လုံ့လဝီရိယကြီးခြင်းအရာတွင် ဧတဒဂ်ဘွဲ့ရအရှင်သောဏကောဠိဝိသမထေရ်မြတ်

Unicode
ရှေးဆုတောင်း ´
*************
အရှင်သောဏ ကောဠိဝိသမထေရ်မြတ်လောင်း ဖြစ်သော သီရိဝဍ္ဎ
သူဋ္ဌေးသားသည် ပဒုမုတ္တရမြတ်စွာဘုရား ကျောင်းတော်သို့ သွား၍ တရားနာယူစဉ်၊ မြတ်စွာဘုရားက ရဟန်းတော်တပါးအား
အာရဒ္ဓဝီရိယ = အပြင်းအထန် ကြိုးကုတ်အားထုတ်ကြသော ရဟန်း
တို့တွင် အသာဆုံး အမြတ်ဆုံး ဧတဒဂ် ထားတော်မူသည်ကို တွေ့မြင်
အားကျသဖြင့် ၇ ရက်ပတ်လုံး မဟာဒါနအလှူကြီး ပေးပြီးနောက် နောင်ဘုရားတစ်ဆူဆူ၏ သာသနာတော်တွင် ထိုရဟန်းကဲ့သို့ လုံ့လဝီရိယကြီးသော အရာ၌ ဧတဒဂ် ရရှိရပါလို၏ဟု မြတ်စွာဘုရား
ထံ ဆုတောင်း ဗျာဒိတ်ခံခဲ့၏။

` နောက်ဆုံးဘဝ ´
**************
ဂေါတမမြတ်စွာဘုရား သာသနာတော်၌ ကာဠစမ္ပပြည်တွင် ဥသဘ
သူဋ္ဌေး၏ သားဖြစ်လျက် သောဏသတို့သားဟု မှည့်ခေါ်၏။ ကောဠိဝိသ အနွယ် ဖြစ်သောကြောင့် အမည်ရင်းနှင့် အနွယ်ကိုစပ်
လျက် ` သောဏကောဠိဝိသ ´ဟု အမည်တွင်သည်။ ရှေးဆုတောင်း
ကြောင့် ရွှေနီရောင်အဆင်းကဲ့သို့ လှပသောအဆင်းရှိ၏။
လက်ဖဝါး ခြေဖဝါးတို့သည် နီထွေးလျက် ဝါဂွမ်းပမာ နူးညံ့လှ၏။ ကြီးစွာသောစည်းစိမ်းချမ်းသာကို နတ်သားပမာ ခံစားသုံးဆောင်နေရ၏။ မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်၌ သီတင်းသုံနေတော်မူစဉ် မာဂဓ
တိုင်းရှင်ဘုရင် ဗိမ္မိသာရမင်းကြီးသည် သောဏသူဋ္ဌေးသားကို ဆင့်ခေါ်လျက် ရွာသူကြီးပေါင်း ရှစ်သောင်းတို့နှင့်အတူ မြတ်စွာဘုရား
ထံတော်သို့ စေလွှတ်ကာ တရားနာယူစေ၏။
သောဏသူဋ္ဌေးသားသည် မြတ်စွာဘုရား၏ တရားဒေသနာတော်ကို နာယူပြီးနောက် သဒ္ဓါတရား ကြီးစွာဖြစ်သဖြင့် မိဘနှစ်ပါးထံမှ ခွင့်ပန်ပြီးလျှင် ဘုရားရှင်ထံမှောက်တွင် ရဟန်းတော်တစ်ပါး၏ အထံ၌ ရှင်ရဟန်းပြုလေသည်။
ရှင်ရဟန်းအဖြစ်ကို ရပြီးနောက် သောဏမထေရ်သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းတရား နာကြားပြီးလျှင် လူသူမရောက်သော သီတဝန တောအုပ် သုဿာန်သို့ သွား၍ ရဟန်း တရားအားထုတ်၏။ လဲလျောင်းခြင်း ၊ ထိုင်ခြင်းမပြုဘဲ ရပ်ခြင်း စင်္ကြံသွားခြင်း ဣရိယာပုဒ် နှစ်ပါးဖြင့်သာ မနေမနား အပြင်းအထန် အားထုတ်တော်မူရာ နူးညံ့လှ
သော ခြေဖဝါး၊ ဒူးခေါင်း၊ တံတောင်ဆစ်တို့သည် ဖူးရောင်ပေါက်ကွဲ
လျက် စင်္ကြံတစ်ခုလုံး သွေးခြင်းခြင်းနီ၍ နေ၏။
ဤကဲ့သို့ ဝီရိယကြီးစွာဖြင့် ပြင်းထန်စွာ အားထုတ်သော်လည်း ကမ္မဋ္ဌာန်း
နိမိတ် အရိပ်အရောင် မျှပင် မရသဖြင့် စိတ်ပျက်အားလျှော့ကာ လူ့ဘောင်သို့ ပြန်ဝင်အံ့ဟု ကြံစည်စိတ်ကူးမိ၏။
ဤအကြံကို သိမြင်တော်မူသော မြတ်စွာဘုရားသည် ရဟန်းအပေါင်း ခြံရံလျက် သောဏမထေရ်ရှိရာ အရပ်သို့ ကြွရောက်နော်မူပြီးလျှင် စောင်းကြိုးညှိသည့် ဥပမာဖြင့် မလျှော့မတင်း အားထုတ်ရန် သြဝါဒတရား ပြသဟောကြားတော်မူသည်။ မြတ်စွာဘုရား၏ အဆုံးအမ သြဝါဒအတိုင်း ဆက်လက်၍ အားထုတ်ရာ သောဏမထေရ်သည် မကြာမြင့်မီကာလအတွင်း အရဟတ္တဖိုလ်၌ တည်တော်မူလေသည်။
မြတ်စွာဘုရားသည် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး အပ်နှင်းသော
သဘင်၌ ဤအရှင် သောဏကောဠိဝိသ မထေရ်အား …
` အာရဒ္ဓဝီရိယ = ထက်သန်သော လုံ့လဝီရိယ ရှိကြသော ရဟန်း
သာဝက အပေါင်းတို့တွင် သောဏရဟန်းသည် အသာဆုံး
အမြတ်ဆုံး ဖြစ်ပေ၏ ´
… ဟု ဧတဒဂ်အရာ၌ ထားတော်မူလေသည်။
- မင်းကွန်းဆရာတော်ဘုရားကြီးရေးသားပူဇော်ထားသော
` မြတ်ဗုဒ္ဓ၏ ဧတဒဂ်ဘွဲ့ရ ပုဂ္ဂိုလ်မြတ်များ စာအုပ်

Zawgyi