်းမှုကုသိုလ်တွေလုပ်ဖို့ အကောင်းဆုံးအချိန်ပါပဲ။ မိမိထက် ချို့တဲ့နွမ်းပါးသူတွေကို စိတ်ပါလက်ပါကူညီပေးခြင်းဖြင့် ပီတိကိုလည်း ခံစားမိစေပြီး စိတ်အားငယ်စရာကြုံတွေ့ရသူမှာ မိမိတစ်ဦးတည်းမဟုတ်ကြောင်း သံဝေဂရစေမှာဖြစ်ပါတယ်။